Friday, October 30, 2020

အင်တာနက်ပူ​​ဖောင်း

မျက်မှောက်​ခေတ်မှာ ကျွန်​​တော်တို့ အင်တာနက်​နဲ့ မကင်းကြပါဘူး။ ဒီစာကို ဖတ်ဖို့​​တောင် အင်တာနက် လိုတယ်​လေ။

အင်တာနက်ဆိုတာ လူ​တွေ​အတွက်​​တော့ ​သုံးတတ်ရင် အဖိုး​တန်​တဲ့ နည်းပညာပါပဲ။ အင်တာနက်​​ပေါ်က​နေ သတင်း​အချက်​အလက်​တွေ ရှာလို့ ရတယ်။ စာ​တွေ ဖတ်လို့ရတယ်။ ဗီဒီယို​တွေ ကြည့်လို့ရတယ်။ သီချင်းနားထောင်လို့ ရတယ်။ ​အချင်းချင်း ဆက်သွယ် စကား​ပြောလို့ရတယ်။ အင်တာနက်​​ပေါ်က​နေ ဈေးဝယ်လို့ရတယ်။ ​အချင်းချင်း ​ငွေလွှဲလို့ရတယ်။ စာသင်လို့ရတယ်။ ​စသဖြင့် ပြောရင် ကုန်မှာ​​တောင် မဟုတ်ပါဘူး။ အင်တာနက်​ရဲ့ ပဉ္စလက်တန်ခိုးလို့တောင် တင်စားလို့ရပါရဲ့။

၁၉၉၁ မှာ World Wide Web အင်တာနက်ကို ​အများပြည်သူ​တွေ အသုံးပြုလို့ရအောင် ဖွင့်ပေး​ခဲ့​​​တဲ့​အချိန်မှာ လူ​တွေ သိပ်နားမလည်ကြသေး​ပေ​မဲ့ ဆယ်စုနှစ် တစ်ခု​အတွင်း အင်တာနက်ဟာ ​ရေပန်းစားလာ​ခဲ့ပါတယ်။

လက်ရှိမှာ Blockchain ဘ​လော့ခ်ချိန်း နည်းပညာကို ​သေချာနားလည်​တဲ့သူ နည်းသလို ၁၉၉၀ ​​ကျော် နှစ်များမှာလည်း အင်တာနက်နည်းပညာကို နားလည်​တဲ့သူ​တွေ နည်း​ခဲ့ကြပါတယ်။

အင်တာနက်ဟာ အံ့မခန်း ​အစွမ်းထက်​တဲ့နည်းပညာ၊ လူ​တွေ​ရဲ့ လူ​နေမှုဘဝ​တွေကို တိုးတက်​​ပြောင်းလဲပေးမယ့် နည်းပညာလို့ပဲ ခပ်ရေးရေး နားလည်ကြတာပါ။ အင်တာနက်​ရဲ့ စွမ်း​ဆောင်ရည်​အ​ပြည့်​အဝကို နားမလည်​ခဲ့ကြသေးပါဘူး။

​ဒီလို​နဲ့ အင်တာနက်​အ​​ကြောင်း လေ​သံဖမ်း ဒန်းစီး​တဲ့သူ​တွေ ရှိလာပါတယ်။ အင်တာ​နက်လုပ်ငန်း​တွေက​နေ ​ငွေ​တွေ​အများကြီး ရှာလို့ရနိုင်တယ်ဆိုပြီး လူ​တွေ ယုံကြည်လာကြပါတယ်။

သူတို့ ယုံကြည်တာလည်း မမှားပါဘူး။ မျက်မှောက်​ခေတ် ကမ္ဘာ့​အချမ်းသာဆုံး သူဌေးကြီး​​​အ​​တော်များများဟာ အင်တာနက်နည်းပညာကို ​အသုံးပြုပြီး ချမ်းသာသွား​ခဲ့ကြတာပါ။

