၂၀၂၀ အတွက် အိမ်ခြံမြေဈေးကွက် အလားအလာကို ပြောပါဆိုရင်တော့ ဈေးကွက်ကြီး နှာစေးချောင်းဆိုး ဖြစ်နေတယ်လို့ပြောရမှာပါ။
ကိုဗစ်-၁၉ ကြောင့် လူတွေ မလိုအပ်ပဲ အပြင် သိပ်မထွက်ကြလို့ အရောင်းအဝယ်ပါးသလို ကိုဗစ်-၁၉ ရဲ့ အကျိုးဆက်ကြောင့် ကျဆင်းလာတဲ့ စီးပွားရေးအခြေအနေတွေကလည်း အိမ်ခြံမြေဈေးကွက်အပေါ် သက်ရောက်မှု ရှိနေပါတယ်။
လက်ရှိအခြေအနေမှာ စီးပွားရေးလုပ်ငန်း အတော်များများ အရှုံးပေါ်နေလို့ စီးပွားရေးသမားတွေ ငွေလိုနေတဲ့အချိန်ပါ။ လုပ်ငန်းတွေ ရပ်ဆိုင်းထားရလို့ အသားတင် အရှုံးပေါ်နေတာရှိသလို လုပ်ငန်းတွေ ပြန်လည်ပတ်ဖို့ ကြိုးပမ်းတဲ့အခါမှာလည်း ငွေလိုလာပါပြီ။ ငွေလိုတဲ့အခါ ငွေချေးကြတဲ့အပြင် အိမ်ခြံမြေ အပါအဝင် အပိုရှိတဲ့ အဖိုးတန်စ္စည်းတွေကို ရရာဈေးနဲ့ ထုတ်ရောင်းရတာမျိုးတွေ ရှိလာတတ်ပါတယ်။
ချေးငွေနဲ့ အိမ်ခြံမြေဝယ်ဖို့ စဥ်းစားနေတဲ့သူတွေလည်း စီးပွားရေးမကောင်းတာကြောင့် မဝယ်ခင် နှစ်ခါပြန် စဥ်းစားလာကြပါတယ်။ လက်ရှိပုံမှန် ဝင်နေတဲ့ ဝင်ငွေက ရှေ့လျှောက်မှာ ၁၀၀% ရေရာသေချာမှု မရှိလို့ပါ။
မြို့ပေါ်မှာ အလုပ်အကိုင် ရှားပါးလို့ နယ်ပြန်တဲ့လူတွေရှိသလို နိုင်ငံခြားသားတွေလည်း ကိုယ့်နိုင်ငံကိုယ်ပြန်ကြတာကြောင့် အငှါးဈေးကွက် ကျသွားပါတယ်။ အိမ်ငှါးတင်ပြီး ပုံမှန်ဝင်ငွေရဖို့ အိမ်ခြံမြေဝယ်ထားချင်တဲ့သူတွေအတွက်လည်း တော်တော်စဥ်းစားရတဲ့ အခြေအနေပါ။
ဘဏ်တိုးတွေ ချလိုက်တာကြောင့် ဘဏ်တိုးနဲ့ ထိုင်စားလို့ မကိုက်တော့တဲ့အခါ အချို့လူတွေက ငွေကို ဘဏ်ကထုတ်ပြီး အခြားနေရာတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တတ်တာမို့ အိမ်ခြံမြေတွေ အဝယ်လိုက်လာတတ်တာမှန်ပါတယ်။ သာမန်အခြေအနေမျိုးဆိုရင်တော့ ဘဏ်တိုးတွေချလိုက်ရင် အိမ်ခြံမြေဈေး တက်လေ့ရှိပေမဲ့ လက်ရှိက သာမန်အခြေအနေမျိုး မဟုတ်တဲ့အတွက် ဈေးတက်မယ်လို့ ပြောဖို့ ခက်ပါတယ်။ တက်ဖို့ထက် ကျဖို့ များနေပါတယ်။
အကြွေးလည်းမရှိ၊ အရေးပေါ် ရန်ပုံငွေ ၆ လစာစုထားပြီးတဲ့အပြင် ငွေပို များများစားစား ရှိတဲ့လူတွေအတွက်တော့ ဒီအချိန်ဟာ အခွင့်အရေးပါပဲ။ ဈေးကွက်မှာ ဗိုက်နာဈေးနဲ့ တင်ရောင်းလာတဲ့ အိမ်ခြံမြေတွေကို ဈေးသက်သက်သာသာနဲ့ရအောင် ရှာဖွေဝယ်ယူနိုင်ပါတယ်။
ကိုယ်နေဖို့ ဝယ်မှာဆိုရင်လည်း ကိုယ်နေချင်တဲ့နေရာမှာ အရင်ကထက် ပိုသက်သာတဲ့ ဈေးနဲ့ ရဖို့ အခွင့်အလမ်းတွေ ရှိနေပါတယ်။
ငှါးစားဖို့ ဝယ်မဲ့လူတွေအတွက်ကတော့ ကိုယ်ဝယ်လိုက်တဲ့ အိမ်ခြံမြေဟာ လက်ရှိအခြေအနေမှာ အငှါးဈေးကွက် ကောင်းမကောင်း သေချာ လေ့လာဖို့ လိုပါမယ်။ အဝယ်မတတ်ရင် ဝယ်ပြီးမှ အငှါးမလိုက်လို့ ငွေ သေနေတတ်ပါတယ်။ ရနိုင်တဲ့ အိမ်ငှါးဝင်ငွေကို သေချာ တွက်ချက်ပြီးမှ ဝယ်သင့်တာပါ။ အဝယ်မတတ်ရင် ဈေးကြီးလည်း မိတတ်ပါတယ်။
သင့်တော်တဲ့ ဈေးနဲ့ ဝယ်ထားပြီးရင် အချိန်ကာလ တစ်ခုအကြာ အိမ်ခြံမြေဈေးကွက်တွေ ပြန်ကောင်းလာတဲ့အခါ ဈေးကောင်းကောင်းနဲ့ ပြန်ရောင်းလို့လည်းရပါတယ်။ "ခုဝယ်၊ ခုရောင်း၊ ခုမြတ်" ဈေးကစားတာမျိုးကို ပြောတာ မဟုတ်ပဲ ဝယ်ထားပြီး ငှါးခ ပုံမှန်ဝင်ငွေလေးလည်းရ၊ နှစ်အတန်ကြာတဲ့အခါ ပြန်ရောင်းချင်ရင်လည်း ဈေးကောင်းရတာမျိုးကို ဆိုလိုတာပါ။ နှစ်ရှည်လများ စိတ်ရှည်ရှည် စောင့်နိုင်ဖို့တော့လိုပါတယ်။
ငွေစုထားပြီး ငွေများများကိုင်ထားတဲ့ လူတွေအတွက်တော့ ဒီနှစ်ဟာ ကိုယ်လိုချင်တဲ့ အိမ်ခြံမြေတွေကို သင့်တင့်ချိုသာတဲ့ဈေးနဲ့ ဝယ်ယူနိုင်ဖို့၊ ရင်းနှီးမြှုပ်နှံနိုင်ဖို့ အခွင့်အရေးတွေပေးမယ့်နှစ်လို့ သုံးသပ်မိပါတယ်။
ဒါ့ကြောင့်လည်း ချွေတာပါ၊ ငွေစုပါလို့ ကျွန်တော် ပြောနေခဲ့တာပါ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment