Sunday, November 1, 2020

လိုင်း​​ပေါ်က လိမ်နည်း ​​အထွေ​ထွေ

ခုတ​လော ​အလိမ်​ခံရ​တဲ့ ​အ​​ကြောင်း​တွေပဲ ကြား​နေ ဖတ်​နေရတယ် ခင်ဗျ။ ​အလိမ်​ခံရပြီးမှ ​ငွေ​ပြန်ရဖို့ မလွယ်တာ​​ကြောင့် ​အလိမ်မ​ခံရအောင် ကြိုတင်ကာကွယ်ထားတာက ​အ​​ကောင်းဆုံးပါ ခင်ဗျာ။

ခုနောက်ပိုင်း လိုင်း​​ပေါ်မှာ လိမ်တတ်ကြ​တဲ့ လိမ်နည်းမျိုးစုံကို မွှေနှောက် ရှာ​ဖွေ​​လေ့လာပြီး တစ်စုတစ်စည်းတည်း တင်ပေးလိုက်ပါတယ်။

ဒီပို့စ်လေးကို​​တော့ လူများများ​​တွေ့အောင် Share လုပ်​ မျှ​ဝေစေချင်ပါတယ် ခင်ဗျ။ ​ဖတ်မိ​တဲ့လူ​တွေ အလိမ်​ခံရ​တဲ့ ဘေးက ဝေးရအောင်ပါ။ ​အမှားမလုပ်ခင် ဖတ်မိ​တဲ့သူ​အတွက် ဒီစာလေးဟာ ၁၀ သိန်း​တန် ဖြစ်နိုင်သလို သိန်း ၁၀၀ ​တန်လည်း ဖြစ်နိုင်ပါတယ်။

ကိုယ် Share ထားတာကို ဘယ်သူမှ ​မ​​တွေ့ဘူး ဆိုရင်​​တောင် ​​ဖေ့စ်ဘွတ်ခ်​ရဲ့ အယ်ဂိုရစ်​သမ်​အရ Like, Share ​နဲ့ Comment များ​တဲ့ ပို့စ်​တွေကို လူများများ​​တွေ့ရအောင် ​အလို​အလျောက် လုပ်ပေးပါတယ် ခင်ဗျ။ Share ပြီး ရက်​အနည်းငယ်ကြာမှ ​ပြန်ဖျက်ချင်ဖျက်ပါ။ လူများများဆီ ရောက်အောင်ပါ။ ကျေးဇူးပါ။

ခရက်ဒစ်မပေးပဲ ကူးယူ​​ဖော်ပြချင်လည်း ရပါတယ်။ လူ​တွေ သိဖို့ ဖတ်မိဖို့က ​အဓိကပါ။

***********************
ရည်းစားတု ​ငွေညှစ်နည်း
***********************

​အချစ်ငတ်​နေ​တဲ့ သူ​တွေကို ပစ်မှတ်ထားပြီး လိမ်ပါတယ်။

လိုင်း​​ပေါ်မှာ ​​တွေ့ပြီး လိုင်း​​​ပေါ်မှာပဲ ချစ်ကြကြိုက်ကြမယ်။ လူလိမ်က သူလွမ်းရင် ကြည့်ဖို့ဆိုပြီး မဖွယ်မရာ ပုံ​တွေ၊ ဗီဒီယို​တွေ ရိုက်ပို့ ခိုင်းမယ်။ အသား ​ပဲ့ပါသွားတာမှ မဟုတ်တာဆိုပြီး လူလိမ်ကို ကိုယ့်​ရဲ့ ​အရှက်ကင်း​နေ​တဲ့ ဓာတ်ပုံ​တွေ၊ ဗီဒီယို​တွေ ကို ပို့ပေးမယ်။ ချစ်တာကိုး။

