ဒီနေ့တော့ ကျွန်တော် ပဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။
(၁) ဒီ ပေ့ချ်တွေကို ဝင်ကြည့်ပေးပါ။
https://www.facebook.com/Football-Burmese-Vlog-110443927242767/
(၂) အမြတ် တစ်လ ၄၀%၊ ၅၀%၊ ၆၀% ပေးနေတာတွေကို ယုံသင့်မယုံသင့် ပြောပြပေးကြပါ။ (ကျွန်တော် တစ်ယောက်တည်း ထိုင်ပြောနေရင် မယုံကြမှာစိုးလို့။)
(၃) ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလို ငွေထည့်ထားတဲ့သူတွေ ငွေထည့်ချင်တဲ့သူတွေ ရှိရင် ဒီပို့စ်အောက်က မှတ်ချက်တွေကို ပြပေးလိုက်ပါ။
(၄) လိမ်နေတာလို့ ထင်ရင်တော့ ဒီစာထဲမှာ ရေးထားတဲ့အတိုင်း နီးစပ်ရာ အမတ်မင်းတွေကို အလုပ်ပေးလိုက်ကြပါခင်ဗျာ။ https://www.facebook.com/106109390727345/posts/345200203484928/
▪️▪️▪️
စာကြွင်း - ကျွန်တော့်မှာသာ တစ်လ ၅၀% ကျိန်းသေ အမြတ်ရနိုင်တဲ့လုပ်ငန်းရှိရင် ခုလို အလုပ်ရှုပ်ခံပြီး ငွေကောက်ငွေသွင်းတွေ လုပ်နေမှာ မဟုတ်ပါဘူး။
ငွေ ၁၀ သိန်း အရင် ရင်းလိုက်မယ်။ လကုန်ရင် ၁၅ သိန်းရပြီ။ အဲဒီ ၁၅ သိန်းကို ထပ်ရင်းလိုက်မယ်။ ဒီလိုနဲ့ တစ်နှစ်ပြည့်ရင် ၁၂၉၇ သိန်းရပြီ။
ဒါကို ဆက်ရင်းမယ်။ နောက်တစ်နှစ်အကြာ ၂ နှစ်ပြည့်ရင် သိန်းပေါင်း ၁ သိန်း ၆ သောင်းကျော်ရနေပြီ။ သိန်းတစ်သောင်းခွဲထီ ၁၁ ခါပေါက်သလိုငွေကို ၂ နှစ်အတွင်းရပြီ။
ဒီလောက်ငွေနဲ့ဆို ဘယ်သူ့ဆီကမှ ငွေလိုက်ကောက်နေစရာ မလိုတော့ဘူး။ လူတွေကို ကူညီချင်တယ်ဆိုရင်လည်း ငွေကောက်ပြီးမှ ကူညီစရာအကြောင်း မရှိတော့ဘူး။ ၂ နှစ်အတွင်း တော်တော်ချမ်းသာနေပြီလေ။ စေတနာကောင်းလွန်းလို့ ကူညီချင်ရင် ခုလိုငွေထည့်နိုင်တဲ့ သူတွေထက် ပိုဆင်းရဲတဲ့သူတွေကို လိုက်လှူမှာပေါ့။
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသူတ
Sunday, November 1, 2020
လူလိမ်လား လူကောင်းလား
နိုင်ငံ့အရေး
ကိုဗစ်ရောဂါ ကူးစက်မှုနှုန်း များလာတာနဲ့အမျှ လိုင်းပေါ်မှာလည်း လူလိမ်တွေ ဂျင်းတွေ ပိုများလာပါတယ်။ တောမီးလောင်လို့ တောကြောင်တွေ လက်ခမောင်းခတ်ကြတဲ့အချိန်ပါပဲ။
လူတွေက ဝင်ငွေမရှိလို့ ဝင်ငွေရပေါက်လမ်းတွေ ရှာကြံရင်းနဲ့ အလိမ်ခံနေကြရတယ်။ လောင်းကစားတွေ၊ ကံစမ်းမဲတွေကြောင့် ငွေတွေကုန်နေကြရတယ်။ ကံဆိုးမ သွားလေရာ မိုးလိုက်လို့ရွာနေပါတယ်။ အသိပညာနည်းပြီး ဆင်းရဲတဲ့သူတွေ ပိုပြီး ဆင်းရဲမွဲတေနေရပါတယ်။
အလိမ်ခံနေရတဲ့ သူတွေကလည်း ငွေတွေပါသွားတော့မှ ရဲတိုင်ကြတဲ့အခါ လူလိမ်တွေက အစဖျောက်သွားပြီမို့ ငွေပြန်ရဖို့ရော၊ ဖမ်းမိဖို့ပါ မလွယ်လှတော့ပါဘူး။
လိမ်နေဆဲကာလမှာ လက်ပူးလက်ကြပ် ဖမ်းနိုင်တာ အကောင်းဆုံးပါ။ ဒါပေမဲ့ သိတဲ့အတိုင်း မြန်မာနိုင်ငံမှာက သူ့တာဝန်လိုလို ကိုယ့်တာဝန်လိုလိုနဲ့ ကြားထဲမှာ လွတ်နေတာတွေ ရှိပါတယ်။
ဥပမာ လူသိရှင်ကြား ခမ်းခမ်းနားနား ဖွင့်ထားတဲ့ KTV ကြီးတွေကို ဘယ်သူ့ခွင့်ပြုချက်နဲ့ ဖွင့်ထားတာမှန်း မသိကြ၊ ပါတီခေါင်းဆောင်ကြီးတစ်ယောက်ကို ထောင်ပြေးမှန်းမသိကြသလိုပေါ့။
အချို့ ကိစ္စလေးတွေဟာ ဖမ်းဆီးတရားစွဲဖို့ အရမ်းလွယ်တဲ့ ကိစ္စလေးတွေပါ။ တစ်လကို အမြတ်ငွေ ၂၀% ပေးမယ်၊ ၅၀% ပေးမယ်ဆိုပြီး လိမ်စားနေတယ်။ လိမ်ဆင်ဆိုတာ သိသာကြီးပါ။ လိမ်နေတာကို သက်သေမပြနိုင်သေးရင်တောင် လောလောဆယ် တရားမဝင် ရှယ်ယာခေါ်မှု၊ ငွေကောက်မှုနဲ့ ဖမ်းထားလိုက်လို့ရတယ်။ ဒါပေမဲ့ ဘယ်သူကမှ လာမဖမ်းတော့ ပေါ်တင်လုပ်နေကြလေရဲ့။
တရားမဝင်တဲ့ တစ်ကျော့ပြန် MLM တွေ၊ ကံစမ်းမဲတွေ၊ နိုင်ငံခြားထီတွေ၊ အွန်လိုင်း လောင်းကစားတွေလည်း ဒီလိုပါပဲ။ MLM ဥပဒေ၊ လောင်းကစားဥပဒေတွေနဲ့ ဖမ်းထားလိုက်လို့ရတယ်။
ဒါ့အပြင် လူမှုကွန်ရက်တွေအတွက် သုံးထားတဲ့ ရန်ပုံငွေတွေ၊ ပညာရှင်တွေကို အသုံးချပြီး ဒီလို လိမ်စားနေတဲ့ အကောင့်တွေ၊ ပေ့ချ်တွေကို ပိတ်ချပစ်လို့ရတယ်။ အကောင့်ပိုင်ရှင်ကို ခြေရာခံပြီး ရှာဖွေလို့ရတယ်။
ဒါပေမဲ့ တောကြောင်တွေ လွတ်နေပါတယ်။ ဒီလိုအမှုတွေကို ရဲကလည်း တစ်ယောက်ယောက်က တိုင်ချက်ဖွင့်ထားမှ အမှုဖွင့်ပေးလေ့ရှိသလို အစိုးရအမတ်မင်းများကလည်း သူတို့ရဲ့ မဲဆန္ဒနယ်တွေမှာ ဖြစ်ပျက်နေတယ်ဆိုတာ သိနေပေမဲ့ (အချို့က အောက်ခြေမှာ ဒီလိုတွေ ဖြစ်နေမှန်း သိတောင်မသိဘူး) ဒီကိစ္စတွေဟာ ရဲအရေးပိုင်ကိစ္စတွေဆိုပြီး သဘောထားပါတယ်။ သူလိုလို ကိုယ်လိုလိုနဲ့ လွတ်နေပါတယ်။
တရားဥပဒေစိုးမိုးရေးဆိုတာ နိုင်ငံသားတိုင်းမှာတာဝန်ရှိပါတယ်။ ဒီတော့ ရဲတွေမှာ တာဝန်ရှိသလို အမတ်မင်းတွေမှာလည်း တာဝန်ရှိပါတယ်။ ကျွန်တော်တို့ ပြည်သူတွေမှာလည်း တာဝန်ရှိပါတယ်။ (ကျွန်တော့်မှာလည်း တာဝန်ရှိလို့ ဒီစာကို ရေးပါတယ်။) တရားမဝင်တဲ့အလုပ်တွေကို ပေါ်ပေါ်ထင်ထင်လုပ်ရဲနေကြတာဟာ ပွင့်ပွင့်လင်းလင်းပြောရရင် တရားဥပဒေ စိုးမိုးမှုကို ထိပါးနေတာပါပဲ။
ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ လုပ်နိုင်တာ တစ်ခုတော့ရှိပါတယ်။ ပတ်ဝန်းကျင်မှာ၊ လိုင်းပေါ်မှာ မတရားတာတွေ၊ တရားမဝင်တာတွေ တွေ့တဲ့အခါ အထောက်အထားနဲ့တစ်ကွ ကိုယ့်ဒေသက ရွေးချယ်တင်မြှောက်ခံထားရတဲ့ အမတ်မင်းတွေ (ဘယ်ပါတီပဲဖြစ်ဖြစ်) ကို ချဥ်းကပ်ပြီး တိုင်ပါ။ သူတို့ဖွင့်ထားတဲ့ အကောင့်တွေ၊ ပေ့ချ်တွေကနေတစ်ဆင့်လည်း တိုင်ကြားနိုင်ပါတယ်။
သူတို့ကို ခိုင်းပါလို့ ပြောထားပြီးသားလေ။ သူတို့ကို ဒီကိစ္စတွေအတွက် ရဲစခန်းမှာ အမှုဖွင့်ပေးဖို့ တောင်းဆိုပါ။ အမတ်တွေနဲ့ ရဲတွေ ပူးပေါင်းဆောင်ရွက်ပါစေ။
(ကြုံလို့ ကြားဖြတ်ပြီးပြောရရင် မြန်မာနိုင်ငံမှာ မတူညီတဲ့အဖွဲ့အစည်းတွေကြား ပူးပေါင်းဆောင်းရွက်မှု အားနည်းနေပါသေးတယ်။ အနည်းဆုံး ဒီစာအုပ်နှစ်အုပ်ကို ဖတ်ထားသင့်ပါတယ်။)
ရဲစခန်းတိုင်တဲ့အခါ သာမန်ပြည်သူတွေအနေနဲ့ ကိုယ်တိုင်သွားတိုင်ရတဲ့အခါ အခေါက်ခေါက်သွားဖို့ အချိန်နဲ့ ငွေ ကုန်ကျစရိတ်တွေ၊ လိုအပ်ရင် ရှေ့နေငှါးဖို့ စရိတ်တွေ၊ မပြောတတ် မဆိုတတ်လို့ အလုပ်မဖြစ်တာတွေ ရှိနိုင်ပါတယ်။ အမတ်မင်းတွေအတွက်တော့ နောက်ကွယ်မှာ လစာတွေ၊ ပါတီရဲ့ အင်အားတွေ၊ ရန်ပုံငွေတွေရှိတာကြောင့် လူအင်အားငွေအင်အား ပိုပြီးပေါက်ရောက်ပါတယ်။
တစ်နိုင်ငံလုံးက အမတ်မင်းတွေ တစ်ယောက်တစ်ခုလောက် အမှုဖွင့်ပြီး ပြည်သူ့ရဲတွေနဲ့ ပူးပေါင်းပြီး ဖြေရှင်းပေးနိုင်လိုက်ကြရင် ပြည်သူတွေကို ဒုက္ခပေးနေတဲ့ လူလိမ်လူညစ်လူကောက်လူဆိုးတွေ တော်တော်နည်းသွားမှာပါ။ ပြီးတော့ ဒီကိစ္စတွေဟာ လွယ်လွယ်နဲ့ ဖမ်းလို့ရတဲ့ အမှုတွေပါ။ ခက်ခဲနက်နဲတဲ့ အမှုတွေ မဟုတ်ပါဘူး။ နောက်ကွယ်က လက်မည်းကြီးတွေ ရှိဟန်လည်း မတူပါဘူး။ တောကြောင်ပါမွှားလေးတွေက ဆင်းရဲသားပြည်သူတွေကို ဂုတ်သွေးစုတ်နေကြတာပါ။ မဖမ်းပဲ လွှတ်ထားလို့ ခုလို ပိုများလာတာပါ။ နမူနာအနေနဲ့ ထိထိရောက်ရောက် အရေးယူပြလိုက်ရင် ကြောက်သွားကြမှာပါ။
ဒီလို ပြည်သူခိုင်းတာကို ပြည်သူ့အတွက် မလုပ်ပေးတဲ့ အမတ်မင်းတွေအတွက်တော့ နောက်တစ်ခါရွေးကောက်ပွဲမှာ ဘိုင့်ဘိုင်ပေါ့။ ပြည်သူကြား မျက်နှာရချင် အလုပ်လုပ်ချင်တဲ့ အခြားပါတီက အမတ်လောင်းကို ချဥ်းကပ်ပြီး အမှုဖွင့်ခိုင်းလို့ရပါတယ်။ (ပြည်သူ့ရဲ့ အာဏာဆိုတာ ဒါပါပဲ။)
ဒီလိုအမှုတွေထက် နိုင်ငံအတွက် ပိုအရေးကြီးတာတွေကို ကိုင်တွယ်ဖြေရှင်းနေတဲ့ အမတ်မင်းတွေရှိပါတယ်။ မြန်မာနိုင်ငံမှာ လိမ်မှုတွေထက်ပိုပြီး အရေးကြီးတဲ့ ကိစ္စတွေရှိတာ ငြင်းမရပါဘူး။ အလုပ်သိပ်မရှုပ်တဲ့ အမတ်မင်းတွေကို ရွေးခိုင်းလို့ရပါတယ်။ (စွမ်းဆောင်ရည်မြင့်မားတဲ့ အမတ်မင်းတွေကတော့ ရှိပြီးသားတာဝန် ဝတ္တရားတွေအပြင် ခုလို ပြည်သူက ခိုင်းတဲ့အလုပ်တွေအတွက် နှစ်ဆတိုးပြီး ကြိုးစားဖြေရှင်းပေးကြမှာပါ။)
ပြိုင်တူတွန်းရင် ရွေ့နိုင်ပါတယ် ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
ဂုတ်သွေးစုပ်တဲ့ ကုမ္ပဏီ
ဝန်ထမ်းတွေအပေါ် ဂုတ်သွေးစုပ်နေတဲ့ ကုမ္ပဏီ တစ်ခုအကြောင်း သတင်းရထားလို့ အလုပ်ရှာနေတဲ့ညီငယ်ညီမငယ်လေးတွေ ရှောင်လို့ရအောင် သတိပေးတဲ့အနေနဲ့ ဒီဆောင်းပါးလေးကို ရေးပါတယ်။
အလုပ်ခေါ်တဲ့ ကုမ္ပဏီက ရင်းနှီးမြှုပ်နှံရေးအတွက် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီပါတဲ့။ စီးပွားရေး စီမံခန့်ခွဲမှုဘာသာရပ်နဲ့ ဘွဲ့ရပြီးခါစ လူငယ်လေးတွေကို ပစ်မှတ်ထားပြီး ဝန်ထမ်းအဖြစ် ရွေးခေါ်ပါသတဲ့။ ရာထူးကလည်း လူအထင်ကြီးစရာ Business Development Executive (စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအမှုဆောင်) ပါတဲ့။
ရုံးကိုလာရင်တောင် အနောက်တိုင်း ရုံးတက်ဝတ်စုံပြည့်နဲ့ ကျော့ကျော့မော့မော့ ရုံးတက်ခိုင်းပါသတဲ့။ ဒီတော့ ဘွဲ့ရခါစ လူငယ်လေးတွေ သဘောခွေ့တာပေါ့။ နိုင်ငံခြားကားတွေထဲမှာ တွေ့ဖူးထားသလို စတိုင် ခပ်မိုက်မိုက် ရုံးတက်ရတာကိုး။ လစာကတော့ တစ်လ နှစ်သိန်းတဲ့။ (ကော်မစ်ရှင်တွေဘာတွေလည်း ပေးရင်ပေးမှာပေါ့။)
ရုံးမှာသုံးဖို့ ကွန်ပျူတာ လက်ပ်တော့ပ်ကိုလည်း ကိုယ့်အိမ်ကနေ ယူလာခိုင်းပါသတဲ့။ ပုံမှန်အားဖြင့် ရုံးသုံးဖို့ ကွန်ပျူတာကို ရုံးကနေ ဝန်ထမ်းတွေကို ပေးထားရမှာပါ။ အလုပ်အတွက် လိုအပ်တဲ့ ပစ္စည်းကို ဝန်ထမ်းတွေက ကိုယ်ပိုင်ငွေ စိုက်ထုတ်ပြီး ဝယ်ရတယ်ဆိုတာ သိပ်အဓိပ္ပာယ်မရှိပါဘူး။
လုပ်ရတဲ့အလုပ်က ကုမ္ပဏီရဲ့ Trading လုပ်ငန်းတွေ (Forex Trading နဲ့ Gold Trading လိုလုပ်ငန်းတွေ) မှာ ငွေထည့်ပြီး အရောင်းအဝယ် trade လုပ်ဖို့ လူတွေကို လိုက်ဆွယ်ရတဲ့ လုပ်ငန်းပါ။
အလုပ်ဝင်ဝင်ချင်း ပထမအပတ်မှာ သင်တန်းပေးတယ်။ သင်တန်းပြီးတာနဲ့ Client ဖောက်သည် ရှာရပါတော့တယ်။
ဖောက်သည်ဖြစ်ဖို့ ဒေါ်လာ ၅၀၀၀ တန်၊ ဒေါ်လာ ၁၀၀၀၀ တန်စသဖြင့် အကောင့်တစ်ခုခုကို ငွေသွင်းပြီး ဖွင့်ရတာပါ။ ဖွင့်ထားတဲ့ အကောင့်ထဲမှာ ရှိတဲ့ ဒေါ်လာတွေနဲ့ လိုင်းပေါ်မှာ ငွေကြေး၊ ရွှေ စတာတွေကို အရောင်းအဝယ်လုပ်ရတဲ့ trading လုပ်ငန်းပါ။
ဝန်ထမ်းသစ်လေးတွေကို အကောင့်ဖွင့်ဖို့ ငွေရှိတဲ့ ဖောက်သည်တွေ ရှာခိုင်းတယ်။ ဖောက်သည် မရှာပေးနိုင်တဲ့ ဝန်ထမ်းတွေကို သူဌေးက ရုံးခန်းကို ခေါ်ပြီး ဖိအားပေးတယ်။ ဖောက်သည်ရှာမရရင် ကိုယ့်ရဲ့ ဆွေမျိုးသားချင်းတွေနဲ့ သူငယ်ချင်းတွေကို နားပူနားဆာလုပ်ပြီး အကောင့်ဖွင့်အောင် အတင်းအကြပ် ဖိအားပေးဖို့ အကြံပေးပါသတဲ့။
ဖောက်သည်မရှာနိုင်တဲ့ ဝန်ထမ်းတွေကိုလည်း လစာဆိုင်းငံ့ထားတာတွေ လုပ်ပါသတဲ့။
ဝန်ထမ်းသစ်လေးတွေခမျာ ပထမဆုံး အလုပ်ဆိုတော့ အလုပ်ထုတ်မခံရအောင် ကြိုးစားကြရှာပါတယ်။ နီးစပ်ရာလူတွေကို ဆွယ်ဖို့ကြိုးစားကြတယ်။
ငွေတတ်နိုင်တဲ့သူတွေကလည်း အလုပ်ထုတ်ခံရတယ်ဆိုတဲ့ ဂုဏ်သိက္ခာညှိုးနွမ်းစေမယ့် ကိစ္စကို ရှက်လွန်းလို့ မိဘဆီက ငွေတောင်းပြီး ကိုယ်တိုင်ပဲ ငွေစိုက်ပြီး အကောင့်ဖွင့်ပါတော့သတဲ့။
အကောင့်ဖွင့်ပြီးရင် တစ်ရက်ကို တစ်ခါ trade (အရောင်းအဝယ်) မလုပ်မနေရ လုပ်ခိုင်းပါသတဲ့။ တစ်ခါ ဝယ်ရောင်းလုပ်ရင် မြတ်မြတ်ရှုံးရှုံး ဘာပဲဖြစ်ဖြစ် ကုမ္ပဏီက ဝန်ဆောင်ခ ဒေါ်လာ ၅၀ ဖြတ်စားပါသေးသတဲ့။ တွက်သာကြည့်ပါတော့ ခင်ဗျာ။
ရင်းနှီးမြှုပ်နှံမှုဆိုတာက ဈေးသင့်တင့်တုန်း ဝယ်ထားပြီးရင် အကြာကြီးပစ်ထား၊ အကြာကြီးနေမှ ပြန်ရောင်းသင့်တဲ့ အရာလေ။ နေ့တိုင်း ဝယ်ရောင်းနေတာ ရင်းနှီးမြှုပ်နှံမှုမှ မဟုတ်တာ။
Trading ဆိုတာကလည်း ကျွမ်းကျင်မှုပေါ်မူတည်ပြီး အရှုံးအမြတ်ကလည်း မသေချာပါဘူး။ သင်တန်းလေးတစ်ပတ်တက်ထားပြီး လုပ်ရင်တော့ မြတ်ဖို့ထက် ရှုံးဖို့က ပိုများတာပါ။ ဒါ့အပြင် တစ်ရက်ကို အရောင်းအဝယ်လုပ်ခ ဒေါ်လာ ၅၀ ပေးနေရသေးတယ်ဆိုတော့ သွားပြီပေါ့။
ဒီလိုနည်းနဲ့ ကိုယ့်ငွေတွေစိုက်ပြီး ဝယ်ထားပြီး ရမ်းသမ်း trade လုပ်ရင်း ခဏအတွင်း ဒေါ်လာ တစ်သောင်းလောက် ပလုံသွားတဲ့သူတောင် ရှိပါသတဲ့။ (အလုပ်လုပ်တယ်ဆိုပြီး မိဘပိုက်ဆံ ထိုင်ဖြုန်းနေသလိုတောင် ဖြစ်နေပါသေးတယ်။)
ဒီတော့ အလုပ်လျှောက်တဲ့ နေရာမှာလည်း ဒီလိုခေါင်းပုံဖြတ် ဂုတ်သွေးစုတ်နေတဲ့ ကုမ္ပဏီတွေကို ရှောင်ဖို့ လိုပါတယ်။ ဒီလိုအလုပ်မျိုးဆိုရင်တော့ ချက်ချင်းသာထွက်လိုက်ပါ။
မသိနားမလည်တဲ့သူတွေကို ပစ်မှတ်ထားပြီး လုပ်စားနေတာပါ။ ကိုယ်ပိုင် ကွန်ပျူတာ လက်ပ်တော့ပ်ယူလာခိုင်းတယ်တို့ဘာတို့ဆိုတာကတော့ ငွေကြေးအတော်အသင့် တတ်နိုင်တဲ့သူတွေကို ရွေးပြီး ခန့်တယ်ထင်ပါတယ်။ ငွေကြေးတတ်နိုင်တဲ့အသိုင်းအဝိုင်း ဆိုမှလည်း ဝန်ထမ်းတွေကတစ်ဆင့် သူတို့ရဲ့ ဆွေမျိုးအသိုင်းအဝိုင်းတွေဆီကနေ ဒီလို ဂုတ်သွေးစုပ်လို့ ကောင်းမှာကိုး။
အရမ်းချမ်းသာနေရင် ကိစ္စမရှိဘူး။ ပညာတတ် ကိုယ့်တူ ကိုယ့်တူမ ကိုယ့်သားသမီးရဲ့ (အလုပ်မပြုတ်ချင်လို့ လူဆွယ်ရတဲ့) တိုက်တွန်းစကားကို ယုံစားမိတာနဲ့ အနှစ်နှစ်အလလက ချွေတာစုဆောင်းထားတဲ့ ငွေလေးတွေ ဒီကုမ္ပဏီထဲထည့်လိုက်မိလို့ ပလုံသွားရင်တော့ ဝမ်းနည်းစရာတွေ ဖြစ်ကုန်တော့မှာပါ။
လောကမှာ ဒီကုမ္ပဏီရဲ့ ဦးစီးတွေလို ဝိသမလူဆိုးတွေရှိတယ်။ အသိသတိနဲ့ ဆင်ခြင်နိုင်ကြပါစေ။
(Trading ရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို သေချာရှင်းပြပေးတဲ့အပြင် ခေါင်းပုံဖြတ် အမြတ်ကြီးစားမလုပ်ပဲ လူ့ ကျင့်ဝတ်နဲ့အညီ မျှမျှတတ ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေလည်း ရှိပါတယ်။ ဆောင်းပါးရဲ့အစ စာကြောင်းမှာလည်း "ကုမ္ပဏီ တစ်ခု" လို့ သုံးနှုန်းထားတာကို သတိပြုစေလိုပါတယ်။ ကုမ္ပဏီအားလုံး ဒီလို ဂုတ်သွေးစုပ်နေတယ်လို့ မဆိုလိုပါဘူးခင်ဗျာ။)
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
ဘာလင်တံတိုင်းနားက လူလိမ်
ဂျာမနီနိုင်ငံ ဘာလင်မြို့ကြီးကို ကာလအတော်ကြာကြာ နှစ်ခြမ်းခွဲထားခဲ့တဲ့ ဘာလင်တံတိုင်းကြီးကို ပိုးစုန်းကြူးတစ်ယောက် သွားရောက် စပ်စုခဲ့ပါသေးတယ်။
၁၉၆၁ ခုနှစ်ကနေ ၁၉၈၉ ခုနှစ်အထိ ဘာလင်တံတိုင်းကြီးရဲ့အရှေ့ဘက်ခြမ်း အရှေ့ဂျာမနီမှာ ကွန်မြူနစ်ဝါကြီးစိုးခဲ့ပြီး အနောက်ဘက်ခြမ်း အနောက်ဂျာမနီမှာ ဒီမိုကရေစီဝါဒ ကြီးစိုးခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်ကနေ စပြီး အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီဟာ ဒီမိုကရေစီအလံအောက်မှာ ပြန်ပေါင်းထုတ်သွားခဲ့ပါပြီ။
ဒီလိုနဲ့ ကျွန်တော်လည်း ဘာလင်တံတိုင်း နံရံတွေပေါ်မှာ ဆွဲထားတဲ့ ပန်းချီတွေကို ကြည့်နေတုန်း အနီးအနားမှာ လူ ၅ ယောက်လောက် ဝိုင်းအုံနေတာကို တွေ့ပါတယ်။ (ကျွန်တော်သွားခဲ့တာကတော့ သိပ် မကြာလှသေးတဲ့ နှစ်တွေကမို့ အဲဒီအချိန်မှာ ဘာလင်တံတိုင်းဟာ အချို့သော နေရာလေးတွေမှာ တစ်ပိုင်းတစ်စ သမိုင်းဝင် အမှတ်တရအနေနဲ့ပဲ ရှိတော့တာပါ။)
လူအုံနေတာက လောင်းကစားဝိုင်းခင်ဗျ။ လူတစ်ယောက်က ထိုင်နေတယ်။ ခွက် ၃ ခွက်ကို ရှေ့မှာ မှောက်ထားပြီး ခွက်တစ်ခွက်ရဲ့ အောက်ထဲကို ဂေါ်လီလုံးလေး ထည့်လိုက်တယ်။ ပြီးတော့ ခွက် ၃ ခွက်ကို ဟိုရွှေ့ဒီရွှေ့လုပ်တာပေါ့။ ဒီလို စိတ်ကြိုက်ရွှေ့ပြီးမှ ဝိုင်းအုံနေတဲ့သူတွေကို ဘယ်ခွက်အောက်မှာ ဂေါ်လီလုံးရှိလဲ ရွေးခိုင်းပါတယ်။
သူ့ဘေးမှာက ငွေတွေ အထပ်လိုက်ကိုင်ထားတဲ့ အလျော်အစား လုပ်ပေးတဲ့ ဒိုင်ရှိတယ်။ ကိုယ်ရွေးတဲ့ခွက် မှန်ရင် နှစ်ဆ မြတ်မယ်ပေါ့။ ခွက်အရွေးမှားရင်တော့ ထိုးထားတာလေး ပလုံပြီပေါ့။
ကျွန်တော်လည်း ဒါမျိုးတွေက လိမ်နေတာဆိုတာကြားဖူးပေမဲ့ ဘယ်လိုလိမ်နေမှန်း သေချာမသိတာမို့ မနီးမဝေးကနေ စပ်စုကြည့်မိပါတယ်။
ကျွန်တော့်နေရာကကြည့်ရင် ဘယ်ခွက်ထဲကို ဂေါ်လီထည့်လိုက်တယ်ဆိုတာကို အရှင်းကြီးမြင်ရတယ်။ ဘေးကထိုးတဲ့သူတွေကလည်း ဒီခွက်ကို ရွေးထိုးတယ်။ အရွေး မှန်တယ်။ မြတ်သွားတယ် ပေါ့ခင်ဗျာ။ ဒီလိုနဲ့ နှစ်ခေါက်တိတိ ကျွန်တော် ထင်တဲ့ခွက်ထဲမှာပဲ ဂေါ်လီလေးကို တွေ့ရတယ်။ ကျွန်တော်သာ ထိုးလိုက်ရင် မြတ်ပြီပေါ့ဗျာ။
ဒီလိုနဲ့ တတိယအခေါက်မှာ ဒိုင်က ကျွန်တော့်နား ကပ်လာပြီး ထိုးမလားလို့ လာမေးတယ်။ ကျွန်တော်က ဒီတစ်ခေါက်လည်း ဂေါ်လီထည့်ထားတဲ့ ခွက်ကိုသိနေတာမို့ အပျော်သဘောနဲ့ လက်ထဲရှိတဲ့ အကြွေစေ့ တစ်ယူရို (မြန်မာငွေ ၁၅၀၀ ခန့်) ထိုးမယ်ဆိုပြီး ထုတ်ပေးတော့ မရဘူးတဲ့။ အနည်းဆုံး ယူရို ၅၀ (မြန်မာငွေ ၇ သောင်းခွဲခန့်) ထိုးရမယ်တဲ့။
သိလိုက်ပြီလေ။ မထိုးတော့ဘူးဆိုပြီး ထွက်သွားတော့ ဒိုင်က နောက်ကနေလိုက်ပြီး ယူရိုငွေတွေ ကျွန်တော့်လက်ထဲ ထိုးပေးနေပါတယ်။ ငွေ ၁၀၀ အရင်ယူထား။ မှားတော့မှ ငွေထုတ်ပေးဆိုပဲ။
ဒါနဲ့ ငြင်းဆိုပြီး ခပ်သုတ်သုတ်လေး ပြန်ခွာလာရပါတယ်။ ဘေးမှာ လမ်းသွားလမ်းလာ အခြားလူတွေလည်းရှိတာမို့ အန္တရာယ်တော့ မရှိပါဘူး။ ပြီးတော့ ဥရောပမှာက ခရီးသွားဧည့်သည်တွေဆီက ခိုးတာ လိမ်တာတွေသာများပြီး လုယက်မှုတော့ ရှားတယ်လို့ ကြားဖူးထားပါတယ်။
နောက်မှ ပြန်စဥ်းစားကြည့်တော့ ကိုယ့်ကို ပစ်မှတ်ထားပြီး ဂွင်ဆင်နေမှန်း သိသာနေပါတယ်။ တမင်သက်သက် ခွက်ထဲကို ကျွန်တော်မြင်သာတဲ့ ပုံစံနဲ့ သိသာအောင် ထည့်ပြတယ်။ လျော်တယ်ဆိုတာကလည်း သူတို့ အဖွဲ့သားအချင်းချင်းကို လျော်နေတာ ဖြစ်ဖို့ များပါတယ်။
ကျွန်တော်သာ လောဘတက်ပြီး လောင်းကြေးဝင်ထပ်လိုက်ရင် ခွက်ထဲက ဂေါ်လီကို မျက်လှည့်နည်းအမျိုးမျိုးနဲ့ ကျွန်တော် ထိုးထားတဲ့ ခွက်ထဲမှာ ရှိမနေအောင် လုပ်ပစ်လိုက်လို့ရတယ်။ အစကတည်းက ဂေါ်လီကို ခွက် ၃ ခွက်အောက်ကနေ မျက်လှည့်နည်းနဲ့ အသာလေး ထုတ်ထား၊ လက်ထဲမှာ ဖွက်ထားလိုက်ပြီး ခွက်ကို လှန်ခါနီးမှ ဂေါ်လီလေးကို ခွက်အောက် အမြန်ပို့လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ လက်ရဲ့ လျင်မြန်မှုကို အသုံးချပြီး ကစားသွားတာပေါ့။ မျက်လှည့်ဆရာတွေ ဒါမျိုး ကျွမ်းပါတယ်။
ကျွန်တော့်ကို ပစ်မှတ်ထားမှန်း သိရတာကတော့ ကျွန်တော် စိတ်မဝင်စားလို့ ထွက်သွားချိန်မှာ ဒိုင်က ကျွန်တော့်နောက်လိုက်ပြီး ငွေတွေပါထိုးပေးပြီး အတင်း ဆွယ်နေတာမို့ပါ။ ကျန်တဲ့သူတွေက တကယ်ဝင်ထိုးနေကြတဲ့သူတွေဆိုရင် ကျွန်တော် တစ်ယောက်ထွက်သွားတာကို ဒိုင်က ဂရုစိုက်နေမှာ မဟုတ်ပါဘူး။ အုပ်စုလိုက်ဖွဲ့ပြီး လိမ်စားနေတာပါ။
ဒါနဲ့ ကျွန်တော်လည်း ဂူဂဲမှာ ရှာဖွေကြည့်တော့ ဒါမျိုး လူလိမ်တွေအကြောင်း ရေးထားတာ အတော်များများတွေ့ရပါတယ်။ မသိနားမလည်တဲ့ ခရီးသွားတွေ၊ အချောင်ရမယ်ဆိုပြီး လောဘတက်တဲ့သူတွေဆီကနေ လိမ်စားနေတာပါ။
အစပိုင်းမှာ ကိုယ်ထိုးထားတဲ့ခွက် မှန်ပေမဲ့ နောက်ပိုင်းမှာ ကိုယ်သေချာပြီလို့တွက်ထားတဲ့ ခွက်ထဲမှာ ဂေါ်လီမရှိတာကို မယုံနိုင်အောင် တွေ့ရမှာပါ။ စိတ်မခိုင်ရင်၊ မခံချင်ဖြစ်ပြီး ထပ်လောင်းရင်တော့ ရှိတာပြောင်သွားမှာပါ။
အရေးကြုံရင် လောဘသတ်ပြီး သတိနဲ့ ဆင်ခြင်နိုင်ကြပါစေ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
လူလိမ်လား လူကောင်းလား
ဒီနေ့တော့ ကျွန်တော် ပဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ပေ့ချ်တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...
-
လိုင်းပေါ်မှာ စီးပွားရေး ပန္နက် (Business Plan) ရေးဆွဲနည်းသင်တန်းတွေ ကြော်ငြာနေတာတွေ့ရပါတယ်။ သင်တန်းကြေးတွေကလည်း မနည်းလှပါဘူး။ သင်တန်းပေ...
-
မနေ့က ဘိုးတော် ပိုးစုန်းကြူး အကြောင်းရေးတာ မြန်မာနိုင်ငံမှာ လိမ်ခဲ့ကြတဲ့ လိမ်နည်းတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ရုံသာမက Cryptocurrency လို့ခ...
-
ခုခေတ် ကျွန်တော်တို့ အများစုမှာ လက်ကိုင်ဖုန်းတွေကိုယ်စီ ရှိကြပါတယ်။ နောက်ဆုံးပေါ် ဖုန်းသစ်လေးတွေကို မြင်ရင် လိုချင်တဲ့ စိတ်လေးတွ...