စီးပွားရေးလုပ်ငန်းလုပ်ကြတဲ့အခါ အများစုက "ငွေများများရတဲ့ လုပ်ငန်း ဘာလုပ်ရင်ကောင်းမလဲ" လို့အရင် တွေးကြပါတယ်။ မှားတယ်လို့တော့ မဆိုသာပါဘူး။ စီးပွားရေးလုပ်တယ်ဆိုကတည်းက ငွေရဖို့ကလည်း အရေးကြီးတာကိုး။
ဒီလိုတွေးတာထက် ပိုပြီးကောင်းတဲ့ အတွေးရှိပါတယ်။ ဒါကတော့ "လူတွေမှာ ဘာပြဿနာတွေ၊ လိုအပ်ချက်တွေရှိလဲ။ ဒါတွေကို ဘယ်လိုဖြေရှင်း ဖြည့်ဆည်းပေးရင် ကောင်းမလဲ" လို့ တွေးဖို့ပါ။
ငွေရှာဖို့ကို ဦးတည်ပြီး စီးပွားရေးလုပ်တဲ့အခါ ငွေရရင်ပြီးရောသဘောမျိုး လုပ်တတ်သွားကြပါတယ်။ အများအတွက် အကျိုးရှိလား၊ အကျိုးယုတ်လား သိပ်မတွေးဖြစ်တော့ပဲ ကိုယ်ကျိုးအတွက် အရင်တွေးမိတတ်ကြပါတယ်။
လူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ကို ဦးတည်ပြီး စီးပွားရေးလုပ်တဲ့အခါ လူတွေကို ကူညီဖို့ကို အရင်စဥ်းစားပါတယ်။ လူတွေကို ကူညီပြီး သူတို့ရဲ့ ပြဿနာတွေ၊ လိုအပ်ချက်တွေကို ဖြေရှင်းပေးလိုက်ပြီးမှ အဲဒီဝန်ဆောင်မှုအတွက် တန်ရာတန်ကြေး ငွေပြန်ယူဖို့ကို တွေးပါတယ်။
လူ့လောကရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့၊ လူတွေရဲ့ ဘဝတိုးတက်ပြောင်းလဲအောင်လုပ်ဖို့ ကြိုးစားရင်း ကျိကျိတက်ချမ်းသာသွားကြတဲ့သူတွေရှိပါတယ်။
ဂျက်ဖ်ဘေဇို့ဇ် Jeff Bezos တို့၊ ဂျက်မာ Jack Ma တို့ဟာ လူအများအတွက် အရောင်းအဝယ်တွေကို အင်တာနက်ကနေ အဆင်ပြေပြေ လွယ်လွယ်ကူကူ လုပ်လို့ရအောင် ကူညီပေးရင်းနဲ့ ချမ်းသာလာကြတာပါ။ လိုချင်တာရှိရင် အိမ်ကနေ ဖုန်းလေးနဲ့ ကွန်ပျူတာလေးနဲ့ အချိန်မကုန် လူမပင်ပန်းပဲ အေးအေးဆေးဆေး လှမ်းမှာလိုက်ရုံပါပဲ။
လူတွေ ကွန်ပျူတာသုံးပြီး အလုပ်တွေကို တွင်တွင်ကျယ်ကျယ် မြန်မြန်ဆန်ဆန်လုပ်နိုင်ဖို့ ကုမ္ပဏီထောင်ပြီး Microsoft Operating System နဲ့ ဆော့ဖ်ဝဲတွေကို တီထွင်ရောင်းချခဲ့တဲ့ ဘေလ်ဂိတ်စ် Bill Gates လည်း ကျိကျိတက် ချမ်းသာသွားခဲ့ပါတယ်။
ဟင်နရီဖော့ဒ် Henry Ford ကတော့ မော်တော်ကားတွေကို ဈေးသက်သက်သာသာနဲ့ ထုတ်လုပ်ပေးပြီး လူတွေ မြန်မြန်ဆန်ဆန် ကူးသန်းသွားလာနိုင်အောင် ကူညီပေးရင်း ချမ်းသာသွားခဲ့ပါတယ်။
ဒါကတော့ ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောနေတာပါ။ နီးနီးနားနားကို ကြည့်ရအောင်။
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း လူတွေကို ကူညီတဲ့ စီးပွားရေးလုပ်ရင်း အသက်မွေးနေတဲ့သူတွေ အများကြီးပါ။ လူတွေရဲ့ စားဝတ်နေရေး ကိစ္စအဝဝကို ကူညီဖြေရှင်းပေးရင်း ဝင်ငွေရှာတဲ့ သမာအာဇီဝကျတဲ့ စီးပွားရေးလုပ်ငန်းတွေ လက်ညှိုးထိုးမလွဲ ရှိပါတယ်။
ဈေးနဲ့ဝေးတဲ့နေရာမှာနေတဲ့ လူတွေအတွက် အနီးအနားမှာ လွယ်လင့်တကူဝယ်လို့ရအောင် ကူညီပေးတဲ့ ကုန်စုံဆိုင်လေးတွေ ရှိတယ်။ အိမ်မှာ ချက်စားဖို့ အဆင်မပြေတဲ့သူတွေ၊ ပျင်းတဲ့သူတွေ၊ ဟင်းချက်ညံ့တဲ့သူကို ကူညီဖို့ စားသောက်ဆိုင်လေးတွေ ရှိတယ်။ လူတွေရဲ့ ဆံကေသာ သပ်ရပ် ကျော့ရှင်းအောင် ကူညီပေးဖို့ ဆံသဆိုင်လေးတွေရှိတယ်။ နယ်ကတက်လာတဲ့၊ နေစရာ အိမ်ပိုင်မရှိသေးတဲ့သူတွေကို ကူညီဖို့ တန်ဖိုးနည်း အဆောင်လေးတွေရှိတယ်။
ဒီတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ နေ့စဥ်ကြုံတွေ့နေရတဲ့ အခက်အခဲ ပြဿနာလေးတွေကို မျက်စေ့ဖွင့် နားစွင့်ပြီး ရှာကြည့်နေဖို့ လိုပါတယ်။ ဒီပြဿနာတွေဟာ ကိုယ့်အတွက် အခွင့်အရေးတွေ ဖြစ်လာနိုင်ပါတယ်။
ပြဿနာတွေကို တွေ့ပြီဆိုရင်တော့ ဒီပြဿနာတွေကို ဘယ်လို ဖြေရှင်းပေးနိုင်မလဲ စဥ်းစားရမှာပါ။ အခြား ဒေသ၊ အခြားနိုင်ငံတွေမှာ အလားတူ ပြဿနာတွေကို ဘယ်လိုဖြေရှင်းကြလဲ လေ့လာရမှာပါ။ ဒါတွေကို စဥ်းစားပြီးမှသာ ကိုယ်ဖြေရှင်းပေးလိုက်တဲ့ ပြဿနာတွေအတွက် အဖိုးအခ ဘယ်လိုပြန်ယူမယ်ဆိုတာကို တွေးသင့်တာပါ။
သူဌေးကြီး ဟင်နရီဖော့ဒ်က "ငွေရဖို့ကလွဲပြီး အခြားဘာကောင်းကျိုးမှ မပေးနိုင်တဲ့ စီးပွားရေးလုပ်ငန်းဟာ ခပ်ညံ့ညံ့ စီးပွားရေးလုပ်ငန်းပါ" လို့ပြောခဲ့ပါတယ်။
ငွေရဖို့ကလွဲပြီး ဘာကောင်းကျိုးမှမပေးတဲ့ လုပ်ငန်းမျိုးတွေ၊ လောကကို ဆိုးကျိုးတွေပေးတဲ့ လုပ်ငန်းမျိုးတွေ ရှောင်ကြပါ။ လူ့လောကကို အကျိုးပြုပြီး လူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးတဲ့ လုပ်ငန်းမျိုးတွေကို များများတွေးပြီး များများလုပ်ကြပါလို့ တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
Sunday, September 27, 2020
ငွေရှာဖို့ ဒီလိုတွေးပါ
Subscribe to:
Post Comments (Atom)
လူလိမ်လား လူကောင်းလား
ဒီနေ့တော့ ကျွန်တော် ပဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ပေ့ချ်တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...
-
လိုင်းပေါ်မှာ စီးပွားရေး ပန္နက် (Business Plan) ရေးဆွဲနည်းသင်တန်းတွေ ကြော်ငြာနေတာတွေ့ရပါတယ်။ သင်တန်းကြေးတွေကလည်း မနည်းလှပါဘူး။ သင်တန်းပေ...
-
မနေ့က ဘိုးတော် ပိုးစုန်းကြူး အကြောင်းရေးတာ မြန်မာနိုင်ငံမှာ လိမ်ခဲ့ကြတဲ့ လိမ်နည်းတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ရုံသာမက Cryptocurrency လို့ခ...
-
ခုခေတ် ကျွန်တော်တို့ အများစုမှာ လက်ကိုင်ဖုန်းတွေကိုယ်စီ ရှိကြပါတယ်။ နောက်ဆုံးပေါ် ဖုန်းသစ်လေးတွေကို မြင်ရင် လိုချင်တဲ့ စိတ်လေးတွ...
No comments:
Post a Comment