စီးပွားရေးလုပ်ကြတဲ့အခါ ငွေအားလူအားကို တစ်ဦးတစ်ယောက်တည်းက စိုက်ထုတ်ဦးဆောင်ပြီး လုပ်တတ်တာတွေရှိသလို နှစ်ယောက်သုံးယောက်ပေါင်းပြီး စပ်တူ လုပ်တတ်ကြတာတွေလည်း ရှိပါတယ်။
လုပ်ငန်းတစ်ခုကို စပ်တူလုပ်တဲ့အခါ ကြိုတင် ဆွေးနွေး ဆောင်ရွက်သင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) #စပ်တူပါဝင်ပုံအကျဉ်းချုပ်
လုပ်ငန်းရဲ့အမည်၊ တည်နေရာ၊ လုပ်မယ့် စီးပွားရေးလုပ်ငန်း၊ စပ်တူ ရှယ်ယာရှင်တစ်ယောက်ချင်းစီရဲ့ ငွေနဲ့ အခြား တန်ဖိုးရှိတဲ့အရာ (စက်ပစ္စည်း၊ ယာဉ်၊ မြေ၊ ဆိုင်ခန်း၊ အတတ်ပညာ၊ လုပ်အား စသဖြင့်) ပူးပေါင်းထည့်ဝင်မှု ပမာဏကို သေချာ ဆုံးဖြတ် ဆွေးနွေးရပါမယ်။ စီးပွားရေး ပန္နက် (Business Plan) မဆွဲရသေးရင် အရင်ဆွဲပါ။
- စီးပွားရေး ပန္နက် (Business Plan) (၁) https://www.facebook.com/fireflypsk/posts/128536568484627
- စီးပွားရေး ပန္နက် (Business Plan) (၂) https://www.facebook.com/fireflypsk/posts/128821408456143
(၂) #အကျိုးအမြတ်ခံစားခွင့်
အကျိုးအမြတ်ရလာတဲ့အခါ ဘယ်သူက ရာခိုင်နှုန်းဘယ်လောက် ခံစားခွင့်ရမယ်ဆိုတာကို ဆုံးဖြတ်ရပါမယ်။ အကျိုးအမြတ်ရဲ့ ရာခိုင်နှုန်းဘယ်လောက်ကို လုပ်ငန်းထဲပြန်ထည့်မယ်၊ ကျန်တဲ့အကျိုးအမြတ်ကို တစ်နှစ်မှာ ဘယ်နှစ်ကြိမ် (တစ်လတစ်ခါ၊ သုံးလတစ်ခါ၊ ခြောက်လတစ်ခါ၊ တစ်နှစ်တစ်ခါ စသဖြင့်) ခွဲဝေပေးမယ်ဆိုတာကို ကြိုတင် ဆွေးနွေးထားရပါမယ်။
အရှုံးပေါ်နေဆဲကာလ ငွေရင်း ထပ်ထည့်ဖို့လိုရင် ဘယ်သူက ငွေစိုက်ထုတ်ပေးမလဲ၊ အချိုးကျစိုက်ထုတ်ပေးမှာလား၊ ဒါမှမဟုတ်ပဲ တစ်ယောက်တည်းက စိုက်ထုတ်ပေးရမှာဆိုရင် ဒီလို ငွေစိုက်ထုတ်တဲ့အခါ အကျိုးအမြတ်ခံစားခွင့်နဲ့ လုပ်ငန်းပိုင်ဆိုင်ခွင့် ရာခိုင်နှုန်း ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို ကြိုတင် ဆွေးနွေးထားရပါမယ်။
အပြင်ကနေ ငွေချေးရတယ်ဆိုရင် အဲဒီအကြွေးကို ဘယ်သူက ရာခိုင်နှုန်းဘယ်လောက် အကြွေးတင်နေတယ်ဆိုတာကိုလည်း ကြိုတင်သဘောတူထားရမှာပါ။
(၃) #အစုစပ်တွေရဲ့တာဝန်နဲ့ဝတ္တရား
အစုစပ်တွေရဲ့ ရာထူးနဲ့ နေ့စဥ် လစဥ် တာဝန်ဝတ္တရားတွေကို ကြိုတင် ဆွေးနွေးရမှာဖြစ်ပြီး တာဝန်မကျေရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေ (ဥပမာ အစုစပ်လုပ်ငန်းကနေ ထုတ်ပယ်ခြင်းခံရတာမျိုး) ကိုလည်း ကြိုတင် ဆွေးနွေးရပါမယ်။ ဒီတာဝန်နဲ့ ဝတ္တရားတွေအတွက် အကျိုးအမြတ် ရာခိုင်နှုန်းခွဲဝေပေးတာအပြင် သီးသန့်လစာပေးထားမထားကိုလည်း ဆုံးဖြတ်ရမှာပါ။
(၄) #ဆုံးဖြတ်ပိုင်ခွင့်
စပ်တူလုပ်သူတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့် လုပ်ပိုင်ခွင့်သဘောတရားတွေကိုလည်း ဆွေးနွေးထားရပါမယ်။ ဘယ်ကိစ္စတွေဆိုရင် စပ်တူလုပ်တဲ့သူ အားလုံး သဘောတူမှရမယ်။ ဘယ်ကိစ္စတွေဆိုရင်တော့ မဲခွဲဆုံးဖြတ်ပြီး အများစု သဘောကျလက်ခံတာကို ရွေးမယ် စသဖြင့်ပါ။ ဥပမာ စပ်တူရှယ်ယာရှင်တွေကို ထုတ်ပယ်ခွင့်၊ အသစ်ခေါ်ခွင့်၊ လုပ်ငန်းကို ရောင်းခွင့်၊ အကြွေးယူခွင့်၊ ဝန်ထမ်းငှါးခွင့် စသဖြင့် ဆုံးဖြတ်ချက်တွေ ချရာမှာအရေးပါပါတယ်။
(၅) #ထွက်ခွါရေးဗျူဟာ
အကယ်၍ အကြောင်းကြောင်းကြောင့် လုပ်ငန်း ဖျက်သိမ်းခဲ့ရတယ် (ဒါမှမဟုတ် ရောင်းလိုက်ရတယ်) ဆိုရင် ဘယ်သူက ဘယ်ပစ္စည်းကို ပိုင်ဆိုင်ခွင့်ရမယ်၊ ငွေကို ဘယ်လိုခွဲဝေယူမယ်၊ အကြွေးတွေကို ဘယ်လိုခွဲဝေဆပ်မယ်ဆိုတာကိုလည်း လုပ်ငန်းမစခင်ကတည်းက ကြိုတင် ဆွေးနွေးထားသင့်ပါတယ်။
အကယ်၍ စပ်တူလုပ်သူတစ်ယောက်ယောက်က လုပ်ငန်းထဲမှာ စပ်တူ မပါချင်တော့လို့ ခွဲထွက်ချင်တာမျိုး၊ သေဆုံးသွားတာမျိုး၊ ဒုက္ခိတဖြစ်သွားတာမျိုး စတဲ့အခြေအနေတွေမှာ ပိုင်ဆိုင်ခွင့်ကို ဘယ်လိုပြောင်းလဲ ခွဲဝေကြမယ်ဆိုတာကို ကြိုတင် ဆုံးဖြတ် သဘောတူထားဖို့လိုပါတယ်။ ခွဲထွက်သွားတဲ့သူအနေနဲ့ ဘာတွေလုပ်ပိုင်ခွင့်ရှိတယ်၊ လုပ်ပိုင်ခွင့်မရှိဘူးဆိုတာကိုလည်း လုပ်ငန်းမစခင် ကြိုတင် သဘောတူထားရမှာပါ။ ဥပမာ တစ်စင်ထောင် စီးပွားပြိုင်တစ်ခု ထပ်လုပ်မှာကို ခွင့်ပြုမပြု။
တကယ်လို့ စပ်တူလုပ်သူတွေကြား အငြင်းပွားကြရင် ကြားနေဆွေးနွေးပေးမဲ့ ဖြန်ဖြေသူ လူကြီးတစ်ယောက်ယောက်ကိုလည်း ကြိုတင်ရွေးချယ်ထားနိုင်ရင် ကောင်းပါတယ်။
(၆) #စာချုပ်ချုပ်ပါ
နှုတ်နဲ့ပြောထားတဲ့ စကားတွေ၊ ကတိတွေဟာ နောင်မှာ အငြင်းပွားစရာတွေ ဖြစ်လာနိုင်တာကြောင့် အချင်းချင်း သဘောတူထားတဲ့အချက်တွေ (အပေါ်မှာ ကျွန်တော်ပြောပြထားတဲ့ အချက်တွေ) ကို စာချုပ်စာတမ်း လုပ်ထားသင့်ပါတယ်။ စပ်တူဝင်ထားတဲ့သူတွေအားလုံး စာချုပ် မူရင်းတစ်စောင်စီ သိမ်းထားရမှာပါ။
စာချုပ်ချုပ်ရတယ်ဆိုတာ မယုံကြည်လို့မဟုတ်ပဲ အလုပ်ကို အလုပ်နဲ့တူအောင် လုပ်ခြင်းသာ ဖြစ်ပါတယ်။ ဒါကို သွား အားနာနေစရာ မလိုပါဘူး။ ပြောရမှာ အားနာနေရင်လည်း ဒီစာလေးကိုသာ ပြလိုက်ပါခင်ဗျာ။ ဖြစ်နိုင်ရင် ရှေ့နေငှါးပြီး စာချုပ်ချုပ်တာ ပိုပြီး တိကျပါတယ်။ ရှယ်ယာရှင်တွေရဲ့ နာမည်နဲ့ မှတ်ပုံတင်အမှတ်၊ လက်မှတ်နဲ့ လက်ဗွေလိုပါတယ်။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
Sunday, September 27, 2020
စပ်တူ လုပ်တဲ့အခါ
Subscribe to:
Post Comments (Atom)
လူလိမ်လား လူကောင်းလား
ဒီနေ့တော့ ကျွန်တော် ပဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ပေ့ချ်တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...
-
လိုင်းပေါ်မှာ စီးပွားရေး ပန္နက် (Business Plan) ရေးဆွဲနည်းသင်တန်းတွေ ကြော်ငြာနေတာတွေ့ရပါတယ်။ သင်တန်းကြေးတွေကလည်း မနည်းလှပါဘူး။ သင်တန်းပေ...
-
မနေ့က ဘိုးတော် ပိုးစုန်းကြူး အကြောင်းရေးတာ မြန်မာနိုင်ငံမှာ လိမ်ခဲ့ကြတဲ့ လိမ်နည်းတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ရုံသာမက Cryptocurrency လို့ခ...
-
ခုခေတ် ကျွန်တော်တို့ အများစုမှာ လက်ကိုင်ဖုန်းတွေကိုယ်စီ ရှိကြပါတယ်။ နောက်ဆုံးပေါ် ဖုန်းသစ်လေးတွေကို မြင်ရင် လိုချင်တဲ့ စိတ်လေးတွ...
No comments:
Post a Comment