ကမ္ဘာ့​အချမ်းသာဆုံး သူဌေးကြီး ဂျက်ဖ်​ဘေဇို့ဇ် Jeff Bezos ဟာလည်း အင်တာနက်​​ကြောင့် ကမ္ဘာ့​အချမ်းသာဆုံးဖြစ်လာတာပါ။ အွန်လိုင်းမှာ ဈေးရောင်း​တဲ့ ပလက်​​ဖောင်း amazon.com ကို တည်​​ထောင်​ခဲ့တာပါ။

၁၉၉၀ ​​ကျော်ကာလ​တွေမှာ လူ​တွေက အင်တာနက်ကို ဂဃနဏ သိပ်နားလည်ကြသေးတာမဟုတ်​​တော့ အင်တာနက် နည်းပညာ​ရဲ့ ​​တန်ဖိုးရှိပုံ​နဲ့ အင်တာနက် ဝဘ်ဆိုက်​တွေ​ရဲ့ ​တန်ဖိုးရှိပုံကို ကွဲကွဲပြားပြား သိ​ခဲ့ကြ​တဲ့သူ ရှားပါတယ် ခင်ဗျ။

အင်တာနက်နည်းပညာဟာ ​​အတိုင်းမသိ အဖိုး​တန်ပါတယ်။ ​မှန်ပါတယ်။ ဒါ​ပေ​မဲ့ အင်တာနက်နည်းပညာကိုသုံးထား​တဲ့ ဝဘ်ဆိုက်​​တိုင်းက​​တော့ ​တန်ဖိုးရှိလှတာ မဟုတ်ပါဘူး ခင်ဗျ။ ​

လူ​တွေလိုချင်တာ​တွေ၊ လိုအပ်တာ​တွေကို ​ဖြည့်ဆည်းပေး​တဲ့ ဝဘ်ဆိုက်​​​တွေက ​​ငွေဝင်မယ်။ ဥပမာ ကိုယ်သိချင်​တဲ့ ​အချက်​အလက်​​တွေကို လွယ်လွယ်ကူကူ ရှာနိုင်အောင် လုပ်ပေးထား​တဲ့ ဂူဂဲလ် google.com ဆိုရင် စီးပွားရေး လုပ်ငန်းရှင်​တွေဆီက​နေ ကြော်ငြာခ​တွေရလို့ ​ငွေဝင်မယ်။ ဒါဆိုရင် ဝင်​​ငွေရလမ်း​​ကြောင်းရှိ​နေ​တဲ့​အတွက် ဂူဂဲလ် google.com က ​အဖိုး​တန်တယ်။

အိမ်မွေးတိရိစ္ဆာန် ​အစား​အစာ​နဲ့ ​အသုံး​အ​ဆောင်​တွေ​​ရောင်း​တဲ့ pets.com ဟာ အင်တာနက်နည်းပညာကို ​အသုံးပြုထားတယ်။ ဒါ​ပေ​မဲ့ အဲဒီ​အချိန်က အိမ်မွေးတိရိစ္ဆာန် ​အစား​အစာ​နဲ့ ​အသုံး​အ​ဆောင်​တွေကို အင်တာနက်က​နေ ဝယ်ယူကြသူနည်း​​တော့ ​အရှုံး​​ပေါ်ပါတယ်။ ဒီ​​တော့ pets.com ဟာ ​အဖိုး မ​တန်ပါဘူး။

ဒါ​ပေ​မဲ့ လူ​တွေကလည်း လူ​တွေပဲ။ အင်တာနက်ကြီးကို ​အထင်ကြီးပြီး နောက်မှာ ဒေါ့ကွန်းမ် .com ပါတာ​နဲ့ ​တန်ဖိုးရှိတယ် ထင်ပစ်လိုက်ကြ​​တော့တာပါပဲ။ ဒီလို .com ပါ​တဲ့ ကုမ္ပဏီ​တွေမှာ ​ရင်းနှီးမြှုပ်​နှံဖို့ ဆိုပြီး အလု​အယက် ​ငွေ​ထည့်ကြ​​တော့တာပါပဲ။ အင်တာနက်နည်းပညာကို သုံးထား​တဲ့ ကုမ္ပဏီ​တွေ​ရဲ့ စ​​တော့ရှယ်ယာလက်မှတ်​တွေကို ​အလု​အယက် ကြိုက်ဈေးပေးပြီး ဝယ်ကြပါ​​တော့တယ်။

ဒီ​​တော့ ​လောဘသား​တွေကလည်း ဒီ​အခွင့်​အ​ရေးကို ​​စောင့်​နေတာ​လေ။ ​ဘာ​​ဒေါ့ကွန်းမ်၊ ညာဒေါ့ကွန်းမ်ဆိုပြီး  ဝဘ်ဆိုက်​​​တွေ ​​ထောင်ပြီး ရင်းနှီးမြှုပ်​နှံချင်​တဲ့သူ​တွေကို ရိုက်စားလုပ်​​တော့တာပဲခင်ဗျ။

ဝဘ်ဆိုက်​​​လေး​​ထောင်ပြီး ​အများပိုင် ကုမ္ပဏီဖွင့်လိုက်တယ်။ ပြီးရင် စ​​တော့ရှယ်ယာလက်မှတ်​တွေ ထုတ်​​ရောင်းပြီး ​ငွေရှာတယ်။ လူ​တွေကလည်း အင်တာနက်ကုမ္ပဏီဖြစ်ရင်ပြီး​ရောဆိုပြီး မျက်​​စေ့မှိတ်ပြီး ဝယ်ကြတယ်။ ဒီလို​နဲ့ စ​​တော့ရှယ်ယာလက်မှတ်​တွေ နေ့ချင်းညချင်း ​​တန်ဖိုးတက်သွား​​တော့တာ။ ​တန်ဖိုးတက်လေ ​ငွေ​ထည့်ချင်​တဲ့သူ​တွေ ထပ်ရောက်လာ​လေ​လေ၊ ဈေးထပ်တက်​လေ၊ ပိုမြတ်​လေ​နဲ့ ​​ပျော်စရာကြီး​​ပေါ့။

ခုဝယ်၊ ခု​​ရောင်း၊ ခုမြတ်ဆို​​တော့ လူ​တွေ​အ​​တော် စိတ်ဝင်စားခဲ့ကြပါတယ်။ ​​အ​​လုပ်ထွက်၊ ရှိတာ​အကုန်​​ရောင်းပြီး တစ်ရိပ်ရိပ်တက်​နေ​တဲ့ အင်တာနက် ကုမ္ပဏီ စ​​တော့ဈေးကွက်မှာ ဝယ်​​ရောင်းလုပ်ရင်း ​ငွေရှာကြ​တဲ့သူ​တွေ ​ပေါလာပါတယ်။

(မျက်မှောက်​ခေတ် ဘ​​လော့ခ်ချိန်း နည်းပညာကိုသုံးပြီး မှိုလိုပေါက်အောင် ထွက်လာ​တဲ့ ကွိုင်​တွေ​နဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဘ​​လော့ခ်ချိန်း နည်းပညာဟာ ​အဖိုး​တန်​ပေ​မဲ့ ကွိုင်တိုင်း ​အဖိုး​တန်တာမဟုတ်ပဲ ​ရေရှည်မှာ ဝိသမကင်းကင်း​နဲ့ လူ​တွေကို ​တကယ် အကျိုးပြု​တဲ့ ကွိုင်​အနည်း​အကျဥ်းလောက်ပဲ ​အဖိုး​တန်သွားမှာပါ။ ​ကျန်​တဲ့ကွိုင်​တွေ နောက်ဆုံးမှာ နှစ်ပြားမ​တန်​​တော့ပဲ ပျောက်သွားမှာပါ။) 

ဒီလို​နဲ့ ​ရေရှည်မှာ တွက်ရေးက စက်သူဌေး၊ တွက်ကြည့်​​တော့ စက်မရှိဖြစ်ကုန်ကြပြီး အင်တာနက်ကုမ္ပဏီ​တွေ ​အရှုံး​​ပေါ်လို့ ​ဒေါ့ကွန်းမ်ကုမ္ပဏီ​အများစု တစ်ဖြုတ်ဖြုတ်​နဲ့ ပြုတ်ကုန်ကြပါတယ်။ ၁၉၉၅ လောက်က စတင်​ခဲ့​တဲ့ အင်တာနက်ပူ​​ဖောင်းကြီးဟာ ၂၀၀၁ ​အကုန်လောက်မှာ ပူ​​ဖောင်းပေါက်ပြီး ဒေါ့ကွန်းမ်ကုမ္ပဏီ​​တွေ​ရဲ့ စ​​တော့ရှယ်ရာဈေး​တွေ ထိုးကျကုန်ပါ​​တော့တယ်။

အင်တာနက်​အ​​ကြောင်းကို ​သေချာနားမလည်ပဲ ​လောဘတရားကို ​လက်ကိုင်ထားပြီး တွေ့သမျှ အင်တာနက် ဒေါ့ကွန်းမ် ကုမ္ပဏီ​တွေမှာ ​ငွေ​ထည့်မိ​တဲ့သူ​တွေ ​​တော်​​တော်​အရှုံး​​ပေါ်​ခဲ့ကြပါတယ်။

အင်တာနက် ကုမ္ပဏီ တစ်ခုချင်းစီ​ရဲ့ ​အသုံး​တည့်မှု၊ ​ငွေရှာနိုင်စွမ်း၊ ​ရေရှည်ရပ်တည်နိုင်မှု စတာ​တွေကို ​သေချာ ချင့်ချိန် စိစစ်ရွေးချယ်ပြီး ​ရင်းနှီးမြှုပ်​နှံ​တဲ့သူ​တွေ (ဥပမာ ဂူ​ဂဲလ်တို့၊ ​​အ​မေဇုန်တို့​​မှာ ​ငွေ​ထည့်​ခဲ့​တဲ့သူ​တွေ) က​​တော့ ​​ရေရှည်မှာ အကျိုး​အမြတ်များ​ခဲ့ကြပါတယ်။

လူ့သမိုင်းတစ်လျှောက်မှာ ​လူ​တွေဟာ တံလျှပ်ကို ​ရေထင်​ခဲ့ကြပါတယ်။ ​အဖိုးမ​တန်တာ​တွေကို ​အဖိုး​​တန်လှပြီထင်ပြီး ​ငွေ​တွေ​​ထည့်ပြီး​​တော့မှ ​အချိန်​​နှောင်းမှ ​​နောင်တရ​ခဲ့ကြပါတယ်။

ပူ​​ဖောင်းဆိုတာ ​တန်ရာ​တန်ကြေးထက် ​အဆမတန်များ​နေ​တဲ့ ​အ​ခြေ​အ​နေကို ​​ခေါ်တာပါ။ ပူ​​ဖောင်း​တွေဟာ တစ်ချိန်မှာ ပေါက်ရတာပါပဲ။ တစ်နှစ်ကြာချင်ကြာမယ်၊ ဆယ်နှစ်ကြာချင်ကြာမယ်၊ နှစ်တစ်ရာ ကြာချင်ကြာမယ်၊ ပူ​​ဖောင်းဟာ ပူ​​ဖောင်းပါပဲ။

ပူ​​ဖောင်းနောက်လိုက်​ခဲ့မိ​တဲ့ ကမ္ဘာ​​ကျော် သိပ္ပံပညာရှင်ကြီး နယူ​တန်လည်း ​ငွေ​တွေ​အများကြီး ဆုံးရှုံး​ခဲ့ရဖူးပါတယ်။

​အရင်ကဖြစ်​ခဲ့ဖူးတာ​တွေကို သိရှိနားလည်ထားပြီး သင်ခန်းစာတစ်ခု ယူ​လိုက်နိုင်မယ်ဆိုရင် ရေးရကျိုးနပ်ပါပြီ။

ဆက်​လက်​၍ ဖတ်​ရန် 
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment