လတ်တလော လိုင်းပေါ်မှာ လူပြောများနေတာလေးပါ။ M နဲ့စတဲ့ Online Shopping App ကနေ လူတွေကို ငွေတွေ အလကားပေးနေပါသတဲ့။ တစ်ရက် တစ်သောင်းရနိုင်ပါသတဲ့။ ရတဲ့သူတွေလည်း ရကုန်ကြပြီဆိုပြီး ရှဲနေကြပါတယ်။
ဒါနဲ့ ကျွန်တော်လည်း စုံစမ်းကြည့်တော့ ဒီလိုလေးသိရပါတယ်။ ပြောပြပေးတဲ့ ညီအစ်ကိုတွေကိုလည်း ကျေးဇူးတင်ပါတယ်။
ဒီကုမ္ပဏီဟာ လိုင်းပေါ်ကနေ ပစ္စည်းတွေရောင်းတဲ့ Online Shopping အသစ်တစ်ခုပါ။
သူတို့ App လေးကို လူပိုသိပြီး လူပိုသုံးလာအောင် ဈေးကွက်ထွင်တာပါ။ ဈေးကွက်ထွင်ပုံက ဒီလိုပါ။
အရင်ဆုံး App လေးကို ဒေါင်းပြီး မှတ်ပုံတင် စာရင်းသွင်းလိုက်ရင် အကောင့်ထဲကို ငွေ ၉၀၀၀ ကျော် ထည့်ပေးပါတယ်။ ဒီငွေ ၉၀၀၀ ကျော်ကို ထုတ်ချင်ရင် ချက်ချင်း ထုတ်လို့မရပါဘူး။ ငွေတစ်သောင်းပြည့်မှ ပေးထုတ်ပါသတဲ့။
ဒီတော့ ငွေတစ်သောင်းပြည့်အောင် ဘာလုပ်ရမလဲ။ ကိုယ့် အသိုင်းအဝိုင်းက အသိမိတ်ဆွေတွေကို ဖိတ်ခေါ်ပြီး သူတို့ကို စာရင်းသွင်းခိုင်းရပါတယ်။ ဒီလို လူခေါ်ပေးရင် အကောင့်ထဲမှာ ငွေထပ်တိုးပါတယ်။
အစပိုင်းမှာတော့ လူတစ်ယောက်ကို ဖိတ်ခေါ်ပေးနိုင်ရင် မြန်မာကျပ်ငွေ ရာဂဏန်းရပါသတဲ့။ ဒီတော့ လူ ၁၀ ယောက်လောက်ကို ဖိတ်ခေါ်ပေးနိုင်ရင် ငွေ တစ်ထောင်ကျော်ရပြီ။ ကနဦးမှာ ပေးထားတဲ့ ငွေ ၉၀၀၀ ကျော်နဲ့ ပေါင်းရင် တစ်သောင်းပြည့်ပြီပေါ့။ ဒါဆိုရင် လွှဲခ ၁၅၆ ကျပ် အရင်သွင်းလိုက်ရင် ငွေတစ်သောင်းထုတ်လို့ရပါသတဲ့။ ငွေထုတ်ဖို့ ၃ ရက်တော့ စောင့်ရပါသတဲ့။
ဒါပေမဲ့ ဒီလိုရတာ လူနည်းစုဖြစ်မယ် ထင်ပါတယ်။
ခုလတ်တလောမှာတော့ လူတစ်ယောက်ကို အောင်အောင်မြင်မြင် ဖိတ်ခေါ်နိုင်ရင် မြန်မာငွေ ၃ ကျပ်လောက်ပဲ ရပါတော့သတဲ့။ ဒီတော့ ငွေ တစ်ထောင်ရဖို့ကို လူအယောက် ၂၀၀ ကျော်၊ ၃၀၀ လောက်ကို အောင်အောင်မြင်မြင်ဖိတ်ခေါ်နိုင်မှ ရမှာပါ။
ဒီလို လူအယောက် ၂၀၀ ကျော် ၃၀၀ လောက်ကို ခေါ်ဖို့ အချိန်ဘယ်လောက်ရတယ် ထင်လဲ။ ၂၄ နာရီပါတဲ့။ ၂၄ နာရီအတွင်း လူအယောက် ၂၀၀ ကျော် ၃၀၀ လောက်ကို သူတို့ရဲ့ ဖုန်းတွေထဲမှာ App ကို ထည့်ပြီး စာရင်းသွင်းခိုင်းရမှာပါ။ ၂၄ နာရီအတွင်း အကောင့်ထဲမှာ ငွေတစ်သောင်း မပြည့်ရင် ဘာဖြစ်မလဲ။ ဟုတ်ကဲ့ ငွေတွေအားလုံး ပျောက်သွားပါတယ်။
အယောက် ၁၀၀ ကို အောင်အောင်မြင်မြင် ဖိတ်ခေါ်နိုင်ရင်လည်း တစ်သောင်းဖိုးပြည့်အောင် မရှာနိုင်တာကြောင့် တစ်ရက်စာ ပလုံသွားပါတယ်။ နောက်နေ့မှာ ဒီလိုပဲ အသစ်က ပြန်စပြီး ကြိုးစားရမှာပါတဲ့။
ပြန်စဥ်းစားကြည့်ကြပါ။ ၂၄ နာရီအတွင်း လူ ၂၀၀၊ ၃၀၀ လောက်ကို ဖိတ်ခေါ်နိုင်ပါ့မလား။ မခေါ်နိုင်ရင် တစ်နေ့တာလုံး အာပေါက်အောင်ရှင်းပြထားရသမျှ အားလုံး သဲထဲရေသွန် ဖြစ်ပြီ။
ကိုယ်ပေးလိုက်ရတဲ့ အချိန်နဲ့ လိုင်းပေါ်တက်ရင်း ကုန်တဲ့ ဘေလ်နဲ့၊ App ကို ဒေါင်းလို့ ဒေတာကုန်တာနဲ့ သေချာလည်း ပြန်တွက်ကြည့်ကြပါဦးခင်ဗျာ။ လူအယောက် ၃၀၀ ဒေါင်းလိုက်တဲ့ ကုန်တဲ့ စုစုပေါင်း ဒေတာဖိုးတင် ငွေတစ်သောင်းဖိုးလောက် ဖြစ်နေပါပြီ။ (WiFi/Unlimited Data သုံးနေရင်တော့ ခြွင်းချက်ပါ။)
သေချာတွက်ကြည့်လို့ မဟန်မှန်း သိတဲ့သူတွေကတော့ တပ်ခေါက်ပြီး နောက်ဆုတ်သွားကြပါပြီ။ ဘုမသိ ဘမသိ၊ ဘူမသိ ကိုးမသိတွေ ယောင်လည်လည်နဲ့ ကျန်ခဲ့ပါတယ်။ လူအများစုဟာ ဘာမှမရပဲ ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်ဖုန်းဘေလ် ကိုယ်ဖြည့်ရင်း သူတို့ရဲ့ Online Shopping App ကို အခမဲ့ ကြော်ငြာပေးနေသလိုဖြစ်နေပါတယ်။
ဒီ ကုမ္ပဏီက ဘာ့ကြောင့် ဒီလိုလုပ်ရသလဲ ရှင်းပြပါရစေ။ ပုံမှန်အားဖြင့် ကုမ္ပဏီတစ်ခုကို လူသိများဖို့၊ သူတို့ရဲ့ App ကို လူတွေ ဒေါင်းပြီးသုံးဖို့ ငွေတွေ အများကြီး အကုန်အကျခံပြီး ကြော်ငြာရပါတယ်။ အချို့ဆို ငွေ သိန်းပေါင်း ရာထောင်ချီသုံးပြီး ကြော်ငြာကြပါတယ်။ မားကတ်တင်းဆင်းရပါတယ်။
ခုတော့ ဒီနည်းလေးကို သုံးပြီး လူတွေကို ဖိတ်ခေါ်ပေးခ (အချင်းချင်း အဆင့်ဆင့် ဖြန့်ပွား ကြော်ငြာပေးခ) မဖြစ်စလောက်ငွေလေး ပြန်ပေးတဲ့သဘောပါ။ ဒါတောင် အစပိုင်း လူသိပ်မသိခင်တုန်းက ဖိတ်ခေါ်ပေးတဲ့လူတွေလောက်ပဲ တစ်ရက် ငွေတစ်သောင်းပြည့်အောင် လုပ်နိုင်ခဲ့ကြတာပါ။
ခုနောက်မှ ဝင်လာတဲ့သူတွေကို လူတစ်ယောက် ခေါ်ပေးမှ နှစ်ကျပ်သုံးကျပ်လောက်ပဲ ပေးတော့တာ။ ဒီတော့ ငွေတစ်သောင်း ပြည့်ဖို့ မလွယ်တော့ပါဘူး။ ကွန်ရက်ကျယ်ပြန့်တဲ့ လူနည်းစုပဲ ရနိုင်တာပါ။
နောက်တစ်ခု ဂျင်းထည့်ထားတာက ၂၄ နာရီအတွင်း လူပြည့်အောင် မခေါ်နိုင်လို့ ငွေတစ်သောင်းမပြည့်ရင် နောက်နေ့မှာ အရင်နေ့က ကိုယ်လူခေါ်ပေးထားလို့ရထားတဲ့ငွေတွေ အကုန်ပျောက်သွားတော့တာပါပဲ။ ပြီးတော့ အချို့လူတွေပြောတာက ငွေတစ်သောင်းမပြည့်ခင် နည်းနည်းလေးလိုတဲ့အချိန်မှာ လူခေါ်ပေးခကို လျှော့ချလိုက်ပါသတဲ့။ တစ်သောင်းပြည့်ခါနီးမှ လူတစ်ယောက်ခေါ်ခကို ပြား ၄၀ ပဲ ပေးပါတော့သတဲ့။ ဒီတော့ တစ်သောင်း ဘယ်လို ပြည့်ပါတော့မလဲ။
ဒီတော့ ကုမ္ပဏီအနေနဲ့လည်း လူအများစုကို ငွေပေးစရာမလိုပဲ တစ်သောင်းပြည့်အောင် လူအများကြီးကို စည်းရုံးအားကောင်းတဲ့လူတွေလောက်ကိုသာ ငွေပေးရတာပါ။ ကုမ္ပဏီအနေနဲ့လည်း ပုံမှန်နည်းနဲ့ ကြော်ငြာတာထက်ကို လူပိုသိပြီး အကုန်အကျလည်း သက်သာတာပေါ့။
ဒီတော့ အချုပ်အရပြောရရင် ဒီကုမ္ပဏီဟာ လိမ်နေတာတော့ ဟုတ်ဟန်မတူပါဘူး။ (ဒါလည်း စောင့်တော့ ကြည့်ရဦးမှာပါ။) သူတို့ပေးတဲ့ ငွေတစ်သောင်းကို ရဖို့ ခဲယဉ်းလှတာကြောင့် ကျွန်တော်ဆိုရင်တော့ ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်လိုင်းကိုယ်သုံးရင်း ပရဟိတမဟုတ် ဘာမဟုတ် သူတို့ကို အချိန်ပေးပြီး မကူညီနိုင်ပါဘူးခင်ဗျာ။
စဥ်းစား ချင့်ချိန်နိုင်ကြပါစေ။ ဝေလေလေ အလုပ်တွေကို ရှောင်ကြပါ။ အလကားရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဘာခိုင်းခိုင်းလုပ်တတ်တဲ့ အကျင့်ကို ရှောင်ကြပါ။ အလကား အခိုင်းခံရတတ်ပါတယ်။ ခုတော့ (ငွေရသွားတဲ့ လူအနည်းစုကလွဲလို့ လူအများစုဟာ) အလကားရမယ်အထင်နဲ့ နောက်ဆုံးကျ ဘာမှမရပဲ ကိုယ့်ဘက်ကပဲ အချိန်ကုန်၊ လူပင်ပန်းနဲ့ အလကား လူခေါ်ပေးလိုက်ရတဲ့ အလကားလူတွေ ဖြစ်ကုန်ကြပါရောလား ခင်ဗျာ။
အများအကျိုးအတွက် စေတနာပါလို့ အခမဲ့ အလကားလုပ်ပေးလိုက်ရတာ ကိစ္စမရှိပါဘူး။ အ,လွန်းလို့ သူများ အလကားခိုင်းတာ ခံလိုက်ရရင်၊ မသိမသာလေး နွားဖားကြိုးထိုးခံလိုက်ရရင်တော့ ရှက်စရာပေါ့။
Online Shopping ကုမ္ပဏီကို အကြံပေးချင်တာက ဒီလိုမျိုး ဈေးကွက်ဖောက်တာဟာ တစ်ခါတစ်လေမှာ ကောင်းကျိုးထက် ဆိုးကျိုးတွေ ပိုရတတ်ပါတယ်။ App ကို သုံးကြတဲ့သူ၊ စာရင်းပေးတဲ့သူ အများစုဟာ ဈေးဝယ်ချင်လို့မဟုတ်ပဲ ငွေအချောင်ရချင်လို့ ဝင်လာကြတာပါ။ ဒီထဲက ဈေးဝယ်ဖို့ဆိုပြီး App ကို ဆက်သုံးကြမယ့်သူ ရာခိုင်နှုန်း နည်းပါတယ်။ ပြီးတော့ လူအများစုဟာ ငွေတစ်သောင်း ပြည့်မီအောင် လူမခေါ်နိုင်တာတွေ၊ ၂၄ နာရီအကြာ ပျောက်သွားတဲ့ ငွေတွေရယ်ကြောင့် ကုမ္ပဏီအပေါ် ယုံကြည်မှု နည်းသွားနိုင်ပါတယ်။ အမြင်မကြည်တာတွေ ဖြစ်လာနိုင်ပါတယ်။ ကုမ္ပဏီရဲ့ ပုံရိပ်သိက္ခာကျသွားနိုင်ပါတယ်။ အထူးသတိထားရမှာပါ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
No comments:
Post a Comment