Sunday, November 1, 2020

လူလိမ်လား လူ​​ကောင်းလား

ဒီ​​နေ့​​တော့ ကျွန်​​တော် ပ​ဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။

(၁) ဒီ ​​ပေ့ချ်​တွေကို ဝင်ကြည့်ပေးပါ။

https://www.facebook.com/Football-Burmese-Vlog-110443927242767/

(၂) အမြတ် တစ်လ ၄၀%၊ ၅၀%၊ ၆၀% ပေး​နေတာ​တွေကို ယုံသင့်မယုံသင့် ​​ပြောပြ​ပေးကြပါ။ (ကျွန်​​တော် တစ်ယောက်တည်း ထိုင်​ပြော​နေရင် မယုံကြမှာစိုးလို့။)

(၃) ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလို ​ငွေ​ထည့်ထား​တဲ့သူ​တွေ ​ငွေ​ထည့်ချင်​တဲ့သူ​တွေ ရှိရင် ဒီပို့စ်​အောက်က မှတ်ချက်​တွေကို ပြပေးလိုက်ပါ။

(၄) လိမ်​နေတာလို့ ထင်ရင်​​တော့ ဒီစာထဲမှာ ရေးထား​တဲ့​အတိုင်း နီးစပ်ရာ ​အမတ်မင်း​တွေကို ​​​အလုပ်ပေးလိုက်ကြပါခင်ဗျာ။ https://www.facebook.com/106109390727345/posts/345200203484928/

▪️▪️▪️

စာကြွင်း - ကျွန်​​တော့်မှာသာ တစ်လ ၅၀% ​ကျိန်း​သေ အမြတ်ရနိုင်​တဲ့လုပ်ငန်းရှိရင် ခုလို ​အလုပ်ရှုပ်​ခံပြီး ​ငွေကောက်​ငွေသွင်း​တွေ လုပ်​နေမှာ မဟုတ်ပါဘူး။ ​

ငွေ ၁၀ သိန်း ​အရင် ရင်းလိုက်မယ်။ လကုန်ရင် ၁၅ သိန်းရပြီ။ အဲဒီ ၁၅ သိန်းကို ထပ်ရင်းလိုက်မယ်။ ဒီလို​နဲ့ တစ်နှစ်​ပြည့်ရင် ၁၂၉၇ သိန်းရပြီ။

ဒါကို ဆက်ရင်းမယ်။ နောက်တစ်နှစ်​အကြာ ၂ နှစ်​ပြည့်ရင် သိန်း​​ပေါင်း ၁ သိန်း ၆ ​​သောင်း​​ကျော်ရ​နေပြီ။ သိန်းတစ်​​သောင်းခွဲထီ ၁၁ ခါပေါက်သလို​ငွေကို ၂ နှစ်​အတွင်းရပြီ။

ဒီလောက်​ငွေ​နဲ့ဆို ဘယ်သူ့ဆီကမှ ​ငွေလိုက်ကောက်​နေစရာ မလို​​တော့ဘူး။ လူ​တွေကို ကူညီချင်တယ်ဆိုရင်လည်း ​ငွေကောက်ပြီးမှ ကူညီစရာ​အ​​ကြောင်း မရှိ​​တော့ဘူး။ ၂ နှစ်​အတွင်း ​​တော်​​တော်ချမ်းသာ​နေပြီ​လေ။ ​စေတနာ​​ကောင်းလွန်းလို့ ကူညီချင်ရင် ခုလို​ငွေ​ထည့်နိုင်​တဲ့ သူ​တွေထက် ပိုဆင်းရဲ​တဲ့သူ​တွေကို လိုက်လှူမှာ​​ပေါ့။

လူ​အချင်းချင်း​ လှည့်ပတ်ခြင်း ကင်းရှင်းကြပါ​စေ။

​ဆက်​လက်​၍ ဖတ်​ရန် 
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


နိုင်ငံ့​အရေး

ကိုဗစ်​ရောဂါ ကူးစက်မှုနှုန်း များလာတာ​​နဲ့အမျှ လိုင်း​​ပေါ်​မှာလည်း လူလိမ်​တွေ ဂျင်း​တွေ ပိုများလာပါတယ်။ ​တောမီး​​လောင်လို့ တော​​ကြောင်​တွေ လက်ခ​​မောင်းခတ်ကြ​တဲ့​အချိန်ပါပဲ။

လူ​တွေက ဝင်​ငွေမရှိလို့ ဝင်​ငွေရပေါက်လမ်း​တွေ ရှာ​ကြံရင်း​နဲ့ ​အလိမ်​ခံ​နေကြရတယ်။ ​​လောင်းကစား​တွေ၊ ​ကံစမ်းမဲ​တွေ​​ကြောင့် ​ငွေ​တွေကုန်​နေကြရတယ်။ ​ကံဆိုးမ သွား​လေရာ မိုးလိုက်လို့ရွာ​နေပါတယ်။ ​အသိပညာနည်းပြီး ဆင်းရဲ​တဲ့သူ​တွေ ပိုပြီး ဆင်းရဲမွဲ​တေ​နေရပါတယ်။

အလိမ်​ခံ​နေရ​တဲ့ သူ​တွေကလည်း ​​​ငွေ​တွေပါသွား​​တော့မှ ရဲတိုင်ကြ​တဲ့​အခါ လူလိမ်​တွေက ​အစဖျောက်သွားပြီမို့ ​ငွေ​​ပြန်ရဖို့​​ရော၊ ဖမ်းမိဖို့ပါ မလွယ်လှ​​တော့ပါဘူး။

လိမ်​နေဆဲကာလမှာ လက်ပူးလက်ကြပ် ဖမ်းနိုင်တာ ​အ​​ကောင်းဆုံးပါ။ ဒါ​​ပေ​မဲ့ သိ​တဲ့​အတိုင်း ​မြန်မာနိုင်​ငံမှာက သူ့တာ​ဝန်လိုလို ကိုယ့်တာ​ဝန်လိုလို​နဲ့ ကြားထဲမှာ လွတ်​နေတာ​တွေ ရှိပါတယ်။

ဥပမာ လူသိရှင်ကြား ခမ်းခမ်းနားနား ဖွင့်ထား​တဲ့ KTV ကြီး​တွေကို ဘယ်သူ့ခွင့်ပြုချက်​နဲ့ ဖွင့်ထားတာမှန်း မသိကြ၊ ပါတီ​​ခေါင်း​ဆောင်ကြီးတစ်ယောက်ကို ​​ထောင်ပြေးမှန်းမသိကြသလို​​ပေါ့။

​အချို့ ကိစ္စလေး​တွေဟာ ဖမ်းဆီးတရားစွဲဖို့ ​အရမ်းလွယ်​တဲ့ ကိစ္စလေး​တွေပါ။ တစ်လကို ​အမြတ်​ငွေ ၂၀% ပေးမယ်၊ ၅၀% ပေးမယ်ဆိုပြီး လိမ်စား​နေတယ်။ လိမ်ဆင်ဆိုတာ သိသာကြီးပါ။ လိမ်​နေတာကို သက်​သေမပြနိုင်သေးရင်​​တောင် ​လော​လောဆယ် တရားမဝင် ​ရှယ်ယာ​​ခေါ်မှု၊ ​ငွေကောက်မှု​နဲ့ ဖမ်းထားလိုက်လို့ရတယ်။ ​​ဒါ​ပေ​မဲ့ ဘယ်သူကမှ လာမဖမ်း​​တော့ ​​ပေါ်တင်လုပ်​နေကြ​​လေ​ရဲ့။

တရားမဝင်​တဲ့ တစ်​​ကျော့​ပြန် MLM ​တွေ၊ ​ကံစမ်းမဲ​တွေ၊ နိုင်​ငံခြားထီ​တွေ၊ အွန်လိုင်း ​​လောင်းကစား​တွေလည်း ဒီလိုပါပဲ။ ​MLM ဥပ​ဒေ၊ ​​လောင်းကစားဥပ​ဒေ​တွေ​နဲ့ ဖမ်းထားလိုက်လို့ရတယ်။

ဒါ့​အပြင် လူမှုကွန်ရက်​တွေ​အတွက် သုံးထား​တဲ့ ​ရန်ပုံ​ငွေ​တွေ၊ ပညာရှင်​တွေကို ​အသုံးချပြီး ဒီလို လိမ်စား​နေ​တဲ့ ​အ​​ကောင့်​တွေ၊ ​​ပေ့ချ်​တွေကို ပိတ်ချပစ်လို့ရတယ်။ ​အ​​ကောင့်ပိုင်ရှင်ကို ​ခြေရာ​ခံပြီး ရှာ​ဖွေလို့ရတယ်။

ဒါ​ပေ​မဲ့ ​တော​​ကြောင်​တွေ လွတ်​နေပါတယ်။ ဒီလို​အမှု​တွေကို ရဲကလည်း တစ်ယောက်ယောက်က တိုင်ချက်ဖွင့်ထားမှ ​အမှုဖွင့်ပေး​​လေ့ရှိသလို ​အစိုးရ​အမတ်မင်းများကလည်း သူတို့​ရဲ့ မဲဆန္ဒနယ်​တွေမှာ ဖြစ်ပျက်​နေတယ်ဆိုတာ သိ​နေ​ပေ​​မဲ့ (​အချို့က ​အောက်​ခြေမှာ ဒီလို​တွေ ဖြစ်​နေမှန်း သိ​​တောင်မသိဘူး) ဒီကိစ္စ​တွေဟာ ရဲ​အရေးပိုင်ကိစ္စ​တွေဆိုပြီး သဘောထားပါတယ်။ သူလိုလို ကိုယ်လိုလို​​​နဲ့ လွတ်​နေပါတယ်။

တရားဥပ​ဒေစိုးမိုးရေးဆိုတာ နိုင်​ငံသားတိုင်းမှာတာ​ဝန်ရှိပါတယ်။ ဒီ​​​​တော့ ရဲ​တွေမှာ တာ​ဝန်ရှိသလို ​​အမတ်မင်း​တွေမှာလည်း တာ​ဝန်ရှိပါတယ်။ ကျွန်​​တော်တို့ ပြည်သူ​တွေမှာလည်း တာ​ဝန်ရှိပါတယ်။ (ကျွန်​​တော့်မှာလည်း တာ​ဝန်ရှိလို့ ဒီစာကို ရေးပါတယ်။) တရားမဝင်​တဲ့​အလုပ်​တွေကို ​​ပေါ်​​ပေါ်ထင်ထင်လုပ်ရဲ​နေကြတာဟာ ပွင့်ပွင့်လင်းလင်း​ပြောရရင် တရားဥပ​ဒေ စိုးမိုးမှုကို ထိပါး​နေတာပါပဲ။

ကျွန်​​တော်တို့ ပြည်သူ​တွေ​အ​နေ​နဲ့ လုပ်နိုင်တာ တစ်ခု​​တော့ရှိပါတယ်။ ပတ်ဝန်းကျင်မှာ၊ လိုင်း​​ပေါ်မှာ မတ​ရားတာ​တွေ၊ တရားမဝင်တာ​တွေ ​​တွေ့​တဲ့​အခါ ​အထောက်​အထားနဲ့တစ်ကွ ကိုယ့်​ဒေသက ​ရွေးချယ်​တင်မြှောက်ခံထားရ​တဲ့ အမတ်မင်း​တွေ (ဘယ်ပါတီပဲဖြစ်ဖြစ်) ကို ချဥ်းကပ်ပြီး တိုင်ပါ။ သူတို့ဖွင့်ထား​တဲ့ ​အ​​ကောင့်​တွေ၊ ​​ပေ့ချ်​တွေက​နေတစ်ဆင့်လည်း တိုင်​ကြားနိုင်ပါတယ်။

သူတို့ကို ခိုင်းပါလို့ ​ပြောထားပြီးသား​လေ။ သူတို့ကို ဒီကိစ္စ​တွေ​အတွက် ရဲစခန်းမှာ ​အမှုဖွင့်ပေးဖို့ ​​တောင်းဆိုပါ။ ​အမတ်​တွေ​နဲ့ ရဲ​တွေ ပူး​​ပေါင်း​​ဆောင်ရွက်ပါ​စေ။

(ကြုံလို့ ကြားဖြတ်ပြီး​ပြောရရင် ​မြန်မာနိုင်​ငံမှာ မတူညီ​တဲ့​အ​ဖွဲ့​အစည်း​တွေကြား ပူး​​ပေါင်း​​ဆောင်းရွက်မှု ​အားနည်း​နေပါသေးတယ်။ ​​အနည်းဆုံး ဒီစာအုပ်နှစ်အုပ်ကို ဖတ်ထားသင့်ပါတယ်။)

ရဲစခန်းတိုင်​တဲ့​အခါ သာ​မန်ပြည်သူ​တွေ​​အ​နေ​နဲ့ ကိုယ်တိုင်သွားတိုင်ရ​တဲ့​အခါ ​​အခေါက်ခေါက်သွားဖို့ ​အချိန်​နဲ့ ​ငွေ ကုန်ကျစရိတ်​တွေ၊ လိုအပ်ရင် ​​ရှေ့​နေငှါးဖို့ စရိတ်​တွေ၊ မ​ပြောတတ် မဆိုတတ်လို့ ​​အလုပ်မဖြစ်တာ​တွေ ရှိနိုင်ပါတယ်။ ​အမတ်မင်း​တွေ​အတွက်​​တော့ နောက်ကွယ်မှာ လစာ​တွေ၊ ပါတီ​ရဲ့ အင်​အား​တွေ၊ ​​ရန်ပုံ​ငွေ​တွေရှိတာ​​ကြောင့် လူအင်​အား​ငွေအင်​အား ပိုပြီးပေါက်ရောက်ပါတယ်။

တစ်နိုင်​ငံလုံးက ​အမတ်မင်း​တွေ တစ်ယောက်တစ်ခုလောက် ​​အမှုဖွင့်ပြီး ပြည်သူ့ရဲ​တွေ​နဲ့ ပူး​​ပေါင်းပြီး ဖြေရှင်းပေးနိုင်လိုက်ကြရင် ပြည်သူ​တွေကို ဒုက္ခပေး​နေ​တဲ့ လူလိမ်လူညစ်လူကောက်လူဆိုး​တွေ ​​တော်​​တော်နည်း​သွားမှာပါ။ ပြီး​​တော့ ဒီကိစ္စ​တွေဟာ လွယ်လွယ်​နဲ့ ဖမ်းလို့ရ​တဲ့ ​အမှု​တွေပါ။ ခက်ခဲနက်နဲ​တဲ့ ​အမှု​တွေ မဟုတ်ပါဘူး။ နောက်ကွယ်က လက်မည်းကြီး​တွေ ရှိ​ဟန်လည်း မတူပါဘူး။ ​တော​​ကြောင်ပါမွှားလေး​တွေက ဆင်းရဲသားပြည်သူ​တွေကို ဂုတ်သွေးစုတ်​နေကြတာပါ။ မဖမ်းပဲ လွှတ်ထားလို့ ခုလို ပိုများလာတာပါ။ နမူနာ​အ​နေ​နဲ့ ထိထိရောက်ရောက် ​အရေးယူပြလိုက်ရင် ကြောက်သွားကြမှာပါ။

ဒီလို ပြည်သူခိုင်းတာကို ပြည်သူ့​အတွက် မလုပ်ပေး​တဲ့ ​အမတ်မင်း​တွေ​အတွက်​​တော့ နောက်တစ်ခါရွေးကောက်ပွဲမှာ ဘိုင့်ဘိုင်​​ပေါ့။ ပြည်သူကြား မျက်နှာရချင်​ ​အလုပ်လုပ်ချင်တဲ့ ​အခြားပါတီက ​အမတ်​​လောင်းကို ချဥ်းကပ်ပြီး ​အမှုဖွင့်ခိုင်းလို့ရပါတယ်။ (ပြည်သူ့​ရဲ့ အာဏာဆိုတာ ဒါပါပဲ။)

ဒီလို​အမှု​တွေထက် နိုင်​ငံ​အတွက် ပို​အရေးကြီးတာ​တွေကို ကိုင်တွယ်​ဖြေရှင်း​နေ​တဲ့ ​အမတ်မင်း​တွေရှိပါတယ်။ ​​မြန်မာနိုင်​ငံမှာ လိမ်မှု​တွေထက်ပိုပြီး ​အရေးကြီး​တဲ့ ကိစ္စ​တွေရှိတာ ငြင်းမရပါဘူး။ ​အလုပ်သိပ်မရှုပ်​တဲ့ ​အမတ်မင်း​တွေကို ရွေးခိုင်းလို့ရပါတယ်။ (စွမ်း​​ဆောင်ရည်မြင့်မား​တဲ့ ​အမတ်မင်း​တွေက​​တော့ ရှိပြီးသားတာဝန် ဝတ္တရား​တွေ​အပြင် ခုလို ပြည်သူက ခိုင်း​တဲ့​အလုပ်​တွေ​အတွက် နှစ်ဆတိုးပြီး ကြိုးစား​ဖြေရှင်းပေးကြမှာပါ။)

ပြိုင်တူတွန်းရင် ​​ရွေ့နိုင်ပါတယ် ခင်ဗျာ။

​ဆက်​လက်​၍ ဖတ်​ရန် 
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


ဂုတ်သွေးစုပ်တဲ့ ကုမ္ပဏီ






​​​​ဝန်ထမ်း​တွေ​အ​​ပေါ် ဂုတ်သွေးစုပ်​နေ​တဲ့ ကုမ္ပဏီ တစ်ခုအ​​ကြောင်း သတင်းရထားလို့ ​​​အလုပ်ရှာ​နေ​တဲ့ညီငယ်ညီမငယ်လေးတွေ ရှောင်လို့ရအောင် သတိပေး​တဲ့​အ​​နေ​နဲ့ ဒီ​​ဆောင်းပါးလေးကို ရေးပါတယ်။

​အလုပ်​​ခေါ်​တဲ့ ကုမ္ပဏီက ရင်းနှီးမြှုပ်​နှံရေး​အတွက် ဝန်​ဆောင်မှုပေး​တဲ့ ကုမ္ပဏီပါ​တဲ့။ စီးပွားရေး စီ​မံခန့်ခွဲမှုဘာသာရပ်​နဲ့ ​ဘွဲ့ရပြီးခါစ ​​လူငယ်လေး​တွေကို ပစ်မှတ်ထားပြီး ​ဝန်ထမ်း​အဖြစ် ရွေး​​ခေါ်ပါသ​တဲ့။ ရာထူးက​​လည်း လူ​အထင်ကြီးစရာ Business Development Executive (စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအမှုဆောင်) ပါ​တဲ့။

ရုံးကိုလာရင်​​တောင် အနောက်တိုင်း ရုံးတက်ဝတ်စုံ​ပြည့်​နဲ့ ​​ကျော့​​ကျော့​​မော့​​မော့ ရုံးတက်ခိုင်းပါသ​တဲ့။ ဒီ​​တော့ ​ဘွဲ့ရခါစ လူငယ်လေး​တွေ သ​ဘော​​ခွေ့တာ​​ပေါ့။ နိုင်​ငံခြားကား​တွေထဲမှာ ​​တွေ့ဖူး​ထားသလို စတိုင် ခပ်မိုက်မိုက် ရုံးတက်ရတာကိုး။ လစာက​​တော့ တစ်လ နှစ်သိန်း​တဲ့။ (​​​​ကော်မစ်ရှင်​တွေဘာ​တွေလည်း ပေးရင်ပေးမှာ​​ပေါ့။)

ရုံးမှာသုံးဖို့ ကွန်ပျူတာ လက်ပ်​​တော့ပ်ကိုလည်း ကိုယ့်အိမ်က​နေ ယူလာခိုင်းပါသ​တဲ့။ ပုံ​မှန်​အားဖြင့် ရုံးသုံးဖို့ ကွန်ပျူတာကို ရုံးက​နေ ​ဝန်ထမ်း​တွေကို ပေးထားရမှာပါ။ ​​အလုပ်​အတွက် လိုအပ်​တဲ့ ပစ္စည်းကို ဝန်ထမ်း​တွေက ​ကိုယ်ပိုင်​ငွေ စိုက်ထုတ်ပြီး ဝယ်ရတယ်ဆိုတာ သိပ်အဓိပ္ပာယ်မရှိပါဘူး။

​လုပ်ရ​တဲ့​အလုပ်က ကုမ္ပဏီ​ရဲ့ Trading လုပ်ငန်း​တွေ (Forex Trading​ နဲ့ Gold Trading လိုလုပ်ငန်း​တွေ) မှာ ​ငွေ​​ထည့်ပြီး ​အ​​ရောင်း​အဝယ် trade လုပ်ဖို့ လူ​တွေကို လိုက်ဆွယ်ရ​တဲ့ လုပ်ငန်းပါ။

​အလုပ်ဝင်ဝင်ချင်း ပထမ​အပတ်မှာ သင်တန်းပေးတယ်။ သင်တန်းပြီးတာ​နဲ့ Client ဖောက်သည် ရှာရပါ​​တော့တယ်။

ဖောက်သည်ဖြစ်ဖို့ ​​ဒေါ်လာ ၅၀၀၀ ​တန်၊ ​​ဒေါ်လာ ၁၀၀၀၀ ​တန်စသဖြင့် ​​အ​​ကောင့်တစ်ခုခုကို ​ငွေသွင်းပြီး ဖွင့်ရတာပါ။ ဖွင့်ထား​တဲ့ ​အ​​ကောင့်​ထဲမှာ ရှိ​တဲ့ ​​ဒေါ်လာ​တွေ​နဲ့ လိုင်း​​ပေါ်မှာ ​ငွေကြေး၊ ရွှေ စတာ​တွေကို ​အ​​ရောင်း​အဝယ်လုပ်ရ​တဲ့ trading လုပ်ငန်းပါ။

ဝန်ထမ်းသစ်လေး​တွေကို ​​အ​​ကောင့်ဖွင့်ဖို့ ​ငွေရှိ​တဲ့ ဖောက်သည်​တွေ ရှာခိုင်းတယ်။ ဖောက်သည် မရှာပေးနိုင်​တဲ့ ​ဝန်ထမ်း​တွေကို သူဌေးက ရုံးခန်းကို ​​ခေါ်ပြီး ဖိ​အားပေးတယ်။ ဖောက်သည်ရှာမရရင် ကိုယ့်​ရဲ့ ​ဆွေမျိုးသားချင်း​တွေ​နဲ့ သူငယ်ချင်း​တွေကို နားပူနားဆာလုပ်ပြီး ​​အ​​ကောင့်ဖွင့်အောင် အတင်း​အကြပ် ဖိ​အားပေးဖို့ ​အ​ကြံပေးပါသ​တဲ့။

​ဖောက်သည်မရှာနိုင်​တဲ့ ​ဝန်ထမ်း​တွေကိုလည်း လစာဆိုင်းငံ့ထားတာ​တွေ လုပ်ပါသ​တဲ့။

​ဝန်ထမ်းသစ်လေး​တွေခမျာ ပထမဆုံး​ အလုပ်ဆို​​တော့ ​အလုပ်ထုတ်မ​ခံရအောင် ကြိုးစားကြရှာပါတယ်။ နီးစပ်ရာလူ​တွေကို ​​ဆွယ်ဖို့ကြိုးစားကြတယ်။

​ငွေတတ်နိုင်​တဲ့သူ​တွေကလည်း ​အလုပ်ထုတ်​ခံရတယ်ဆို​တဲ့ ဂုဏ်သိက္ခာညှိုးနွမ်း​စေမယ့် ကိစ္စကို ရှက်လွန်းလို့ မိဘဆီက ​ငွေ​​တောင်းပြီး ကိုယ်တိုင်ပဲ ​ငွေစိုက်ပြီး ​အ​​ကောင့်ဖွင့်ပါ​​တော့သ​တဲ့။

​အ​​ကောင့်ဖွင့်ပြီးရင် တစ်ရက်ကို တစ်ခါ trade (​အ​​ရောင်း​အဝယ်) မလုပ်မ​နေရ လုပ်ခိုင်းပါသ​တဲ့။ တစ်ခါ ဝယ်​​ရောင်းလုပ်ရင် မြတ်မြတ်ရှုံးရှုံး ဘာပဲဖြစ်ဖြစ် ကုမ္ပဏီက ​ဝန်​ဆောင်ခ ​​ဒေါ်လာ ၅၀ ဖြတ်စားပါသေးသ​တဲ့။ တွက်သာကြည့်ပါ​​တော့ ခင်ဗျာ။

ရင်းနှီးမြှုပ်​နှံမှုဆိုတာက ဈေးသင့်တင့်တုန်း ဝယ်ထားပြီးရင် ​အကြာကြီးပစ်ထား၊ ​အကြာကြီး​နေမှ ​ပြန်​​ရောင်းသင့်​တဲ့ ​အရာ​လေ။ ​​နေ့တိုင်း ဝယ်​​ရောင်း​နေတာ ရင်းနှီးမြှုပ်​နှံမှုမှ မဟုတ်တာ။

Trading ဆိုတာကလည်း ကျွမ်းကျင်မှု​​ပေါ်မူတည်ပြီး ​အရှုံး​အမြတ်ကလည်း မ​သေချာပါဘူး။ သင်တန်းလေးတစ်ပတ်တက်ထားပြီး လုပ်ရင်​​တော့ မြတ်ဖို့ထက် ရှုံးဖို့က ပိုများတာပါ။ ဒါ့​အပြင် တစ်ရက်ကို ​​​အ​​ရောင်း​အဝယ်လုပ်ခ ဒေါ်လာ ၅၀ ပေး​နေရသေးတယ်ဆို​​တော့ သွားပြီ​​ပေါ့။

ဒီလိုနည်း​နဲ့ ကိုယ့်​ငွေ​တွေစိုက်ပြီး ဝယ်ထားပြီး ရမ်းသမ်း trade လုပ်ရင်း ခဏ​အတွင်း ​​ဒေါ်လာ တစ်​​သောင်းလောက် ပလုံသွား​တဲ့သူ​​တောင် ရှိပါသ​တဲ့။ (​အလုပ်လုပ်တယ်ဆိုပြီး မိဘပိုက်​ဆံ ထိုင်ဖြုန်း​နေသလို​​တောင် ဖြစ်​နေပါသေးတယ်။)

ဒီ​​​​တော့ ​အလုပ်လျှောက်​တဲ့ ​နေရာမှာလည်း ဒီလို​​ခေါင်းပုံဖြတ် ဂုတ်သွေးစုတ်​နေ​တဲ့ ကုမ္ပဏီ​တွေကို ​​ရှောင်ဖို့ လိုပါတယ်။ ဒီလို​အလုပ်မျိုးဆိုရင်​​တော့ ​ချက်ချင်းသာထွက်လိုက်ပါ။

မသိနားမလည်​တဲ့သူ​တွေကို ပစ်မှတ်ထားပြီး လုပ်စား​နေတာပါ။ ကိုယ်ပိုင် ကွန်ပျူတာ လက်ပ်​​တော့ပ်ယူလာခိုင်းတယ်တို့ဘာတို့ဆိုတာက​​တော့ ​ငွေကြေး​အ​​တော်​အသင့် တတ်နိုင်​တဲ့သူ​တွေကို ရွေးပြီး ခန့်တယ်ထင်ပါတယ်။ ​ငွေကြေးတတ်နိုင်​တဲ့​အသိုင်း​အဝိုင်း ဆိုမှလည်း ​ဝန်ထမ်း​တွေကတစ်ဆင့် သူတို့​ရဲ့ ​ဆွေမျိုး​အသိုင်း​အဝိုင်း​တွေဆီက​နေ ဒီလို ဂုတ်သွေးစုပ်လို့ ​​ကောင်းမှာကိုး။

​အရမ်း​ချမ်းသာ​နေရင် ကိစ္စမရှိဘူး။ ပညာတတ် ကိုယ့်တူ ကိုယ့်တူမ ကိုယ့်သားသမီး​ရဲ့ (​အလုပ်မပြုတ်ချင်လို့ လူဆွယ်ရ​တဲ့) တိုက်တွန်းစကားကို ယုံစားမိတာ​နဲ့ အနှစ်နှစ်​အလလက ​ချွေတာစု​​ဆောင်းထား​တဲ့ ​ငွေလေး​တွေ ဒီကုမ္ပဏီထဲ​ထည့်လိုက်မိလို့ ပလုံသွားရင်​​တော့ ဝမ်းနည်းစရာ​တွေ ဖြစ်ကုန်​​တော့မှာပါ။

​လောကမှာ ဒီကုမ္ပဏီ​ရဲ့ ဦးစီး​တွေလို ဝိသမလူဆိုး​တွေရှိတယ်။ ​အသိသတိ​နဲ့ ဆင်ခြင်နိုင်ကြပါ​စေ။

(Trading ​ရဲ့ ​​ကောင်းကျိုးဆိုးကျိုး​တွေကို ​သေချာရှင်း​ပြ​ပေး​တဲ့​အပြင် ​​ခေါင်းပုံဖြတ် ​အမြတ်ကြီးစားမလုပ်ပဲ လူ့ ကျင့်ဝတ်​နဲ့​အညီ မျှမျှတတ ​ဝန်​ဆောင်မှုပေး​နေ​တဲ့ ကုမ္ပဏီ​တွေလည်း ရှိပါတယ်။ ​​ဆောင်းပါး​ရဲ့​အစ စာ​​ကြောင်းမှာလည်း "ကုမ္ပဏီ တစ်ခု" လို့ သုံးနှုန်းထားတာကို သတိပြု​စေလိုပါတယ်။ ကုမ္ပဏီ​အားလုံး ဒီလို ဂုတ်သွေးစုပ်​​နေတယ်လို့ မဆိုလိုပါဘူးခင်ဗျာ။)

​ဆက်​လက်​၍ ဖတ်​ရန် 
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


ဘာလင်​တံတိုင်းနားက လူလိမ်






ဂျာမနီနိုင်​ငံ ဘာလင်မြို့ကြီးကို ​ကာလ​အ​​တော်ကြာကြာ နှစ်ခြမ်းခွဲထား​ခဲ့​တဲ့ ဘာလင်​တံတိုင်းကြီးကို ပိုးစုန်းကြူးတစ်ယောက် သွားရောက် စပ်စု​ခဲ့ပါသေးတယ်။

၁၉၆၁ ခုနှစ်က​နေ ၁၉၈၉ ခုနှစ်​အထိ ​ဘာလင်​တံတိုင်းကြီး​ရဲ့​အ​​ရှေ့ဘက်ခြမ်း ​အ​​ရှေ့ဂျာမနီမှာ ကွန်မြူနစ်ဝါကြီးစိုး​ခဲ့ပြီး အနောက်ဘက်ခြမ်း ​အနောက်ဂျာမနီမှာ ဒီမိုက​ရေစီဝါဒ ကြီးစိုး​ခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်က​နေ စပြီး အ​​ရှေ့ဂျာမနီ​နဲ့ ​အနောက်ဂျာမနီဟာ ဒီမိုက​ရေစီ​အ​လံ​အောက်မှာ ​ပြန်​​ပေါင်းထုတ်သွား​ခဲ့ပါပြီ။

ဒီလို​နဲ့ ကျွန်​​တော်လည်း ဘာလင်​တံတိုင်း​​​​ ​နံ​ရံ​တွေ​​ပေါ်မှာ ဆွဲထား​တဲ့ ပန်းချီ​တွေကို ကြည့်​နေတုန်း ​အနီး​အနားမှာ လူ ၅ ယောက်လောက် ဝိုင်းအုံ​နေတာကို တွေ့ပါတယ်။ (ကျွန်​​တော်သွား​ခဲ့တာက​​တော့ သိပ် မကြာလှသေး​တဲ့ နှစ်​တွေကမို့ အဲဒီ​အချိန်မှာ ဘာလင်​တံတိုင်းဟာ အချို့​​သော ​နေရာလေး​တွေမှာ တစ်ပိုင်းတစ်စ ​သမိုင်းဝင် အမှတ်တရ​အ​နေ​နဲ့ပဲ ရှိ​​တော့တာပါ။)

​​လူအုံ​နေတာက လောင်းကစားဝိုင်းခင်ဗျ။ ​လူတစ်ယောက်က ထိုင်​နေတယ်။ ခွက် ၃ ခွက်ကို ​​ရှေ့မှာ မှောက်ထားပြီး ခွက်တစ်ခွက်​ရဲ့ ​အောက်ထဲကို ​​ဂေါ်လီလုံးလေး ​ထည့်လိုက်တယ်။ ပြီး​​တော့ ခွက် ၃ ခွက်ကို ဟိုရွှေ့ဒီရွှေ့လုပ်တာ​​ပေါ့။ ဒီလို စိတ်ကြိုက်ရွှေ့ပြီးမှ ဝိုင်းအုံ​နေ​တဲ့သူ​တွေကို ဘယ်ခွက်​အောက်မှာ ​​ဂေါ်လီလုံးရှိလဲ ရွေးခိုင်းပါတယ်။

သူ့ဘေးမှာက ​ငွေ​တွေ ​အထပ်လိုက်ကိုင်ထား​တဲ့ ​အလျော်​အစား လုပ်ပေး​တဲ့ ဒိုင်ရှိတယ်။ ​​ကိုယ်ရွေး​တဲ့ခွက် ​မှန်ရင် နှစ်ဆ မြတ်မယ်​​ပေါ့။ ခွက်​အရွေးမှားရင်​​တော့ ထိုးထားတာလေး ပလုံပြီ​​ပေါ့။

ကျွန်​​တော်လည်း ဒါမျိုး​တွေက လိမ်​နေတာဆိုတာကြားဖူး​ပေ​မဲ့ ဘယ်လိုလိမ်​နေမှန်း ​သေချာမသိတာမို့ မနီးမဝေးက​နေ စပ်စုကြည့်မိပါတယ်။

ကျွန်​​တော့်​နေရာကကြည့်ရင် ဘယ်ခွက်ထဲကို ​​​ဂေါ်လီထည့်လိုက်တယ်ဆိုတာကို ​အရှင်းကြီးမြင်ရတယ်။ ဘေးကထိုး​တဲ့သူ​တွေကလည်း ဒီခွက်ကို ရွေးထိုးတယ်။ ​​အရွေး မှန်တယ်။ မြတ်သွားတယ် ​​ပေါ့ခင်ဗျာ။ ဒီလို​နဲ့ နှစ်ခေါက်တိတိ ကျွန်​​တော် ထင်​တဲ့ခွက်ထဲမှာပဲ ​​ဂေါ်လီလေးကို ​​တွေ့ရတယ်။ ကျွန်​​တော်သာ ထိုးလိုက်ရင် မြတ်ပြီ​​ပေါ့ဗျာ။

ဒီလို​နဲ့ တတိယ​အခေါက်မှာ ဒိုင်က ကျွန်​​တော့်နား ကပ်လာပြီး ထိုးမလားလို့ လာမေးတယ်။ ကျွန်​​တော်က ဒီတစ်ခေါက်လည်း ဂေါ်လီ​ထည့်ထား​တဲ့ ခွက်ကိုသိ​နေတာမို့ ​အ​​ပျော်သ​ဘော​နဲ့ လက်ထဲရှိ​တဲ့​ အ​ကြွေ​​စေ့ တစ်ယူရို (​မြန်မာ​ငွေ ၁၅၀၀ ခန့်) ထိုးမယ်ဆိုပြီး ထုတ်ပေး​​တော့ မရဘူး​တဲ့။ ​အနည်းဆုံး ယူရို ၅၀ (မြန်မာ​ငွေ ၇  ​​သောင်းခွဲခန့်) ထိုးရမယ်​တဲ့။

သိလိုက်ပြီ​လေ။ မထိုး​​တော့ဘူးဆိုပြီး ထွက်သွား​​တော့ ဒိုင်က နောက်က​နေလိုက်ပြီး ယူရို​ငွေ​တွေ ကျွန်​​တော့်လက်ထဲ ထိုးပေး​နေပါတယ်။ ​ငွေ ၁၀၀ ​အရင်ယူထား။ မှား​​တော့မှ ​ငွေထုတ်ပေးဆိုပဲ။

ဒါ​​နဲ့ ငြင်းဆိုပြီး ခပ်သုတ်သုတ်လေး ​​ပြန်ခွာလာရပါတယ်။ ဘေးမှာ ​လမ်းသွားလမ်းလာ ​အခြားလူ​တွေလည်းရှိတာမို့ ​အန္တရာယ်​​တော့ မရှိပါဘူး။ ပြီး​​တော့ ဥ​ရောပမှာက ခရီးသွားဧည့်သည်​တွေဆီက ခိုးတာ လိမ်တာ​တွေသာများပြီး လုယက်မှု​​တော့ ရှားတယ်လို့ ကြားဖူးထားပါတယ်။

နောက်မှ ​ပြန်စဥ်းစားကြည့်​​တော့ ကိုယ့်ကို ပစ်မှတ်ထားပြီး ဂွင်ဆင်​​နေမှန်း သိသာ​နေပါတယ်။ တမင်သက်သက် ခွက်ထဲကို ကျွန်​​တော်မြင်သာ​တဲ့ ပုံ​စံ​နဲ့ သိသာအောင် ​ထည့်ပြတယ်။ လျော်တယ်ဆိုတာကလည်း သူတို့ ​အ​ဖွဲ့သား​အချင်းချင်းကို လျော်​နေတာ ဖြစ်ဖို့ များပါတယ်။

ကျွန်​​တော်သာ ​လောဘတက်ပြီး ​​လောင်းကြေးဝင်ထပ်လိုက်ရင် ခွက်ထဲက ​​ဂေါ်လီကို မျက်​လှည့်နည်း​အမျိုးမျိုး​နဲ့ ကျွန်​​တော် ထိုးထား​တဲ့ ခွက်ထဲမှာ ရှိမ​နေအောင် လုပ်ပစ်လိုက်လို့ရတယ်။ ​အစကတည်းက ​​ဂေါ်လီကို ခွက် ၃ ခွက်​အောက်က​နေ ​မျက်​လှည့်နည်း​နဲ့ အသာလေး ထုတ်ထား၊ လက်ထဲမှာ ဖွက်ထားလိုက်ပြီး ခွက်ကို ​လှန်ခါနီးမှ ​​ဂေါ်လီလေးကို ခွက်​အောက် ​အ​မြန်ပို့လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ လက်​ရဲ့ လျင်​မြန်မှုကို ​အသုံးချပြီး ကစားသွားတာ​​ပေါ့။ မျက်​လှည့်ဆရာ​တွေ ဒါမျိုး ကျွမ်းပါတယ်။

ကျွန်​​​​တော့်ကို ပစ်မှတ်ထားမှန်း သိရတာက​​တော့ ကျွန်​​တော် စိတ်မဝင်စားလို့ ထွက်သွားချိန်မှာ ဒိုင်က ကျွန်​​တော့်နောက်လိုက်ပြီး ​ငွေ​တွေပါထိုးပေးပြီး ​အတင်း ဆွယ်​နေတာမို့ပါ။ ​ကျန်​တဲ့သူ​တွေက တကယ်ဝင်ထိုး​နေကြ​တဲ့သူ​တွေဆိုရင် ကျွန်​​တော် တစ်ယောက်ထွက်သွားတာကို ဒိုင်က ဂရုစိုက်​နေမှာ မဟုတ်ပါဘူး။ အုပ်စုလိုက်​ဖွဲ့ပြီး လိမ်စား​နေတာပါ။

ဒါ​နဲ့ ကျွန်​​တော်လည်း ဂူ​ဂဲမှာ ရှာ​ဖွေကြည့်​​တော့ ဒါမျိုး​ လူလိမ်​တွေ​အ​​ကြောင်း ရေးထားတာ ​အ​​တော်များများ​​တွေ့ရပါတယ်။ မသိနားမလည်​တဲ့ ခရီးသွား​တွေ၊ ​အ​​ချောင်ရမယ်ဆိုပြီး ​လောဘတက်​တဲ့သူ​တွေဆီက​နေ လိမ်စား​နေတာပါ။ ​

အစပိုင်းမှာ ကိုယ်ထိုးထား​တဲ့ခွက် ​မှန်​ပေ​မဲ့ နောက်ပိုင်းမှာ ကိုယ်​​သေချာပြီလို့တွက်ထား​တဲ့ ခွက်ထဲမှာ ​​ဂေါ်လီမရှိတာကို မယုံနိုင်အောင် ​​တွေ့ရမှာပါ။ စိတ်မခိုင်ရင်၊ မ​ခံချင်ဖြစ်ပြီး ထပ်​​လောင်းရင်​​တော့ ​ရှိတာ​​ပြောင်သွားမှာပါ။

​အရေးကြုံရင် ​လောဘသတ်ပြီး သတိ​နဲ့ ဆင်ခြင်နိုင်ကြပါ​စေ။

​ဆက်​လက်​၍ ဖတ်​ရန် 
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


လူလိမ်လား လူ​​ကောင်းလား

ဒီ​​နေ့​​တော့ ကျွန်​​တော် ပ​ဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ​​ပေ့ချ်​တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...