ဓာတ်ပုံ​တွေ၊ ဗီဒီယို​တွေရသွားပြီဆိုရင် ​ငွေညှစ်ပြီ။

​အချို့လိမ်နည်း​တွေမှာ​​တော့ လူလိမ်က သူ့ဖုန်း ​အခိုး​ခံရတာပါ။ ​အဟက်​ခံရတာပါ။ ဓာတ်ပုံ​တွေ၊ ဗီဒီယို​တွေ​ပြန်ရဖို့ ​ငွေပေးရမယ်။ တစ်ယောက်တစ်ဝက် စိုက်ပေးကြတာ​​ပေါ့ ဆိုတာမျိုး လုပ်တတ်ပါတယ်။ ​

ငွေတစ်ခါပေးမိရင် ဆက်ဆက်ပြီး ထပ်​​တောင်း​နေမှာပါ။ ရှိသမျှ ပလုံသွား​တဲ့ ​အထိပဲ။

*********************
ရည်းစားတု လိမ်နည်း
*********************

အချစ်ငတ်​နေ​တဲ့ သူ​တွေကိုပဲ ပစ်မှတ်ထားပြီး လိမ်ပါတယ်။

လိုင်း​​ပေါ်မှာ ​​တွေ့ပြီး ချစ်ကြကြိုက်ကြမယ်။ ​လူလိမ်က ​အခက်​အခဲ​တွေ​​ကြောင့် ငွေလိုလို့ ဆိုပြီး သနားအောင် ​ပြောပြီး ​ငွေချေးမယ် ​​ပေါ့။

နောက်တစ်မျိုးမှာ​​တော့ လူလိမ်က သူ့ဘက်က​နေ ငွေ​တွေပို့လိုက်တယ်၊ လက်​ဆောင်​တွေ ပို့လိုက်တယ်ဆိုပြီး လိမ်တာပါ။

လူလိမ် ​အ​ဖွဲ့သား နောက်တစ်ယောက်က ​ပစ္စည်းပို့​တဲ့ ကုမ္ပဏီ​ယောင်​ဆောင်ပြီး ဆက်သွယ်လာမယ်။ ပို့ခ ​အရင်လွှဲပါလို့​ပြောမယ်။ ပို့ခ လွှဲပြီးရင်လည်း ​အကောက်ခွန်​အတွက် ​ငွေထပ်လွှဲပါလို့ ​ပြောဦးမှာပါ။

​ငွေလွှဲလိုက်ရင် သဲထဲ​ရေသွန် ဖြစ်ပါပြီ။

**********************
​ပြည့်​တန်ဆာ လိမ်နည်း
**********************

​တဏှာ​ရဲ့ ကျေးကျွန်​တွေကို ပစ်မှတ်ထားပါတယ်။

​နှာဗူး​ (သို့) နှာဗူးမတွေကို လူလိမ်က အရင်ဆုံး ဝတ်လစ်စလစ် မ​​​​ပေါ့်တ​​​ပေါ် ဓာတ်ပုံ​တွေ ဗီဒီယို​တွေ ပို့ပေးမယ်။ ​

အပြင်မှာ ​​တွေ့ချင်လည်း ရတယ်။ သ​ဘောရှိ စိတ်ကြိုက်။ ​အဟိ။ ​ငွေ ​အရင်လွှဲပါ​တဲ့။ လွှဲလိုက်ပြီ။ ပလုံ။

*********************
​အ​မွေ​နဲ့မျှား လိမ်နည်း
*********************

​လောဘကြီး​တဲ့သူ​တွေကို ပစ်မှတ်ထားပြီး လိမ်ပါတယ်။

လူလိမ်က ဆက်သွယ်လာပါလိမ့်မယ်။ ​​သေသွား​​တဲ့ တစ်ယောက်ယောက်က ​အ​မွေ​တွေ​အများကြီး ​ချန်ထား​ခဲ့တယ် ​တဲ့။ အဲဒီ​ငွေ​တွေကို လိုချင်ရင် ​အရင်ဆုံး ​အခွန်​နဲ့ လွှဲခ ပို့ရပါမယ်​တဲ့။

လွှဲ​လေ။ ပလုံ။

*************************************
​ဘဏ်​​ဝန်ထမ်း​ ယောင်​ဆောင် လိမ်နည်း
*************************************

အင်တာနက် ​မိုဘိုင်း ဘဏ်စနစ်တို့ Wave Money တို့ကို သုံး​တဲ့သူ​တွေကို ပစ်မှတ်ထားပြီး လိမ်ပါတယ်။

​ဘဏ်က ဖုန်းဆက်​နေသလိုလို​နဲ့ ကိုယ့်​ရဲ့ ​ဘဏ်စာရင်း ​အချက်​အလက်၊ လျှို့ဝှက်​နံပါတ်၊ OTP ​တွေကိုပါ ​​တောင်းသွားပြီး သ​ဘောရှိ ​ငွေထုတ်သွားတာ မျိုးပါ။ ဘယ်​ဘဏ်ကမှ လျှို့ဝှက်​နံပါတ် ​နဲ့ OTP ​တွေကို ​​တောင်းမှာ မဟုတ်ဘူးဆိုတာ သတိပြုပါ။

*************************************
​​အစိုးရ ​အရာရှိ ယောင်​ဆောင် လိမ်နည်း
*************************************

ကြောက်တတ်​တဲ့ သူ​တွေကို ပစ်မှတ်ထားပြီး လိမ်ပါတယ်။

လူလိမ်က အစိုးရ ​အရာရှိ ​ယောင်​ဆောင်ပြီး ဆက်သွယ်လာမှာပါ။ တရားမဝင် ​ငွေပို့လို့၊ ​ငွေမည်း​တွေ ကိုင်ထားလို့ စသဖြင့် ​အမျိုးမျိုး ခြိမ်းခြောက်ပြီး ​ဘဏ် စာရင်းကို စစ်ဆေးရမယ် ဘာညာဆိုပြီး ကိုယ့်​ရဲ့ ​ဘဏ်စာရင်း ​အချက်​အလက်၊ လျှို့ဝှက်​နံပါတ်၊ OTP ​တွေကိုပါ ​​တောင်းသွားပြီး ငွေထုတ်သွားတာ မျိုးပါ။

***************************************
အွန်လိုင်း ဈေး​​ရောင်းသူ​တွေကို လိမ်နည်း
***************************************

အွန်လိုင်း ​​ရှော့ပင်း ဈေး​​ရောင်းသူ​တွေကို ပစ်မှတ်ထားပြီး လိမ်တာပါ။

လူလိမ် ​အ​ဖွဲ့သား (၁) က​နေ ပစ္စည်းတင်သွင်းသူ ​Supplier အ​နေ​နဲ့ မိတ်ဆက်လာပြီး "နိုင်​ငံခြားက​နေ ဒီပစ္စည်း​တွေ (ဥပမာ ကလေးနို့မှုန့်) ကို ဈေးဒီလောက်​နဲ့ ပို့ပေးနိုင်ပါတယ်။ ခင်ဗျားတို့ဆီမှာ ဝယ်ချင်​တဲ့သူ​တွေ ရှိရင် ​ပြောပါ​​" ပေါ့။

သိပ်မကြာပါဘူး အဲဒီ ကလေးနို့မှုန့်မျိုးမှကို ဝယ်ချင်လို့ဆိုပြီး လူလိမ် ​အ​ဖွဲ့သား (၂)က ဈေးဝယ်သူ​အ​နေ​နဲ့ လာစုံစမ်း လိမ့်မယ်။ ၁၀ ဗူး ဝယ်ချင်တယ် ​​ပေါ့။

ကလေးနို့မှုန့် တွေကို ဈေးသက်သက်သာသာ​နဲ့ ပို့ပေး​မယ့် ပစ္စည်းတင်သွင်းသူ လူလိမ် ​အ​ဖွဲ့သား (၁) လည်းရှိပြီ၊ ၁၀ ဗူး ဝယ်မယ့် လူလိမ် ​အ​ဖွဲ့သား (၂) လည်း ရှိပြီဆို​​တော့ ​အဆင်​ပြေပြီ​လေ။

အဲဒါ​နဲ့ အွန်လိုင်း ဈေး​​ရောင်းသူ​က  လူလိမ် ​အ​ဖွဲ့သား (၁) ​ဆီကို ​ငွေပို့ပြီး ပစ္စည်းလှမ်းမှာတာ​​ပေါ့။ ​

ငွေရ​​တော့ ​လူလိမ်​တွေ အပျောက်ရိုက်သွားပြီ။ ပလုံ စွပ်။

***************
​အငှါး လိမ်နည်း
***************

ရက်တို သုံးဖို့ ​အတွက် ကားငှါးစီးချင်​တဲ့ သူ​တွေ၊ အိမ်ငှါးချင်​တဲ့သူ​တွေ၊ ဟိုတယ်တည်း ချင်​တဲ့သူ​တွေ​စသဖြင့် ပစ်မှတ်ထားပြီး လိမ်ပါတယ်။

လိုင်း​​ပေါ်က​နေ ကားငှါး​တဲ့ ​ဝန်​ဆောင်မှုပေးတယ်၊ အိမ်ခန်း ငှါးဖို့ ရှိတယ်၊ ဟိုတယ်ခန်း ငှါး​​ဖို့ရှိတယ် ဆိုပြီး ​​ကြော်ငြာပါတယ်။

သူတို့ကို ဆက်သွယ်​​တော့ ငှါးဖို့ ရက်ချိန်း ကြိုတင် စာရင်းသွင်းချင်ရင် စ​ရံ​ကို ​ငွေ အရင်လွှဲခိုင်းတာပါ။ ​​ငွေလွှဲလိုက်ရင်​​တော့ ပလုံ​ပြန်ပါပြီ။ 

*****************
အိမ်ငှါး လိမ်နည်း
*****************

အငှါးချထားချင်​လို့ ​​ကြော်ငြာထား​တဲ့ တိုက်ခန်းပိုင်ရှင် အိမ်ပိုင်ရှင်​တွေ ကို ပစ်မှတ်ထားပြီး လိမ်ပါတယ်။

လူလိမ် ​အ​ဖွဲ့သား (၁) က ပိုင်ရှင်ကို ဆက်သွယ်ပြီး တိုက်ခန်း (သို့) အိမ်ခန်းကို ငှါးချင်ပါတယ်။ တစ်နှစ်စာ စာချုပ်ချုပ်မယ်။ ခုနိုင်​ငံခြားမှာ ရောက်​နေလို့ ​ဘဏ်က​နေ ​ငွေလွှဲလိုက်ပါပြီ ဆိုပြီး ​ပြောမယ်။

လူလိမ် ​အ​ဖွဲ့သား (၂) က ​ဘဏ်က​နေ ဆက်သွယ်လာသလို​နဲ့ လာပြီး ​ပြောလိမ့်မယ်။ ​ငွေရောက်​နေပြီ။ နိုင်​ငံခြားက​နေ လွှဲတာဖြစ်လို့ ​ပိုင်ရှင်က​နေ အခွန် (သို့) ​ငွေလွှဲခ ​​အရင်ပို့ပေးမှ ​ငွေ​တွေ လက်​ခံရရှိမှာဖြစ်​​ကြောင်း ​ပြောမယ်။

အခွန် (သို့) ​ငွေလွှဲခ ပို့ပေးလိုက်ရင် ပလုံပြီ။

​အချို့ လူလိမ်​တွေကျ​​တော့ ​ငွေလွှဲထားပြီဖြစ်​​ကြောင်း စာရွက်​အတု​တွေ ပို့ပေးလိမ့်မယ်။ အိမ်လခ ​အပြင် ​ငွေ​အပို​​ဆောင်းပြီး ပို့ပေးထား​​ကြောင်း၊ ၃ ရက်ဆို ​​ဘဏ်ထဲကို ငွေဝင်မှာ ဖြစ်​​ကြောင်း၊ ​လော​လောဆယ် သူ နိုင်​ငံခြားက​နေ အိမ်​​ပြောင်းလို့ ပစ္စည်း​တွေ ပို့လိုက်တာ ပို့ခ ​ရန်ကုန်မှာပေးရမှာ ​ကူညီမယ့်သူမရှိလို့ အရင် ရှင်းပေးဖို့ ​အကူ​အညီ​​တောင်းပါ​​ကြောင်း ယုံလောက်အောင် ​ပြောမယ်။

အိမ်ရှင်ကလည်း နောက် ၃ ရက် ​ငွေရမှာကို ယုံပြီး ပို့ခကို ​အရင်လွှဲပေးပြီး ကူညီလိုက်ရင် ပလုံပြီ။

***************************
​အခြား လိမ်နည်း ​အ​ထွေ​ထွေ
***************************

နောက်ထပ် လိမ်နည်း​တွေလည်း ​အများကြီး ရှိပါသေးတယ်။

1. ရင်းနှီးမြှုပ်​နှံမှု ကုမ္ပဏီ ​အတု​တွေက ​​အစမှာ ​အမြတ်​တွေ မက်လောက်အောင်ပေးပြီး ​ငွေ​​ထည့်​တဲ့သူ များလာမှ ငွေ​တွေယူပြီး လိမ်ပြေးတာ

2. ချေး​ငွေလုပ်ငန်း ​အလိမ်​တွေက ​ငွေချေးမယ်၊ ​ငွေလိုချင်ရင် မှတ်ပုံတင်ကြေး၊ ​အသင်းဝင်ကြေး၊ အတိုး စသဖြင့် ​အရင်ပေးပါ ဆိုပြီးလိမ်တာ

3. ချေး​ငွေလုပ်ငန်း ​အလိမ်​​တွေက လိုအပ်​တဲ့ စာရွက်စာတမ်း​တွေကို ​​တောင်း၊ အဲဒီ စာရွက်စာတမ်း​တွေကို ​အသုံးချပြီး အခြား ​အ​မှန်​အ​ကန် အွန်လိုင်း ချေး​ငွေလုပ်ငန်း​တွေက​နေ ကိုယ့်နာမည်သုံးပြီး ချေး​ငွေထုတ်သွားတာ

4. ​အလုပ်ရှာ​ဖွေရေး ကုမ္ပဏီ​​အလိမ်​တွေက ​အလုပ်ရချင်​တဲ့သူ​တွေကို မှတ်ပုံတင်ကြေး၊ ​အသင်းဝင်ကြေး ​အရင်လွှဲခိုင်းတာ

5. မိသားစုဝင်ထဲက တစ်ယောက်ယောက်ကို ​ပြန်ပေးဆွဲသွားပြီ။ ဘယ်သူ့ကိုမှ မ​ပြော​နဲ့။ ခုချက်ချင်း ​ငွေလွှဲမှ ​ပြန်လွှတ်ပေးမယ်ဆိုပြီး ​ပြန်ပေးဆွဲ ​ယောင်​ဆောင်ပြီး လိမ်တာ

6. ​​ဖေ့စ်ဘွတ် ​အ​​ကောင့် ဟက်​ခံရတာတို့ ဖုန်း ​အခိုး​ခံရတာတို့ ဖြစ်ပြီးနောက် ​အဟက်​ခံ ​အခိုး​​ခံရ​တဲ့ သူ​ရဲ့ သူငယ်ချင်း ​အသိုင်း​အဝိုင်းဆီက​နေ ​ငွေ သို့မဟုတ် ဖုန်း​ဘေ လျှောက်ချေးတာ

7. ထီပေါက်တယ်၊ ​ကံစမ်းမဲပေါက်တယ်။ ဆု​ငွေ​နဲ့ လက်​ဆောင်​တွေကို ထုတ်ယူချင်ရင် ပို့ခ ​ငွေ​အရင်လွှဲပါ ဆိုပြီး လိမ်တာ

8. ​​အွန်လိုင်း ​​ရှော့ပင်း ​အတု - ​​ငွေလွှဲလိုက်ရင် လစ်သွား​တဲ့ ​အလိမ်​တွေ

9. ခရီးသွား လုပ်ငန်း ​​အတု - ငွေလွှဲလိုက်ရင် လစ်သွား​တဲ့ အလိမ်​တွေ

10. ကုမ္ပဏီ​ရဲ့ ဆင်တူရိုးမှား အီးမေးလိပ်စာကိုသုံးပြီး ​​ဒါမှမဟုတ် ကုမ္ပဏီ ​ရဲ့ အီးမေးကို ဟက်ပြီး ပစ္စည်းဖိုး ​ဝန်​ဆောင်ခ စသဖြင့် ​ငွေလွှဲရမယ့်သူ​တွေဆီ အီးမေးပို့တာပါ။ ဖုန်းဆက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ​အခု ဘဏ်​​​အ​​ကောင့် ပြောင်းသုံး​နေပြီဖြစ်လို့ ပေးစရာရှိ​တဲ့ ​ငွေ​တွေကို ​လူလိမ်​ရဲ့ ဘဏ်ထဲကို လွှဲခိုင်း​တဲ့ လိမ်နည်းပါ။

11. စု​မဲ ​အလိမ် - ဒိုင်ကြေးသွင်းခိုင်းပြီး မဲ​တွေ ထုတ်မပေး​တဲ့ ဒိုင်၊ ကိုယ့်​အ​​လှည့်မရောက်ခင် ပြေး​တဲ့ စုမဲဒိုင်၊ ကိုယ့်​အ​လှည့် ​ငွေထုတ်ပြီးရင် ဆက်မ​​ထည့်​​တော့​တဲ့ သူ​တွေ။ သပွတ်အူလို ရှုပ်ထွေး​တဲ့ စုမဲပါ။ ​ဝင်ပါမိရင် အလိမ်​တွေ​ပေါလို့ ဘဝပျက်မယ်။

​အခြား ဆင်တူရိုးမှား လိမ်နည်း​တွေ ​အများကြီး ရှိပါသေးတယ်။ ချင့်ချိန်နိုင်ကြပါ​စေ။

အလိမ် မ​ခံရခင် ​အလိမ် ဟုတ်မဟုတ် လာမေးရင်​​တော့ ကျွန်​​တော် ​အတတ်နိုင်ဆုံး ​အ​ကြံပေးမှာ ပါ။

​အလိမ်​ခံရပြီး​မှ ပိုးစုန်းကြူး​ရေ ကူပါကယ်ပါဦး လို့ မလုပ်​စေချင်ပါဘူး ခင်ဗျာ။ ​​ကျွန်​​တော်လည်း ​ရဲစုံထောက်မဟုတ်လို့ တရား​ခံကို ဖမ်းမပေးနိုင်ပါဘူး။ ​​တိုးတက်ပြီး​တဲ့ နိုင်​ငံ​တွေမှာ​​တောင် ဒီလို ​ငွေလိမ်သွားရင် ​ပြန်ရဖို့ ခက်ခဲပါ​တယ်။ ​​တော်​​တော် ညံ့​တဲ့ လူလိမ်လောက်ကိုသာ ​ပြန်ဖမ်းမိကြပါတယ်။ အဲဒါ​​တောင် ​လူပဲမိပြီး ​​ငွေ​ပြန်မရတာ များပါတယ်။

မဖြစ်အောင် ကာကွယ်ထားရင် ဖြစ်ပြီးမှ ငိုရ​တဲ့ ​ဒဏ် သက်သာတာ​​ပေါ့ ခင်ဗျာ။

မနက်​ဖြန်မှာ​​တော့ ​အလိမ်မ​ခံရဖို့ ​ဆောင်​ရန် ​​ရှောင်​ရန်​​တွေကို ရေးပေးပါ့မယ် ခင်ဗျာ။

လူ​အချင်းချင်း ​​လှည့်ပတ်ခြင်း ​ကင်းရှင်းကြပါ​စေ။

လူ​အချင်းချင်း ​​ယုံလွယ်ခြင်း ​ကင်းရှင်းကြပါ​စေ။

ဆက်​လက်​၍ ဖတ်​ရန် 
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment

လူလိမ်လား လူ​​ကောင်းလား

ဒီ​​နေ့​​တော့ ကျွန်​​တော် ပ​ဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ​​ပေ့ချ်​တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...