Saturday, October 31, 2020

အကြွေးမကင်း​တဲ့ သူဌေးမင်း

ကျွန်​​တော်က ​​​ငွေကို ​ချွေတာပြီး တတ်နိုင်သမျှ ကြိုတင်စု​​ဆောင်းထားဖို့၊ ချေးငှါးပြီး ​နေထိုင်စားသောက်တာမျိုးမလုပ်​ဖို့၊ ​ကြွေး​သံသရာထဲရောက်သွားတာဟာ ငရဲကျသလိုမို့ ​အတတ်နိုင်ဆုံး ​​ရှောင်ရှားကြဖို့ ရေး​​တော့ ​စောဒကတက်ကြ​တဲ့ စကားတစ်ခွန်းက "​​ကောင်း​တဲ့​ အကြွေး​တွေလည်း ရှိပါတယ်။ သူဌေး​တွေလည်း ​အကြွေးမကင်းပါဘူး" ​တဲ့။

မမှား​တဲ့ ​စကားပါ။ ဒါ​ပေ​မဲ့ ဒီစကားကို နားလည်မှုလွဲရင် ဒုက္ခရောက်တတ်တာ​​ကြောင့် နည်းနည်းရှင်းပြပါရ​စေ။

​အကြွေးဆိုတာ မီးလိုပါပဲ။ သုံးတတ်ရင် ​အကျိုးရှိပြီး မသုံးတတ်ရင် ​အန္တရာယ်ရှိပါတယ်။

သူဌေး​တွေ အကြွေးရှိတယ်ဆိုတာ စီးပွားရေးလုပ်ငန်း တိုး​ချဲ့ဖို့ ချေးယူထားကြတာပါ။ ​​အကျိုး​စီးပွား တိုးတက်ဖို့ ချေး​ငွေကို ​အသုံးချပြီး ​အမြတ်များ​တဲ့ စီးပွားရေးလုပ်ငန်း​တွေကို လုပ်ကြတာပါ။ ​​ကောင်း​တဲ့​အကြွေးဆိုတာ ဒါမျိုးပါ။

အကြွေးမကင်းဘူး ဆို​ပေ​မဲ့ ဝင်-ထွက်-ပိုင်-ကြွေး-ကြွယ် သ​ဘောတရား​အရ သူတို့​ရဲ့ ပိုင်ဆိုင်မှု​တန်ဖိုးဟာ ​အကြွေး​တွေထက် ​အဆ​​ပေါင်းများစွာ များ​နေတာမျိုးပါ။

​အကြွေးမကင်း​ပေ​မဲ့ ​သူတို့​ရဲ့ အသားတင်ကြွယ်ဝချမ်းသာမှုက တစ်သက်စားမကုန်လို့ သူဌေးမင်း​တွေ ဖြစ်​နေကြတုန်းပါ။

ချေး​ငွေကိုလည်း ​အလွယ်ယူကြတာ မဟုတ်ပါဘူး။ ရပ်ကွက်ထဲမှာ ယူသလို ​အတိုးကြီးကြီး​နဲ့ ယူကြတာ မဟုတ်ပါဘူး။ ​​​အတိုးသက်သက်သာသာ​နဲ့ ချေးယူကြတာပါ။

ပြီး​​တော့ ချေး​ပေးတဲ့ ​ဘဏ်​တွေ ​အ​ဖွဲ့​အစည်း​တွေကလည်း သူတို့ကို ​အလွယ်ချေးပေးလိုက်ကြတာ မဟုတ်ပါဘူး။ ဘာ​​ကြောင့်ချေးချင်တယ်၊ ဘာလုပ်ငန်းလုပ်မယ်၊ ​အကျိုး​အမြတ် ခန့်မှန်း​ခြေ ဘယ်လောက်ရှိမယ်၊ ချေးထား​တဲ့​ငွေကို ဘယ်​အချိန်မှာ ​အ​ပြည့်​ပြန်ဆပ်နိုင်မယ် စသဖြင့် ​သေချာ စီ​မံကိန်း ချပြရတာပါ။ ​

မ​ရေရာ မ​သေချာ​နဲ့ ဆုံးရှုံးနိုင်​ခြေများ​တဲ့ လုပ်ငန်းမျိုး​အတွက်ဆို ​ဘဏ်​တွေ အ​ဖွဲ့​အစည်း​တွေက ​ငွေမချေးပေးချင်ပါဘူး။

ပြီး​​တော့ အကြွေး​တွေ​ပြန်မဆပ်နိုင်ရင် ​ပြန်သိမ်းဖို့ အာမ​ခံ ပိုင်ဆိုင်မှု ပစ္စည်း​တွေ ​အ​​ပေါင်သ​ဘောမျိုး ​(အများ​အားဖြင့်) ထားပေးရပါတယ်။

ဒီ​​တော့ ​ထပ်​ပြောပါရ​စေ။ သူဌေး​တွေ ​ငွေချေးတာ သူတို့မှာ ​ငွေမရှိလို့ မဟုတ်ပါဘူး။ ​တင်​နေ​တဲ့​အကြွေး​တွေထက် ​အဆ​​ပေါင်းများစွာ ပိုချမ်းသာကြပါတယ်။ ပြီး​​တော့ ​​အတိုး​တွေကလည်း သက်သက်သာသာ ​​အတိုး​တွေပါ။ ​ချေးယူတာကလည်း ပေး​နေရ​တဲ့ ​အတိုးထက် ​အဆ​​ပေါင်းများစွာ ​အမြတ်​ကျန်နိုင်​တဲ့ လုပ်ငန်းမျိုး လုပ်ဖို့ ​သေချာ ပြင်ဆင်စီ​မံတွက်ချက်ပြီးမှ ချေးတာပါ။ ​အ​ခြေ​ခံ စားဝတ်​နေရေး​အတွက်၊ ကြွားလုံးထုတ်ဖို့ ဝယ်​တဲ့ ပစ္စည်း​တွေ​အတွက် ချေးယူ​နေကြတာ မဟုတ်ပါဘူး။

ကဲ ​အကြွေးမကင်း​တဲ့ သူဌေး​မင်းတွေကို ​အားကျပြီး တစ်လွဲ​ဆံပင်​​ကောင်းပြီး လိုက်လုပ်​တဲ့သူ​တွေကို ကြည့်ပါဦး။

"သူဌေး​တွေလည်း ​အကြွေးမကင်းပါဘူး။ ဒီ​​တော့ ကျွန်​​တော်လည်း ​အကြွေး​နဲ့ ဖုန်း​အသစ်​​လေး ဝယ်လိုက်တယ်​လေ။"

ဟုတ်​ကဲ့ မွဲဆေး​​ဖော်​နေတာပါ။

"​အကြွေးဆိုတာ လူ​နဲ့​တည့်တယ်။ ဒါ့​​ကြောင့် ကြွားဖို့ အိမ်မှာစီးဖို့ ကားသစ်တစ်စီး ​အကြွေး​နဲ့ ဝယ်ထားလိုက်တယ်​လေ။"

"​အကြွေးကို ကြောက်​နေလို့မဖြစ်ဘူး။ ​အင်္ကျီ​အသစ်လေး​တွေ ခုယူ စပါး​​ပေါ်မှပေး စနစ်​နဲ့ ​အကြွေးဝယ်ထားလိုက်တယ်​လေ။"

​ဟုတ်​ကဲ့ ​အကြွေး​နဲ့ရရင် ဆင်ပါဝယ်မယ့်လူစားမျိုးပါ။

"စွန့်စားမှ ကြီးပွားမယ်။ ​အကြွေးကို ​အသုံးချပြီး ကြီးပွါးအောင်လုပ်ရမယ်။ ​ဘဏ်​တွေကလည်း ​ငွေမချေးပေး​​တော့ ရပ်ကွက်ထဲက​နေ ၂၀ တိုး​နဲ့ ချေးပြီး လုပ်ငန်းလုပ်မယ်။"

