ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကြောင့် စီးပွားရေးထိခိုက်မှုတွေ နိုင်ငံတကာမှာရော မြန်မာနိုင်ငံမှာ အနည်းနဲ့အများရှိနေပါတယ်။ ကုန်ထုတ်လုပ်ရေး၊ ရောင်းဝယ်ဖောက်ကားရေးနဲ့ ခရီးသွားလုပ်ငန်းတွေကို ထိခိုက်မှုတွေ ရှိနေပါတယ်။
ဒီကြားထဲ ရေနံဈေးကွက်မှာ အပြိုင်အဆိုင် ဈေးလျှော့ရောင်းနေတာကြောင့် ရေနံဈေးတွေ ထိုးကျနေပါတယ်။ ဒေါ်လာဈေးကွက်၊ စတော့ရှယ်ယာ ဈေးကွက်တွေလည်း မတည်မငြိမ်ဖြစ်နေပါတယ်။
ဈေးကွက်အခြေအနေက ခန့်မှန်းလို့မရတဲ့အခြေအနေပါ။ မကြာခင် ဗိုင်းရပ်စ် ကာကွယ်ဆေး ရှာဖွေတွေ့ရှိသွားလို့ စီးပွားရေး ပုံမှန်ပြန်ဖြစ်သွားနိုင်သလို ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနှုန်းနဲ့ အသေအပျောက် ပိုများလာလို့ စီးပွားရေးအခြေအနေ ဒီ့ထက် ပိုဆိုးသွားတာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။
ကျွန်တော်လည်း အနာဂတ်ကို ကြိုမမြင်နိုင်တာကြောင့် ဘယ်လိုဖြစ်လာမလဲဆိုတာ မခန့်မှန်းနိုင်ပါဘူး။
ဗိုင်းရပ်စ်ကိစ္စကို အရမ်းကြီး အဆိုးမြင်လွန်းပြီး ကြောက်ဒူးတွေတုန်၊ ဘယ်မှမထွက်ဝံ့တာမျိုး မဖြစ်သင့်ပါဘူး။ အလားတူ ဘာမှမဖြစ်သလို ပေါ့ပေါ့ဆဆနဲ့ လူထူထူ ပွဲလမ်းသဘင်တွေကြား အပျော်ကြူးတာမျိုးတွေကိုလည်း ရှောင်သင့်ပါတယ်။ ရောဂါ မကူးစက်အောင် ကာကွယ်သင့်တာကို သတိနဲ့ ကာကွယ်ပြီး အလယ်အလတ်လမ်းကို လိုက်သင့်ပါတယ်။
ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ တစ်သက်မှာ အနည်းဆုံး တစ်ခါတော့ ဈေးကွက်ပျက်တာမျိုး၊ စီးပွားရေး ကမောက်ကမ ဖြစ်တာမျိုး၊ ကပ်ဆိုးဆိုက်တာမျိုး တစ်ခုမဟုတ်တစ်ခု ကြုံတွေ့ကြရစမြဲပါ။
ဒါမျိုးဖြစ်လာတဲ့အခါ လက်ထဲမှာ စုထားတဲ့ ငွေမရှိတဲ့အခါ အခက်ကြုံရတတ်ပါတယ်။ ဒါကြောင့် လည်း အခွင့်အရေးရှိတုန်း ငွေကို ကြိုးစားရှာဖို့၊ချွေတာဖို့၊ ငွေစုဖို့၊ အရေးပေါ်ရန်ပုံငွေ ပြင်ဆင်ထားဖို့၊ ရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းတဲ့စာတွေ ရေးနေတာပါ။
ဈေးကွက်ပျက်တဲ့အခါ ပြင်ဆင်မထားတဲ့ သူတွေအတွက် ဘဝပျက်နိုင်ပြီး ကြိုတင် ပြင်ဆင်ထားတဲ့ သူတွေအတွက်တော့ အခွင့်အရေးတွေ ပေါ်လာတတ်ပါတယ်။
ဈေးကွက်ပျက်တဲ့အချိန်မှာ အခွင့်အရေးကို လက်မလွှတ်ပဲ ပိုင်ပိုင်နိုင်နိုင် အသုံးချသွားတဲ့ လူတစ်ယောက် အကြောင်း ပြောပြချင်ပါတယ်။
သူကတော့ ဆာဂျွန်တမ်ပယ်တန် (Sir John Templeton) ပါ။ ထင်ရှားကျော်ကြားတဲ့ ရင်းနှီးမြှုပ်နှံသူ၊ ပရဟိတသမား သူဌေးကြီးပါ။ ၂၀၀၈ ခုနှစ် အသက် ၉၅နှစ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ သူဟာ ဒုတိယကမ္ဘာစစ် ဖြစ်ကာစ စတော့ရှယ်ယာ ဈေးကွက်ပျက်နေတဲ့အချိန်မှာ ဈေးတော်တဲ့ စတော့ရှယ်ယာတွေကို လိုက်ဝယ်ပါသတဲ့။
အဲဒီအချိန် လူတွေက ကမ္ဘာ့စီးပွားပျက်ကပ်နဲ့ ဒုတိယကမ္ဘာစစ်ကြောင့် သွေးပျက်နေကြတာ။ စတော့ရှယ်ယာတွေကို တော်ရုံလူ မဝယ်ရဲတဲ့အချိန်။ ခုဝယ်၊ ခုဈေးကျ၊ ခုရှုံး ဖြစ်နေတဲ့အချိန်ပေါ့။ အဲဒီအချိန်မှာ စတော့ရှယ်ယာသွားဝယ်တဲ့သူတွေကို အရူးလို့ပြောကြမယ်ထင်ပါရဲ့။
သူဝယ်တာက ကုမ္ပဏီတစ်ခုတည်းက စတော့ရှယ်ယာလက်မှတ်တွေကို သိမ်းကြုံးပြီးဝယ်တာမဟုတ်ပါဘူး။ စတော့ရှယ်ယာ လက်မှတ်တစ်စောင်ကို တစ်ဒေါ်လာအောက်ရောက်နေတဲ့ ဈေးတော်တဲ့ ကုမ္ပဏီ အခု တစ်ရာကျော်ဆီကနေ ဖြန့်ကြက်ဝယ်တာပါ။ ကုမ္ပဏီတစ်ခုဆီကနေ လက်မှတ် ၁၀၀ ဝယ်တယ်။ ဒေါ်လာ တစ်သောင်းလောက် သုံးလိုက်တာပေါ့။
ဝယ်ပြီး စိတ်ရှည်ရှည်နဲ့ စောင့်ပြီးတော့ စစ်ပြီးခါနီး စတော့ဈေးကွက် ပြန်ကောင်းလာတဲ့အချိန် ပြန်ရောင်းလိုက်တာ ဒေါ်လာ လေးသောင်းလောက် ပြန်ရပါသတဲ့။ အမြတ် ၃ ဆ ရတယ်ပေါ့။ ဒါတောင် အချို့ကုမ္ပဏီတွေက ဒေဝါလီခံသွားလို့ပါ။
သူများတွေနဲ့ ဆန့်ကျင်ဘက်လုပ်ရင်း မြတ်သွားတာပါ။
ကျွန်တော်တို့လည်း ဆာဂျွန်တမ်ပယ်တန်ဆီကနေ သင်ခန်းစာယူလို့ရပါတယ်။ ဈေးကွက်ပျက်တဲ့အခါ လူညံ့တွေက အရှုံးခံပြီး ထုတ်ရောင်းကြတယ်။ လူတော်တွေကတော့ သင့်တင့်တဲ့ဈေးနှုန်းထက် သက်သာတဲ့အချိန်ကို စောင့်ဝယ်ကြတယ်။ လူညံ့တွေ ကြောက်စိတ်နဲ့ တုန်လှုပ်နေတဲ့အချိန် လူတော်တွေက ခေါင်းအေးအေးထားပြီး ရဲရဲဝံ့ဝံ့ လှုပ်ရှားကြပါတယ်။ ရေရှည်အတွက် ရင်းနှီးမြှုပ်နှံဖို့ အခွင့်အရေးကောင်းတွေကို ဈေးပေါပေါနဲ့ ရတတ်တာကိုး။
ဈေးကွက်ပျက်တဲ့အခါ ဈေးကွက်ထဲမှာ ပကတိ တန်ဖိုးထက် အများကြီးသက်သာတဲ့ဈေးနဲ့ ထိုးရောင်းတတ်ကြပါတယ်။ ပကတိတန်ဖိုးထက် ဈေးတော် မတော် တွက်ချက်နိုင်အောင် အသိပညာ ဗဟုသုတတွေကို ကြိုပြီး စုဆောင်းထားကြပါ။ (မသိပဲ မတတ်ပဲလျှောက်လုပ်ရင်တော့ ဘဝပျက်သွားနိုင်ပါတယ်။) ဈေးတော်တဲ့အခါ ကောက်ဝယ်နိုင်အောင် ငွေကိုလည်း ကြိုပြီး စုဆောင်းထားထားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment