မျက်မှောက်ခေတ်မှာ ကျွန်တော်တို့ အင်တာနက်နဲ့ မကင်းကြပါဘူး။ ဒီစာကို ဖတ်ဖို့တောင် အင်တာနက် လိုတယ်လေ။
အင်တာနက်ဆိုတာ လူတွေအတွက်တော့ သုံးတတ်ရင် အဖိုးတန်တဲ့ နည်းပညာပါပဲ။ အင်တာနက်ပေါ်ကနေ သတင်းအချက်အလက်တွေ ရှာလို့ ရတယ်။ စာတွေ ဖတ်လို့ရတယ်။ ဗီဒီယိုတွေ ကြည့်လို့ရတယ်။ သီချင်းနားထောင်လို့ ရတယ်။ အချင်းချင်း ဆက်သွယ် စကားပြောလို့ရတယ်။ အင်တာနက်ပေါ်ကနေ ဈေးဝယ်လို့ရတယ်။ အချင်းချင်း ငွေလွှဲလို့ရတယ်။ စာသင်လို့ရတယ်။ စသဖြင့် ပြောရင် ကုန်မှာတောင် မဟုတ်ပါဘူး။ အင်တာနက်ရဲ့ ပဉ္စလက်တန်ခိုးလို့တောင် တင်စားလို့ရပါရဲ့။
၁၉၉၁ မှာ World Wide Web အင်တာနက်ကို အများပြည်သူတွေ အသုံးပြုလို့ရအောင် ဖွင့်ပေးခဲ့တဲ့အချိန်မှာ လူတွေ သိပ်နားမလည်ကြသေးပေမဲ့ ဆယ်စုနှစ် တစ်ခုအတွင်း အင်တာနက်ဟာ ရေပန်းစားလာခဲ့ပါတယ်။
လက်ရှိမှာ Blockchain ဘလော့ခ်ချိန်း နည်းပညာကို သေချာနားလည်တဲ့သူ နည်းသလို ၁၉၉၀ ကျော် နှစ်များမှာလည်း အင်တာနက်နည်းပညာကို နားလည်တဲ့သူတွေ နည်းခဲ့ကြပါတယ်။
အင်တာနက်ဟာ အံ့မခန်း အစွမ်းထက်တဲ့နည်းပညာ၊ လူတွေရဲ့ လူနေမှုဘဝတွေကို တိုးတက်ပြောင်းလဲပေးမယ့် နည်းပညာလို့ပဲ ခပ်ရေးရေး နားလည်ကြတာပါ။ အင်တာနက်ရဲ့ စွမ်းဆောင်ရည်အပြည့်အဝကို နားမလည်ခဲ့ကြသေးပါဘူး။
ဒီလိုနဲ့ အင်တာနက်အကြောင်း လေသံဖမ်း ဒန်းစီးတဲ့သူတွေ ရှိလာပါတယ်။ အင်တာနက်လုပ်ငန်းတွေကနေ ငွေတွေအများကြီး ရှာလို့ရနိုင်တယ်ဆိုပြီး လူတွေ ယုံကြည်လာကြပါတယ်။
သူတို့ ယုံကြည်တာလည်း မမှားပါဘူး။ မျက်မှောက်ခေတ် ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးအတော်များများဟာ အင်တာနက်နည်းပညာကို အသုံးပြုပြီး ချမ်းသာသွားခဲ့ကြတာပါ။
ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး ဂျက်ဖ်ဘေဇို့ဇ် Jeff Bezos ဟာလည်း အင်တာနက်ကြောင့် ကမ္ဘာ့အချမ်းသာဆုံးဖြစ်လာတာပါ။ အွန်လိုင်းမှာ ဈေးရောင်းတဲ့ ပလက်ဖောင်း amazon.com ကို တည်ထောင်ခဲ့တာပါ။
၁၉၉၀ ကျော်ကာလတွေမှာ လူတွေက အင်တာနက်ကို ဂဃနဏ သိပ်နားလည်ကြသေးတာမဟုတ်တော့ အင်တာနက် နည်းပညာရဲ့ တန်ဖိုးရှိပုံနဲ့ အင်တာနက် ဝဘ်ဆိုက်တွေရဲ့ တန်ဖိုးရှိပုံကို ကွဲကွဲပြားပြား သိခဲ့ကြတဲ့သူ ရှားပါတယ် ခင်ဗျ။
အင်တာနက်နည်းပညာဟာ အတိုင်းမသိ အဖိုးတန်ပါတယ်။ မှန်ပါတယ်။ ဒါပေမဲ့ အင်တာနက်နည်းပညာကိုသုံးထားတဲ့ ဝဘ်ဆိုက်တိုင်းကတော့ တန်ဖိုးရှိလှတာ မဟုတ်ပါဘူး ခင်ဗျ။
လူတွေလိုချင်တာတွေ၊ လိုအပ်တာတွေကို ဖြည့်ဆည်းပေးတဲ့ ဝဘ်ဆိုက်တွေက ငွေဝင်မယ်။ ဥပမာ ကိုယ်သိချင်တဲ့ အချက်အလက်တွေကို လွယ်လွယ်ကူကူ ရှာနိုင်အောင် လုပ်ပေးထားတဲ့ ဂူဂဲလ် google.com ဆိုရင် စီးပွားရေး လုပ်ငန်းရှင်တွေဆီကနေ ကြော်ငြာခတွေရလို့ ငွေဝင်မယ်။ ဒါဆိုရင် ဝင်ငွေရလမ်းကြောင်းရှိနေတဲ့အတွက် ဂူဂဲလ် google.com က အဖိုးတန်တယ်။
အိမ်မွေးတိရိစ္ဆာန် အစားအစာနဲ့ အသုံးအဆောင်တွေရောင်းတဲ့ pets.com ဟာ အင်တာနက်နည်းပညာကို အသုံးပြုထားတယ်။ ဒါပေမဲ့ အဲဒီအချိန်က အိမ်မွေးတိရိစ္ဆာန် အစားအစာနဲ့ အသုံးအဆောင်တွေကို အင်တာနက်ကနေ ဝယ်ယူကြသူနည်းတော့ အရှုံးပေါ်ပါတယ်။ ဒီတော့ pets.com ဟာ အဖိုး မတန်ပါဘူး။
ဒါပေမဲ့ လူတွေကလည်း လူတွေပဲ။ အင်တာနက်ကြီးကို အထင်ကြီးပြီး နောက်မှာ ဒေါ့ကွန်းမ် .com ပါတာနဲ့ တန်ဖိုးရှိတယ် ထင်ပစ်လိုက်ကြတော့တာပါပဲ။ ဒီလို .com ပါတဲ့ ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဆိုပြီး အလုအယက် ငွေထည့်ကြတော့တာပါပဲ။ အင်တာနက်နည်းပညာကို သုံးထားတဲ့ ကုမ္ပဏီတွေရဲ့ စတော့ရှယ်ယာလက်မှတ်တွေကို အလုအယက် ကြိုက်ဈေးပေးပြီး ဝယ်ကြပါတော့တယ်။
ဒီတော့ လောဘသားတွေကလည်း ဒီအခွင့်အရေးကို စောင့်နေတာလေ။ ဘာဒေါ့ကွန်းမ်၊ ညာဒေါ့ကွန်းမ်ဆိုပြီး ဝဘ်ဆိုက်တွေ ထောင်ပြီး ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေကို ရိုက်စားလုပ်တော့တာပဲခင်ဗျ။
ဝဘ်ဆိုက်လေးထောင်ပြီး အများပိုင် ကုမ္ပဏီဖွင့်လိုက်တယ်။ ပြီးရင် စတော့ရှယ်ယာလက်မှတ်တွေ ထုတ်ရောင်းပြီး ငွေရှာတယ်။ လူတွေကလည်း အင်တာနက်ကုမ္ပဏီဖြစ်ရင်ပြီးရောဆိုပြီး မျက်စေ့မှိတ်ပြီး ဝယ်ကြတယ်။ ဒီလိုနဲ့ စတော့ရှယ်ယာလက်မှတ်တွေ နေ့ချင်းညချင်း တန်ဖိုးတက်သွားတော့တာ။ တန်ဖိုးတက်လေ ငွေထည့်ချင်တဲ့သူတွေ ထပ်ရောက်လာလေလေ၊ ဈေးထပ်တက်လေ၊ ပိုမြတ်လေနဲ့ ပျော်စရာကြီးပေါ့။
ခုဝယ်၊ ခုရောင်း၊ ခုမြတ်ဆိုတော့ လူတွေအတော် စိတ်ဝင်စားခဲ့ကြပါတယ်။ အလုပ်ထွက်၊ ရှိတာအကုန်ရောင်းပြီး တစ်ရိပ်ရိပ်တက်နေတဲ့ အင်တာနက် ကုမ္ပဏီ စတော့ဈေးကွက်မှာ ဝယ်ရောင်းလုပ်ရင်း ငွေရှာကြတဲ့သူတွေ ပေါလာပါတယ်။
(မျက်မှောက်ခေတ် ဘလော့ခ်ချိန်း နည်းပညာကိုသုံးပြီး မှိုလိုပေါက်အောင် ထွက်လာတဲ့ ကွိုင်တွေနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဘလော့ခ်ချိန်း နည်းပညာဟာ အဖိုးတန်ပေမဲ့ ကွိုင်တိုင်း အဖိုးတန်တာမဟုတ်ပဲ ရေရှည်မှာ ဝိသမကင်းကင်းနဲ့ လူတွေကို တကယ် အကျိုးပြုတဲ့ ကွိုင်အနည်းအကျဥ်းလောက်ပဲ အဖိုးတန်သွားမှာပါ။ ကျန်တဲ့ကွိုင်တွေ နောက်ဆုံးမှာ နှစ်ပြားမတန်တော့ပဲ ပျောက်သွားမှာပါ။)
ဒီလိုနဲ့ ရေရှည်မှာ တွက်ရေးက စက်သူဌေး၊ တွက်ကြည့်တော့ စက်မရှိဖြစ်ကုန်ကြပြီး အင်တာနက်ကုမ္ပဏီတွေ အရှုံးပေါ်လို့ ဒေါ့ကွန်းမ်ကုမ္ပဏီအများစု တစ်ဖြုတ်ဖြုတ်နဲ့ ပြုတ်ကုန်ကြပါတယ်။ ၁၉၉၅ လောက်က စတင်ခဲ့တဲ့ အင်တာနက်ပူဖောင်းကြီးဟာ ၂၀၀၁ အကုန်လောက်မှာ ပူဖောင်းပေါက်ပြီး ဒေါ့ကွန်းမ်ကုမ္ပဏီတွေရဲ့ စတော့ရှယ်ရာဈေးတွေ ထိုးကျကုန်ပါတော့တယ်။
အင်တာနက်အကြောင်းကို သေချာနားမလည်ပဲ လောဘတရားကို လက်ကိုင်ထားပြီး တွေ့သမျှ အင်တာနက် ဒေါ့ကွန်းမ် ကုမ္ပဏီတွေမှာ ငွေထည့်မိတဲ့သူတွေ တော်တော်အရှုံးပေါ်ခဲ့ကြပါတယ်။
အင်တာနက် ကုမ္ပဏီ တစ်ခုချင်းစီရဲ့ အသုံးတည့်မှု၊ ငွေရှာနိုင်စွမ်း၊ ရေရှည်ရပ်တည်နိုင်မှု စတာတွေကို သေချာ ချင့်ချိန် စိစစ်ရွေးချယ်ပြီး ရင်းနှီးမြှုပ်နှံတဲ့သူတွေ (ဥပမာ ဂူဂဲလ်တို့၊ အမေဇုန်တို့မှာ ငွေထည့်ခဲ့တဲ့သူတွေ) ကတော့ ရေရှည်မှာ အကျိုးအမြတ်များခဲ့ကြပါတယ်။
လူ့သမိုင်းတစ်လျှောက်မှာ လူတွေဟာ တံလျှပ်ကို ရေထင်ခဲ့ကြပါတယ်။ အဖိုးမတန်တာတွေကို အဖိုးတန်လှပြီထင်ပြီး ငွေတွေထည့်ပြီးတော့မှ အချိန်နှောင်းမှ နောင်တရခဲ့ကြပါတယ်။
ပူဖောင်းဆိုတာ တန်ရာတန်ကြေးထက် အဆမတန်များနေတဲ့ အခြေအနေကို ခေါ်တာပါ။ ပူဖောင်းတွေဟာ တစ်ချိန်မှာ ပေါက်ရတာပါပဲ။ တစ်နှစ်ကြာချင်ကြာမယ်၊ ဆယ်နှစ်ကြာချင်ကြာမယ်၊ နှစ်တစ်ရာ ကြာချင်ကြာမယ်၊ ပူဖောင်းဟာ ပူဖောင်းပါပဲ။
ပူဖောင်းနောက်လိုက်ခဲ့မိတဲ့ ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး နယူတန်လည်း ငွေတွေအများကြီး ဆုံးရှုံးခဲ့ရဖူးပါတယ်။
အရင်ကဖြစ်ခဲ့ဖူးတာတွေကို သိရှိနားလည်ထားပြီး သင်ခန်းစာတစ်ခု ယူလိုက်နိုင်မယ်ဆိုရင် ရေးရကျိုးနပ်ပါပြီ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
Friday, October 30, 2020
အင်တာနက်ပူဖောင်း
Subscribe to:
Post Comments (Atom)
လူလိမ်လား လူကောင်းလား
ဒီနေ့တော့ ကျွန်တော် ပဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ပေ့ချ်တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...
-
လိုင်းပေါ်မှာ စီးပွားရေး ပန္နက် (Business Plan) ရေးဆွဲနည်းသင်တန်းတွေ ကြော်ငြာနေတာတွေ့ရပါတယ်။ သင်တန်းကြေးတွေကလည်း မနည်းလှပါဘူး။ သင်တန်းပေ...
-
မနေ့က ဘိုးတော် ပိုးစုန်းကြူး အကြောင်းရေးတာ မြန်မာနိုင်ငံမှာ လိမ်ခဲ့ကြတဲ့ လိမ်နည်းတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ရုံသာမက Cryptocurrency လို့ခ...
-
ခုခေတ် ကျွန်တော်တို့ အများစုမှာ လက်ကိုင်ဖုန်းတွေကိုယ်စီ ရှိကြပါတယ်။ နောက်ဆုံးပေါ် ဖုန်းသစ်လေးတွေကို မြင်ရင် လိုချင်တဲ့ စိတ်လေးတွ...
No comments:
Post a Comment