ခုတလော အလိမ်ခံရတဲ့ အကြောင်းတွေပဲ ကြားနေ ဖတ်နေရတယ် ခင်ဗျ။ အလိမ်ခံရပြီးမှ ငွေပြန်ရဖို့ မလွယ်တာကြောင့် အလိမ်မခံရအောင် ကြိုတင်ကာကွယ်ထားတာက အကောင်းဆုံးပါ ခင်ဗျာ။
ခုနောက်ပိုင်း လိုင်းပေါ်မှာ လိမ်တတ်ကြတဲ့ လိမ်နည်းမျိုးစုံကို မွှေနှောက် ရှာဖွေလေ့လာပြီး တစ်စုတစ်စည်းတည်း တင်ပေးလိုက်ပါတယ်။
ဒီပို့စ်လေးကိုတော့ လူများများတွေ့အောင် Share လုပ် မျှဝေစေချင်ပါတယ် ခင်ဗျ။ ဖတ်မိတဲ့လူတွေ အလိမ်ခံရတဲ့ ဘေးက ဝေးရအောင်ပါ။ အမှားမလုပ်ခင် ဖတ်မိတဲ့သူအတွက် ဒီစာလေးဟာ ၁၀ သိန်းတန် ဖြစ်နိုင်သလို သိန်း ၁၀၀ တန်လည်း ဖြစ်နိုင်ပါတယ်။
ကိုယ် Share ထားတာကို ဘယ်သူမှ မတွေ့ဘူး ဆိုရင်တောင် ဖေ့စ်ဘွတ်ခ်ရဲ့ အယ်ဂိုရစ်သမ်အရ Like, Share နဲ့ Comment များတဲ့ ပို့စ်တွေကို လူများများတွေ့ရအောင် အလိုအလျောက် လုပ်ပေးပါတယ် ခင်ဗျ။ Share ပြီး ရက်အနည်းငယ်ကြာမှ ပြန်ဖျက်ချင်ဖျက်ပါ။ လူများများဆီ ရောက်အောင်ပါ။ ကျေးဇူးပါ။
ခရက်ဒစ်မပေးပဲ ကူးယူဖော်ပြချင်လည်း ရပါတယ်။ လူတွေ သိဖို့ ဖတ်မိဖို့က အဓိကပါ။
***********************
ရည်းစားတု ငွေညှစ်နည်း
***********************
အချစ်ငတ်နေတဲ့ သူတွေကို ပစ်မှတ်ထားပြီး လိမ်ပါတယ်။
လိုင်းပေါ်မှာ တွေ့ပြီး လိုင်းပေါ်မှာပဲ ချစ်ကြကြိုက်ကြမယ်။ လူလိမ်က သူလွမ်းရင် ကြည့်ဖို့ဆိုပြီး မဖွယ်မရာ ပုံတွေ၊ ဗီဒီယိုတွေ ရိုက်ပို့ ခိုင်းမယ်။ အသား ပဲ့ပါသွားတာမှ မဟုတ်တာဆိုပြီး လူလိမ်ကို ကိုယ့်ရဲ့ အရှက်ကင်းနေတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ကို ပို့ပေးမယ်။ ချစ်တာကိုး။
ဓာတ်ပုံတွေ၊ ဗီဒီယိုတွေရသွားပြီဆိုရင် ငွေညှစ်ပြီ။
အချို့လိမ်နည်းတွေမှာတော့ လူလိမ်က သူ့ဖုန်း အခိုးခံရတာပါ။ အဟက်ခံရတာပါ။ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေပြန်ရဖို့ ငွေပေးရမယ်။ တစ်ယောက်တစ်ဝက် စိုက်ပေးကြတာပေါ့ ဆိုတာမျိုး လုပ်တတ်ပါတယ်။
ငွေတစ်ခါပေးမိရင် ဆက်ဆက်ပြီး ထပ်တောင်းနေမှာပါ။ ရှိသမျှ ပလုံသွားတဲ့ အထိပဲ။
*********************
ရည်းစားတု လိမ်နည်း
*********************
အချစ်ငတ်နေတဲ့ သူတွေကိုပဲ ပစ်မှတ်ထားပြီး လိမ်ပါတယ်။
