Friday, October 30, 2020

ကြွေးဋီကာ

​​အကြွေးတင်​​နေတာကို ကြိုက်​တဲ့သူ ရှိလားဆို ဘယ်သူမှ ရှိမယ်မထင်ဘူးခင်ဗျ။ ကြွေးတင်​နေမှ ပိုကြိုးစားချင်စိတ်ရှိတယ်ဆို​တဲ့သူ​တွေက​​တော့ ခြွင်းချက်​​ပေါ့။

သူတို့ကိုလည်း ​သေချာ စစ်စစ်ပေါက်ပေါက်မေးကြည့်ရင် ​အကြွေး​​ကြောင့်ဖြစ်လာ​တဲ့ တွန်း​အားကိုပဲကြိုက်ပြီး ​အကြွေးက ပေး​တဲ့ စိတ်ဖိစီးမှုကို ကြိုက်ကြမှာ မဟုတ်ပါဘူး။

ခပ်ကြမ်းကြမ်း ဥပမာပေးရရင် ကြိမ်တို့​ခံရ​တဲ့ နွားဟာ ကြိမ်​နဲ့ တို့လိုက်လို့ ပိုရုန်းတာ​မှန်​ပေ​မဲ့ ကြိမ်​နဲ့ ​အရိုက်​​ခံရမှာကို​​တော့ မကြိုက်ကြပါဘူး။ ကြိမ်မတို့ပဲ ကိုယ့်​အသိစိတ်​နဲ့ကိုယ် ရုန်း​​နိုင်ရင်တော့ ပို​​ကောင်းတာ​​ပေါ့ ခင်ဗျာ။

ဒီ​​တော့ ​ဘယ်သူမှ အကြွေးကို မကြိုက်ကြဘူး။ ဒါဆို ဘာလို့ ​အကြွေးယူကြ​လဲ။ ​​အကြွေးကို မကြောက်ကြလို့ပါ။ ​အကြွေးကို ကြောက်​တဲ့သူက ​အကြွေးမယူဖြစ်အောင် နည်းလမ်းရှာပြီး ကာကွယ်ကြပါတယ်။ ​အကြွေးကို မကြောက်​တဲ့သူ​တွေက​​တော့ ကြိုတင်ကာကွယ်မှု​တွေ မလုပ်ပဲ ​ငွေလိုလာ​​တော့ရင် ​အလွယ် ချေးတတ်ကြပါတယ်။ 

​အကြွေးယူတိုင်း မ​​ကောင်းတာ​​တော့ မဟုတ်ပါဘူး။ ​အကြွေးယူတာ ​​ကောင်း​တဲ့ ​အခါ​တွေ ရှိပါတယ်။ ဥပမာ ​အတိုးကြီး​ အကြွေး​တွေကို ဆပ်ဖို့ ​အတိုးနည်း​တဲ့ ဆီက ချေးပြီး ဆပ်တာ (​အရင်းဆပ်ဖို့ ​ပြောတာပါ၊ ​အတိုးသတ်ဖို့ ထပ်ချေးတာ မ​​ကောင်းပါဘူး)၊ စီးပွားရေး လုပ်ဖို့​ငွေချေးတာ (စီးပွါးရေးလုပ်လို့ ရမယ့် ​​ရေရှည် အကျိုး​အမြတ်က ​အတိုးထက် ပိုကိုက်မှပါ) စတာမျိုး​တွေပါ။ ခြုံ​ပြောရရင် ​ကိုယ့်ဘဝ ရေရှည်မှာ ကြီးပွားချမ်းသာ တိုးတက်လာဖို့ ချေးယူ​တဲ့ ​အကြွေးမျိုးပါ။ ဒါ​ပေ​မဲ့ ဒီလို ​ငွေချေးမှ ကြီးပွားချမ်းသာမယ်လို့ မဆိုလိုပါဘူး။ ​ငွေမချေးပဲ ချမ်းသာသွား​တဲ့သူ​တွေလည်း ဒု​နဲ့ဒေးပါပဲ။

မ​​ကောင်း​တဲ့​ အကြွေး​တွေက​​တော့ အဝတ်​အစား၊ စား​ရေးသောက်ရေး၊ ကိုယ်သုံးမယ့် ​အသုံး​အ​ဆောင် ပစ္စည်း စတာ​တွေ​အတွက် ​ငွေချေးတာပါ။ ​​အတိုးသတ်ဖို့ ​ငွေချေးတာတို့၊ ခရီးထွက်ဖို့ ​ငွေချေးတာတို့၊ စုမွဲ​ထည့်ဖို့ ​ငွေချေးတာတို့လည်း ​အကျုံးဝင်ပါတယ်။ မ​သေချာ မ​ရေရာ​၊ ​သေချာ ပြင်ဆင်မထားတဲ့ ​မြေစမ်းခရမ်းပျိုး စီးပွားရေးလုပ်ငန်း​တွေ​အတွက် ​ငွေချေးတာဟာလည်း ​အန္တရာယ်များလှပါတယ်။

ဒီ​​တော့ မ​​ကောင်း​တဲ့ ​အကြွေး​တွေကို ဘယ်လို ​​ရှောင်မလဲ။ မ​​ရှောင်ချင်တိုင်း ဆင်​ခြေပေးလို့​​တော့ ရတာ​​ပေါ့ ခင်ဗျာ။ စားစရာ မရှိ​​တော့လို့၊ ဝတ်စရာ မရှိ​​တော့လို့၊ ကျန်းမာရေး​​ကြောင့်၊ ခရီးမထွက်ရရင်၊ ဖုန်းသစ်မဝယ်ရရင် လူပုံ​​အလယ် မျက်နှာပျက်ရမှာမို့ ဘာညာ စုံ​နေတာပါပဲ။

ဒါ​ပေ​မဲ့ ဒီလို​တွေ မချေးရအောင် ကြိုတင်​ငွေစုတာမျိုး၊ ​ချွေတာတာမျိုး လုပ်ထားရင်​ရော မရဘူးလား။ ​အများ​အားဖြင့် ရတာ​​ပေါ့ ခင်ဗျာ။ ​ငွေရ​တဲ့​အခါ ​အ​​ပျော်​အပါး​တွေကိုလျှော့ပြီး ​​အားလုံးကုန်အောင် မသုံးပစ်ပဲ အနာဂတ်​အတွက် ​အရေး​​ပေါ်​​ရန်ပုံ​ငွေ​တွေစုထားရင် ထစ်ကနဲဆို ​ငွေလျှောက်ချေးစရာ မလို​​တော့ဘူး​​ပေါ့။ ဝင်​ငွေနည်း​နေသေးလို့ မစုမိဘူးဆိုရင် ဝင်​ငွေတိုးအောင် ​အရင်ကြိုးစားရမှာပါ။ ​အကြွေးကို ကြောက်​တဲ့ သူ​တွေက ဒီလိုပြင်ဆင်ကြပါတယ်။

မတတ်သာလို့ ​အခြားနည်းမရှိလို့ ​ငွေချေးလိုက်ရရင်​​တောင် အဲဒီ​အကြွေးကို ​မြန်​မြန်​ကျေအောင် ဆပ်ပါတယ်။ ​အကြာကြီး ဆွဲမထားပါဘူး။ ​အကြွေးကို ကြောက်တာကိုး။

​အကြွေးကို မကြောက်​တဲ့သူ​တွေက​​တော့ ​ငွေကိုလည်း စု​​ဆောင်းမထား၊ ​ချွေလည်း မ​ချွေတာ၊ ရသမျှ ကုန်အောင် သုံးပြီး ​အရေးကြုံလို့ ​ငွေလိုပြီဆို လျှောက်ချေးကြ​​ရတော့တာပါပဲ။ မချေးလို့ မဖြစ်တာ​​တော့ ဟုတ်ပါပြီ။ ​​အစကတည်းက ​ငွေကြိုစုထားရင် ချေးစရာ မလို​​တော့ဘူး​​ပေါ့။ ငွေချေးထားပြီးရင်လည်း ​အကြွေးကို ​မြန်​မြန်​ပြန်ဆပ်ဖို့ စိတ်မကူးပဲ ​အတိုးလေးပဲသတ်ရင်း ​အချိန်​ဆွဲနိုင်သမျှ ဆွဲထား​တဲ့သူ​တွေလည်း ရှိပါတယ်။

​ကိုယ့်ဘဝ ​ရေရှည်မှာ တိုးတက်ချမ်းသာဖို့ ချေးရ​တဲ့​ငွေ၊ လုံးဝ (လုံးဝ) ​အခြားနည်းမရှိ​​တော့လို့ ချေးရ​တဲ့​ငွေကလွဲရင် ​အခြား​ အကြွေး​တွေကို မယူမိအောင် ​​ရှောင်ကြပါ၊ အကြွေးမယူရအောင် ကြိုတင်ပြင်ဆင်​တဲ့​အ​နေ​နဲ့ ငွေ​အရင် စုထားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

​အတိုးနှုန်းများလှ​တဲ့ ဒီနိုင်​ငံမှာ ​အကြွေးနွံထဲနစ်သွားရင် ​ပြန်လွတ်ဖို့ ​​တော်​​တော် ခက်လို့ပါ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment

လူလိမ်လား လူ​​ကောင်းလား

ဒီ​​နေ့​​တော့ ကျွန်​​တော် ပ​ဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ​​ပေ့ချ်​တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...