ဟုတ်​ကဲ့ ​​လုပ်ငန်းက ထင်သလောက်​အဆင်မ​ပြေ​တဲ့​အခါ ကြွေး​နွံနစ်ရဦးမယ်။ ခုလို ကိုဗစ်ကာလမှာ တိုင်ပတ်ပြီ။ စီးပွါးရေးပန္နက် (Business Plan) ကို ​သေချာဆွဲပြီး ရလာနိုင်​တဲ့ ​အကျိုး​အမြတ်က ​ပေးရ​တဲ့​အတိုး​နဲ့ ကိုက်မကိုက် တွက်ကြည့်ကြပါဦးခင်ဗျာ။

"​အကြွေးဆိုတာ ​အကြွေး​​ကောင်း​တွေလည်း ရှိပါတယ်။ ကျွန်မဆို ၂၀ တိုး​နဲ့ ချေးယူပြီး ရပ်ကွက်ထဲမှာ၂၅ ကျပ်တိုး​နဲ့ ​တစ်ဆင့်ပြန်ပြီး ​အတိုးပေးစားတယ်​လေ။"

ရပ်ကွက်ထဲမှာ ​ဒီလောက် အတိုးကြီးကြီး​နဲ့ ချေးပေးလိုက်​တဲ့​အခါ အတိုးပုံ​မှန်​ပြန်ပေး​တဲ့သူက ရှားပြီး ထွက်ပြေး​တဲ့သူက များပါတယ်။ သူတို့ထွက်ပြေး​​တော့ ကိုယ်က စိုက်ဆပ်ရပြီး ဘဝပျက်ဦးမယ်။ ကိုယ်ပါထွက်ပြေးရမယ့် ​အ​ခြေ​အ​နေဖြစ်ရဦးမယ်။

ဒီ​​တော့ သူဌေး​တွေ​အကြွေးမကင်းတာကို သွား​အားကျမ​နေကြပါ​နဲ့။ ​သူတို့ချေးတာ​နဲ့ ကိုယ်ချေးတာ​ ရည်ရွယ်ချက်၊ အတိုးရာခိုင်နှုန်း၊ ​​ငွေချေးလိုက်လို့ ရလာနိုင်​တဲ့ အကျိုး​အမြတ်ရာခိုင်နှုန်း မတူပါဘူး။

​မဖြစ်မ​နေ ​ငွေချေးရ​​တော့မယ်ဆိုရင်​​တောင် ​အတိုးနှုန်းသက်သာ​တဲ့ ​နေရာမှာချေးပါ။ ချေး​ငွေကို ရင်းပြီး လုပ်​တဲ့ စီးပွားရေး​လုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်တွက်ချက်ပါ။ တွက်ကြည့်လို့ ​အမြတ်ရနိုင်​ခြေနည်းရင် ​ငွေမချေးပါ​နဲ့ဦး။ ပိုကိုက်​တဲ့ နောက်လုပ်ငန်းတစ်ခု စဥ်းစားပါ။ ​ငွေ​အများကြီး ချေးစရာမလိုအောင် ​ငွေရှိ​တဲ့သူ​တွေ​နဲ့ ရှယ်ယာသ​ဘော ​​ပေါင်းလုပ်ပါ။

​အကြွေးဆိုတာ မီးပါ။ မီးကို နိုင်အောင်ထိန်းပါ။ မထိန်းနိုင်ရင် ပြာကျသွားမယ်။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment

လူလိမ်လား လူ​​ကောင်းလား

ဒီ​​နေ့​​တော့ ကျွန်​​တော် ပ​ဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ​​ပေ့ချ်​တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...