လိုင်းပေါ်မှာ တွေ့ပြီး ချစ်ကြကြိုက်ကြမယ်။ လူလိမ်က အခက်အခဲတွေကြောင့် ငွေလိုလို့ ဆိုပြီး သနားအောင် ပြောပြီး ငွေချေးမယ် ပေါ့။
နောက်တစ်မျိုးမှာတော့ လူလိမ်က သူ့ဘက်ကနေ ငွေတွေပို့လိုက်တယ်၊ လက်ဆောင်တွေ ပို့လိုက်တယ်ဆိုပြီး လိမ်တာပါ။
လူလိမ် အဖွဲ့သား နောက်တစ်ယောက်က ပစ္စည်းပို့တဲ့ ကုမ္ပဏီယောင်ဆောင်ပြီး ဆက်သွယ်လာမယ်။ ပို့ခ အရင်လွှဲပါလို့ပြောမယ်။ ပို့ခ လွှဲပြီးရင်လည်း အကောက်ခွန်အတွက် ငွေထပ်လွှဲပါလို့ ပြောဦးမှာပါ။
ငွေလွှဲလိုက်ရင် သဲထဲရေသွန် ဖြစ်ပါပြီ။
**********************
ပြည့်တန်ဆာ လိမ်နည်း
**********************
တဏှာရဲ့ ကျေးကျွန်တွေကို ပစ်မှတ်ထားပါတယ်။
နှာဗူး (သို့) နှာဗူးမတွေကို လူလိမ်က အရင်ဆုံး ဝတ်လစ်စလစ် မပေါ့်တပေါ် ဓာတ်ပုံတွေ ဗီဒီယိုတွေ ပို့ပေးမယ်။
အပြင်မှာ တွေ့ချင်လည်း ရတယ်။ သဘောရှိ စိတ်ကြိုက်။ အဟိ။ ငွေ အရင်လွှဲပါတဲ့။ လွှဲလိုက်ပြီ။ ပလုံ။
*********************
အမွေနဲ့မျှား လိမ်နည်း
*********************
လောဘကြီးတဲ့သူတွေကို ပစ်မှတ်ထားပြီး လိမ်ပါတယ်။
လူလိမ်က ဆက်သွယ်လာပါလိမ့်မယ်။ သေသွားတဲ့ တစ်ယောက်ယောက်က အမွေတွေအများကြီး ချန်ထားခဲ့တယ် တဲ့။ အဲဒီငွေတွေကို လိုချင်ရင် အရင်ဆုံး အခွန်နဲ့ လွှဲခ ပို့ရပါမယ်တဲ့။
လွှဲလေ။ ပလုံ။
*************************************
ဘဏ်ဝန်ထမ်း ယောင်ဆောင် လိမ်နည်း
*************************************
အင်တာနက် မိုဘိုင်း ဘဏ်စနစ်တို့ Wave Money တို့ကို သုံးတဲ့သူတွေကို ပစ်မှတ်ထားပြီး လိမ်ပါတယ်။
ဘဏ်က ဖုန်းဆက်နေသလိုလိုနဲ့ ကိုယ့်ရဲ့ ဘဏ်စာရင်း အချက်အလက်၊ လျှို့ဝှက်နံပါတ်၊ OTP တွေကိုပါ တောင်းသွားပြီး သဘောရှိ ငွေထုတ်သွားတာ မျိုးပါ။ ဘယ်ဘဏ်ကမှ လျှို့ဝှက်နံပါတ် နဲ့ OTP တွေကို တောင်းမှာ မဟုတ်ဘူးဆိုတာ သတိပြုပါ။
*************************************
အစိုးရ အရာရှိ ယောင်ဆောင် လိမ်နည်း
*************************************
ကြောက်တတ်တဲ့ သူတွေကို ပစ်မှတ်ထားပြီး လိမ်ပါတယ်။
လူလိမ်က အစိုးရ အရာရှိ ယောင်ဆောင်ပြီး ဆက်သွယ်လာမှာပါ။ တရားမဝင် ငွေပို့လို့၊ ငွေမည်းတွေ ကိုင်ထားလို့ စသဖြင့် အမျိုးမျိုး ခြိမ်းခြောက်ပြီး ဘဏ် စာရင်းကို စစ်ဆေးရမယ် ဘာညာဆိုပြီး ကိုယ့်ရဲ့ ဘဏ်စာရင်း အချက်အလက်၊ လျှို့ဝှက်နံပါတ်၊ OTP တွေကိုပါ တောင်းသွားပြီး ငွေထုတ်သွားတာ မျိုးပါ။
***************************************
အွန်လိုင်း ဈေးရောင်းသူတွေကို လိမ်နည်း
***************************************
အွန်လိုင်း ရှော့ပင်း ဈေးရောင်းသူတွေကို ပစ်မှတ်ထားပြီး လိမ်တာပါ။
လူလိမ် အဖွဲ့သား (၁) ကနေ ပစ္စည်းတင်သွင်းသူ Supplier အနေနဲ့ မိတ်ဆက်လာပြီး "နိုင်ငံခြားကနေ ဒီပစ္စည်းတွေ (ဥပမာ ကလေးနို့မှုန့်) ကို ဈေးဒီလောက်နဲ့ ပို့ပေးနိုင်ပါတယ်။ ခင်ဗျားတို့ဆီမှာ ဝယ်ချင်တဲ့သူတွေ ရှိရင် ပြောပါ" ပေါ့။
သိပ်မကြာပါဘူး အဲဒီ ကလေးနို့မှုန့်မျိုးမှကို ဝယ်ချင်လို့ဆိုပြီး လူလိမ် အဖွဲ့သား (၂)က ဈေးဝယ်သူအနေနဲ့ လာစုံစမ်း လိမ့်မယ်။ ၁၀ ဗူး ဝယ်ချင်တယ် ပေါ့။
ကလေးနို့မှုန့် တွေကို ဈေးသက်သက်သာသာနဲ့ ပို့ပေးမယ့် ပစ္စည်းတင်သွင်းသူ လူလိမ် အဖွဲ့သား (၁) လည်းရှိပြီ၊ ၁၀ ဗူး ဝယ်မယ့် လူလိမ် အဖွဲ့သား (၂) လည်း ရှိပြီဆိုတော့ အဆင်ပြေပြီလေ။
အဲဒါနဲ့ အွန်လိုင်း ဈေးရောင်းသူက လူလိမ် အဖွဲ့သား (၁) ဆီကို ငွေပို့ပြီး ပစ္စည်းလှမ်းမှာတာပေါ့။
ငွေရတော့ လူလိမ်တွေ အပျောက်ရိုက်သွားပြီ။ ပလုံ စွပ်။
***************
အငှါး လိမ်နည်း
***************
ရက်တို သုံးဖို့ အတွက် ကားငှါးစီးချင်တဲ့ သူတွေ၊ အိမ်ငှါးချင်တဲ့သူတွေ၊ ဟိုတယ်တည်း ချင်တဲ့သူတွေစသဖြင့် ပစ်မှတ်ထားပြီး လိမ်ပါတယ်။
လိုင်းပေါ်ကနေ ကားငှါးတဲ့ ဝန်ဆောင်မှုပေးတယ်၊ အိမ်ခန်း ငှါးဖို့ ရှိတယ်၊ ဟိုတယ်ခန်း ငှါးဖို့ရှိတယ် ဆိုပြီး ကြော်ငြာပါတယ်။
သူတို့ကို ဆက်သွယ်တော့ ငှါးဖို့ ရက်ချိန်း ကြိုတင် စာရင်းသွင်းချင်ရင် စရံကို ငွေ အရင်လွှဲခိုင်းတာပါ။ ငွေလွှဲလိုက်ရင်တော့ ပလုံပြန်ပါပြီ။
*****************
အိမ်ငှါး လိမ်နည်း
*****************
အငှါးချထားချင်လို့ ကြော်ငြာထားတဲ့ တိုက်ခန်းပိုင်ရှင် အိမ်ပိုင်ရှင်တွေ ကို ပစ်မှတ်ထားပြီး လိမ်ပါတယ်။
လူလိမ် အဖွဲ့သား (၁) က ပိုင်ရှင်ကို ဆက်သွယ်ပြီး တိုက်ခန်း (သို့) အိမ်ခန်းကို ငှါးချင်ပါတယ်။ တစ်နှစ်စာ စာချုပ်ချုပ်မယ်။ ခုနိုင်ငံခြားမှာ ရောက်နေလို့ ဘဏ်ကနေ ငွေလွှဲလိုက်ပါပြီ ဆိုပြီး ပြောမယ်။
လူလိမ် အဖွဲ့သား (၂) က ဘဏ်ကနေ ဆက်သွယ်လာသလိုနဲ့ လာပြီး ပြောလိမ့်မယ်။ ငွေရောက်နေပြီ။ နိုင်ငံခြားကနေ လွှဲတာဖြစ်လို့ ပိုင်ရှင်ကနေ အခွန် (သို့) ငွေလွှဲခ အရင်ပို့ပေးမှ ငွေတွေ လက်ခံရရှိမှာဖြစ်ကြောင်း ပြောမယ်။
အခွန် (သို့) ငွေလွှဲခ ပို့ပေးလိုက်ရင် ပလုံပြီ။
အချို့ လူလိမ်တွေကျတော့ ငွေလွှဲထားပြီဖြစ်ကြောင်း စာရွက်အတုတွေ ပို့ပေးလိမ့်မယ်။ အိမ်လခ အပြင် ငွေအပိုဆောင်းပြီး ပို့ပေးထားကြောင်း၊ ၃ ရက်ဆို ဘဏ်ထဲကို ငွေဝင်မှာ ဖြစ်ကြောင်း၊ လောလောဆယ် သူ နိုင်ငံခြားကနေ အိမ်ပြောင်းလို့ ပစ္စည်းတွေ ပို့လိုက်တာ ပို့ခ ရန်ကုန်မှာပေးရမှာ ကူညီမယ့်သူမရှိလို့ အရင် ရှင်းပေးဖို့ အကူအညီတောင်းပါကြောင်း ယုံလောက်အောင် ပြောမယ်။
အိမ်ရှင်ကလည်း နောက် ၃ ရက် ငွေရမှာကို ယုံပြီး ပို့ခကို အရင်လွှဲပေးပြီး ကူညီလိုက်ရင် ပလုံပြီ။
***************************
အခြား လိမ်နည်း အထွေထွေ
***************************
နောက်ထပ် လိမ်နည်းတွေလည်း အများကြီး ရှိပါသေးတယ်။
1. ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ အတုတွေက အစမှာ အမြတ်တွေ မက်လောက်အောင်ပေးပြီး ငွေထည့်တဲ့သူ များလာမှ ငွေတွေယူပြီး လိမ်ပြေးတာ
2. ချေးငွေလုပ်ငန်း အလိမ်တွေက ငွေချေးမယ်၊ ငွေလိုချင်ရင် မှတ်ပုံတင်ကြေး၊ အသင်းဝင်ကြေး၊ အတိုး စသဖြင့် အရင်ပေးပါ ဆိုပြီးလိမ်တာ
3. ချေးငွေလုပ်ငန်း အလိမ်တွေက လိုအပ်တဲ့ စာရွက်စာတမ်းတွေကို တောင်း၊ အဲဒီ စာရွက်စာတမ်းတွေကို အသုံးချပြီး အခြား အမှန်အကန် အွန်လိုင်း ချေးငွေလုပ်ငန်းတွေကနေ ကိုယ့်နာမည်သုံးပြီး ချေးငွေထုတ်သွားတာ
4. အလုပ်ရှာဖွေရေး ကုမ္ပဏီအလိမ်တွေက အလုပ်ရချင်တဲ့သူတွေကို မှတ်ပုံတင်ကြေး၊ အသင်းဝင်ကြေး အရင်လွှဲခိုင်းတာ
5. မိသားစုဝင်ထဲက တစ်ယောက်ယောက်ကို ပြန်ပေးဆွဲသွားပြီ။ ဘယ်သူ့ကိုမှ မပြောနဲ့။ ခုချက်ချင်း ငွေလွှဲမှ ပြန်လွှတ်ပေးမယ်ဆိုပြီး ပြန်ပေးဆွဲ ယောင်ဆောင်ပြီး လိမ်တာ
6. ဖေ့စ်ဘွတ် အကောင့် ဟက်ခံရတာတို့ ဖုန်း အခိုးခံရတာတို့ ဖြစ်ပြီးနောက် အဟက်ခံ အခိုးခံရတဲ့ သူရဲ့ သူငယ်ချင်း အသိုင်းအဝိုင်းဆီကနေ ငွေ သို့မဟုတ် ဖုန်းဘေ လျှောက်ချေးတာ
7. ထီပေါက်တယ်၊ ကံစမ်းမဲပေါက်တယ်။ ဆုငွေနဲ့ လက်ဆောင်တွေကို ထုတ်ယူချင်ရင် ပို့ခ ငွေအရင်လွှဲပါ ဆိုပြီး လိမ်တာ
8. အွန်လိုင်း ရှော့ပင်း အတု - ငွေလွှဲလိုက်ရင် လစ်သွားတဲ့ အလိမ်တွေ
9. ခရီးသွား လုပ်ငန်း အတု - ငွေလွှဲလိုက်ရင် လစ်သွားတဲ့ အလိမ်တွေ
10. ကုမ္ပဏီရဲ့ ဆင်တူရိုးမှား အီးမေးလိပ်စာကိုသုံးပြီး ဒါမှမဟုတ် ကုမ္ပဏီ ရဲ့ အီးမေးကို ဟက်ပြီး ပစ္စည်းဖိုး ဝန်ဆောင်ခ စသဖြင့် ငွေလွှဲရမယ့်သူတွေဆီ အီးမေးပို့တာပါ။ ဖုန်းဆက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အခု ဘဏ်အကောင့် ပြောင်းသုံးနေပြီဖြစ်လို့ ပေးစရာရှိတဲ့ ငွေတွေကို လူလိမ်ရဲ့ ဘဏ်ထဲကို လွှဲခိုင်းတဲ့ လိမ်နည်းပါ။
11. စုမဲ အလိမ် - ဒိုင်ကြေးသွင်းခိုင်းပြီး မဲတွေ ထုတ်မပေးတဲ့ ဒိုင်၊ ကိုယ့်အလှည့်မရောက်ခင် ပြေးတဲ့ စုမဲဒိုင်၊ ကိုယ့်အလှည့် ငွေထုတ်ပြီးရင် ဆက်မထည့်တော့တဲ့ သူတွေ။ သပွတ်အူလို ရှုပ်ထွေးတဲ့ စုမဲပါ။ ဝင်ပါမိရင် အလိမ်တွေပေါလို့ ဘဝပျက်မယ်။
အခြား ဆင်တူရိုးမှား လိမ်နည်းတွေ အများကြီး ရှိပါသေးတယ်။ ချင့်ချိန်နိုင်ကြပါစေ။
အလိမ် မခံရခင် အလိမ် ဟုတ်မဟုတ် လာမေးရင်တော့ ကျွန်တော် အတတ်နိုင်ဆုံး အကြံပေးမှာ ပါ။
အလိမ်ခံရပြီးမှ ပိုးစုန်းကြူးရေ ကူပါကယ်ပါဦး လို့ မလုပ်စေချင်ပါဘူး ခင်ဗျာ။ ကျွန်တော်လည်း ရဲစုံထောက်မဟုတ်လို့ တရားခံကို ဖမ်းမပေးနိုင်ပါဘူး။ တိုးတက်ပြီးတဲ့ နိုင်ငံတွေမှာတောင် ဒီလို ငွေလိမ်သွားရင် ပြန်ရဖို့ ခက်ခဲပါတယ်။ တော်တော် ညံ့တဲ့ လူလိမ်လောက်ကိုသာ ပြန်ဖမ်းမိကြပါတယ်။ အဲဒါတောင် လူပဲမိပြီး ငွေပြန်မရတာ များပါတယ်။
မဖြစ်အောင် ကာကွယ်ထားရင် ဖြစ်ပြီးမှ ငိုရတဲ့ ဒဏ် သက်သာတာပေါ့ ခင်ဗျာ။
မနက်ဖြန်မှာတော့ အလိမ်မခံရဖို့ ဆောင်ရန် ရှောင်ရန်တွေကို ရေးပေးပါ့မယ် ခင်ဗျာ။
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။
လူအချင်းချင်း ယုံလွယ်ခြင်း ကင်းရှင်းကြပါစေ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment