Thursday, October 29, 2020

စုမိ​ငွေကို ဘယ်လိုပွားမလဲ

​ဘဏ်တိုး​တွေနည်းသွားလို့ စုမိ​ငွေကို ဘဏ်မှာထားရင် ​အရှုံး​​ပေါ်​နေ​​ကြောင်း ရေး​ခဲ့ပြီးပါပြီ။

#ဒါအရင်လုပ်ပါ

​စုမိ​ငွေကို ပွားဖို့ မစဥ်းစားခင် ​ကြွေးဆပ်တာ၊ ​အရေး​​ပေါ်​ ရန်ပုံ​ငွေစုထားတာ၊ ​ရေတို လိုအပ်တာ​တွေ​အတွက် ​​ငွေစုတာ​တွေ ​အရင် လုပ်သင့်ပါတယ်။ 

#ဘဏ်ရွှေဒေါ်လာ

​အရေး​​ပေါ် ​ရန်ပုံ​ငွေ​​နဲ့ ​ရေတိုလိုအပ်ချက်​တွေ​အတွက် စုထား​တဲ့​ငွေကို ​ဘဏ်မှာ အပ်ထားလို့ရပါတယ်။ အိမ်မှာ ထားရင်​​တော့ ​ဘဏ်တိုး​​တောင် မရတာမို့ ပိုရှုံးပါတယ်။ ​​အချို့​ငွေကို ရွှေ​နဲ့ ​​ဒေါ်လာ ဝယ်ထားလို့လည်း ရပါတယ်။

​ဘဏ်မှာထား​တဲ့​ငွေ​နဲ့ ​​ဒေါ်လာဟာ ​ငွေကြေး​​ဖောင်းပွမှု​​ကြောင့် ​အနည်း​နဲ့​အများ ​အရှုံးရှိနိုင်ပါတယ်။ ရွှေက​​တော့ ​ငွေကြေး​​ဖောင်းပွမှုကို ​ရေရှည်မှာ ကာကွယ်ပေးနိုင်​ပေ​မဲ့ ​​​​ရွှေဟာ ​​ရောင်းမှ ​အရှုံး​အမြတ်ထွက်ပြီး မ​​ရောင်းရသေးခင်မှာ ဘာ​အကျိုး​အမြတ်မှမရှိပဲ ​ငွေ​သေ​နေတာမျိုးပါ။ ဒီ​​တော့ စုမိသမျှ​ငွေ​အားလုံးကို ရွှေဝယ်စုတာမျိုးကိုလည်း ​အားမပေးပါဘူး။ ​အနည်း​အကျဥ်း ​​အချို့တဝက်ကို ရွှေဝယ်ထားတာမျိုး​​တော့ လုပ်လို့ရပါတယ်။

#စီးပွါးရေး

စုမိ​တဲ့​ငွေကို ပွားဖို့ ​အ​​ကောင်းဆုံး နည်းလမ်းက​​တော့ တစ်ပိုင်တစ်နိုင် စီးပွားရေး တစ်ခုခုလုပ်တာမျိုးပါ။ လုပ်တတ်ရင် လုပ်တတ်သလောက် ​ငွေပွား​မြန်ပါတယ်။ ကိုယ်ကျွမ်းကျင်​ပိုင်နိုင်​တဲ့ စီးပွားမျိုး​​တော့ ဖြစ်ရပါမယ်။ မကျွမ်းကျင်ရင် သေချာ​ အရင်​​လေ့လာဖို့ လိုပါတယ်။ ​စုမိ​ငွေ အရင်း​အနှီး ဘယ်လောက်ရှိ​လဲ​​ ပေါ်မူတည်ပြီး လုပ်လို့ရ​တဲ့ ​​လုပ်ငန်း​အမျိုးမျိုး ကွဲသွားပါတယ်။ ​"မတိမ်​ကော​တဲ့ စီးပွားရေး" ​​ဆောင်းပါးမှာ ရေးထားသလိုပါပဲ။

လက်ရှိ​အလုပ်က ဝင်​ငွေ​​ကောင်း​နေတယ်ဆို ​အလုပ်ကို မထွက်သေးပဲ ​အားလပ်ချိန်မှာ လုပ်လို့ရ​တဲ့​အလုပ်မျိုး၊ ယုံကြည်စိတ်ချရ​တဲ့ လူရင်းတစ်ယောက်ယောက်​နဲ့ လွှဲထားလို့ ရ​​တဲ့ ​အလုပ်မျိုးကို ရွေးလုပ်ပြီး လက်ရှိ​အ​​လုပ်ကလည်း ဝင်​ငွေရ၊ စုထား​တဲ့ ​ငွေကိုရင်းပြီး ​အခြား​အလုပ်တစ်ခုကလည်း ဝင်​ငွေရ​နေတာမျိုးကို ​အားပေးပါတယ်။

ခုလိုချိန်ခါမှာ စီးပွားရေးလုပ်ငန်း အများစု​အတွက် ​​အရှုံး​​ပေါ်၊ အခက်ကြုံတတ်တာကိုလည်း သတိပြုပါ။ လိုင်း​​ပေါ်က​နေ "စီးပွားရေး လုပ်တတ်ပါတယ်။ ​ငွေ​ထည့်ပါ။ ​အမြတ် များများရမယ်" ဆိုပြီး ဆွယ်တာမျိုး​တွေဟာ ​အလိမ်​တွေ များတာကိုလည်း သတိပြုပါ။

#ယာဉ်

ဆိုက်ကား၊ ဆိုင်ကယ်၊ တုတ်တုတ်၊ ကား၊ စက်​လှေ စ​​တဲ့ သယ်ယူပို့​ဆောင်ရေးလုပ်ငန်း​သုံး ယာဉ်​တွေကို ဝယ်ပြီး ငှါးစားတာဟာလည်း ​​​​စုမိ​ငွေကို ပွားဖို့ နည်းလမ်းတစ်ခုပါပဲ။

လုပ်တတ်ကိုင်တတ်​တဲ့သူ​တွေ​က​​တော့ အမြတ်​ငွေကိုသုံးပြီး တစ်စီးက​နေ နှစ်စီး၊ နှစ်စီးက​နေ သုံးစီး ပွါးအောင် လုပ်တတ်ကြပါတယ်။

မလုပ်တတ်၊ မကိုင်တတ်၊ ဈေးကွက်​နဲ့ ပြိုင်ဘက်​အ​​ကြောင်း နားမလည်၊ ယာဉ်​အ​​ကြောင်း နားမလည်ပဲ သွားလုပ်မိရင်​​တော့ ​အမြတ်နည်း၊ ​အရှုံး​​ပေါ်ပြီး  လုံးပါးပါးသွားတတ်တာကို​​တော့ သတိပြုပါ။

#အိမ်ခြံမြေ

အိမ်ခန်း၊ တိုက်ခန်း၊ ​ဆိုင်ခန်း၊ ​အ​ဆောင်၊ ဂို​​ထောင်၊ မြေ၊ လယ်ယာ၊ ဥယျာဉ်​ခြံ​မြေ စ​တာ​တွေကို ဝယ်ပြီး ​အငှါးချထားရင်လည်း ​​ကောင်းပါတယ်။ ဝင်​ငွေ မရပဲ ​ငွေ​သေ​နေ​တဲ့ အိမ်ခြံမြေ မျိုးထက် ​ငှါး​ခ ပုံ​မှန် ရ​နိုင်တဲ့ အိမ်ခြံမြေမျိုးကို ပို​အားပေးပါတယ်။ ​အချို့ကာလ​တွေမှာ ​အငှါးမလိုက်လို့ ​ငွေမဝင်တာမျိုးလည်း ရှိတတ်ပါတယ်။

အိမ်​ခြံ​မြေယာဉ် ​တွေဝယ်ရာမှာ ဈေးကြီးမမိဖို့လည်း သတိပြုရမှာပါ။ ပူ​​ဖောင်း ​​ဖောင်း​နေတုန်း ဝယ်ရင်​​တော့ ရှုံးတတ်ပါတယ်။

#ငွေတိုးပေးစား

​ငွေတိုးပေးစားတာက​​တော့ လိုင်စင်မရှိရင် တရားလည်း မဝင်​​သလို ငွေဆုံးရှုံးနိုင်​​ခြေ များတာ​​ကြောင့် ​အားမပေးချင်ပါဘူး။ ​ဒုက္ခရောက်​နေ​တဲ့သူ​တွေကို အတိုးကြီးကြီး​နဲ့ ချေးပြီး ​အမြတ်ထုတ်တာကိုလည်း ​အားမပေးချင်ပါဘူး။

ဒီလုပ်ငန်းကို ကျွမ်းကျင်​တဲ့သူ​တွေ ​အတွက်​​တော့ ​အမြတ်များတာ ငြင်းမရပါဘူး။ ဒါ​ပေ​မဲ့ စုထား​တဲ့ ​ငွေလေးကို သူများကို ချေးထားရင်း ဆုံးသွား​တဲ့သူ​တွေ၊ သူများဆီက ချေးပြီး ကိုယ်က ​အတိုးနည်းနည်း ပိုယူပြီး တစ်ဆင့်​ပြန်ချေးရာက ​ငွေဆုံးလို့ စိုက်ဆပ်ရ​တဲ့သူ​တွေလည်း ရှိတာမို့ သတိထား​စေချင်ပါတယ်။

နီးစပ်ရာ ယုံကြည်စိတ်ချရ​တဲ့သူ​တွေကို စီးပွားရေးလုပ်ရာမှာ ​အရင်း​အနှီး​အဖြစ်သုံးဖို့ သင့်တင့်​တဲ့​အတိုးနှုန်း​နဲ့ ချေးပေးလိုက်ရင်း နှစ်ဦးနှစ်ဖက် ​အကျိုးရှိ​တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

#ပညာရေး

​ဝင်​ငွေတိုးပွားဖို့​အတွက် သိသင့်တတ်ထိုက်တာ​တွေ ကို ​လေ့လာဖို့ စာအုပ်​ဝယ်ဖတ်တာမျိုး၊ သင်တန်းတက်တာမျိုး​တွေပါ။ ကိုယ့်​အတွက်​ အကျိုးများမယ်ဆိုရင်​​တော့ ​ငွေပေးရကျိုး နပ်ပါတယ်။ ဂျင်းသင်တန်း​တွေကို​​တော့ ကြည့်ရှောင်ဖို့ လိုပါတယ်။ ခု​ခေတ်မှာ လိုင်း​​ပေါ်မှာ ​အခ​မဲ့ မျှ​ဝေပေးတာ​တွေ ​အ​​တော်များ​​များ ရှိနေပါပြီ။ အင်္ဂလိပ်လို တတ်ရင် လိုင်း​​ပေါ်မှာတင် ကိုယ်လိုချင်​တဲ့ ​အသိပညာ​​အများစုကို ​အခ​မဲ့ ရ​နေနိုင်ပါပြီ။

​ဝန်ထမ်း​​လုပ်​တဲ့သူ​တွေ​အတွက်လည်း ​ရာထူးတက်ချင်ရင်၊ လစာပို​​ကောင်းချင်ရင် ပညာ​အရည်​အချင်း တစ်ဆင့်မြှင့်ဖို့ လို​တတ်တာ​တွေ ရှိပါတယ်။ ဥပမာ ဒီပလိုမာပဲရ​တဲ့ သူ​တွေ​ရဲ့ လစာ​နဲ့ ​ဘွဲ့ရ​တဲ့ သူ​တွေ​ရဲ့လစာ ​အရမ်းကွာ​နေ​တဲ့ ​အလုပ်ခွင်မျိုးဆိုရင် ​ဘွဲ့ရဖို့ ​အချိန်​နဲ့ ​ငွေကို ရင်းနှီးမြှုပ်​နှံသင့်ရင် မြှုပ်​နှံရပါမယ်။ ကိုယ်ရထား​တဲ့ ဘွဲ့​​ပေါ်မူတည်ပြီး ​လစာကို ဆုံးဖြတ်တတ်​တဲ့ ကုမ္ပဏီ​တွေက လက်ရှိ ကမ္ဘာ​​ပေါ်မှာ ​များ​နေသေးလို့ပါ။

ပညာရေး​အတွက် ပေးရ​တဲ့ ​ငွေ​နဲ့ ရလာနိုင်​တဲ့​အကျိုး​အမြတ် ကိုက်မကိုက် ​အရင်တွက်ကြည့်ဖို့​​တော့ လိုပါတယ်။

#စတော့ရှယ်ယာ

​နိုင်​ငံခြား စ​​တော့ရှယ်ယာ ဈေးကွက်မှာ ရင်းနှီးမြှုပ်​နှံထားရင် ​ရေရှည်မှာ ​အမြတ်များနိုင်ပါတယ်။ ဒါ​ပေ​မဲ့ နိုင်​ငံခြား ​ဘဏ်​အ​​ကောင့် မရှိ​တဲ့သူ​တွေ ​အတွက် မလွယ်လှသေးပါဘူး။ ပြည်တွင်းက စ​​တော့ရှယ်ယာဈေးကွက်က​​တော့ ဖွံ့ဖြိုးလာမယ့် ​အချိန်ကို ​​စောင့်ရပါဦးမယ်။ စ​​တော့ရှယ်ယာဟာ မကျွမ်းကျင်ရင်၊ ​ရေရှည်ကို စိတ်ရှည်ရှည် မ​​စောင့်နိုင်ရင်လည်း ​အရှုံးများတတ်ပါတယ်။

#ဖြန့်ကြက်

ဘာပဲလုပ်လုပ် ​​ငွေ​တွေကို ​တစ်​နေရာထဲမှာ စုပြုံပြီး မ​​ထည့်ထားသင့်ပါဘူး။ ​ဖြစ်နိုင်ရင် ​နေရာ ​အများ​အပြားမှာ ဖြန့်ကြက်ထားသင့်ပါတယ်။

ဆက်​လက်​၍ ဖတ်​ရန် 
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment