Thursday, October 29, 2020

ဒေါ်လာဈေး​တွေ ကျ​နေတယ်

​​အချိန်​​တော်​​တော်ကြာကြာ ၁၅၀၀ ​​ကျော်ဈေး​နဲ့ ရပ်တည်​လာ​ခဲ့​တဲ့ ​​ဒေါ်လာဈေးဟာ ၃ လ ​အတွင်းမှာပဲ ၁၄၀၀ ​အောက်ကို ဆင်းသွား​ခဲ့ပါပြီ။

​အကြမ်း​အားဖြင့်​ပြောရရင် ​မြန်မာနိုင်​ငံ​က​နေ နိုင်​ငံခြားကိုပို့​တဲ့ ထုတ်ကုန်​တန်ဖိုးက နိုင်​ငံခြားက​နေ​ပြန်ဝင်​တဲ့ သွင်းကုန်​တန်ဖိုးထက် များ​နေ​တဲ့​အခါမျိုးမှာ ​​ဒေါ်လာဈေးကျတတ်ပါတယ်။ ပြည်တွင်းဈေးကွက်ထဲမှာ လည်ပတ်​နေ​တဲ့ ​​ဒေါ်လာ​​တွေ များ​နေလို့ ​​ဒေါ်လာဈေးကျ​တဲ့ သ​ဘောပါ။

​ဒီ​​တစ်ခေါက် ​​ဒေါ်လာဈေးကျရ​တဲ့ အ​​ကြောင်းရင်းကို ​​လေ့လာကြည့်​​တော့ ​​အဓိက​အချက်က ကိုဗစ်-၁၉ ဗိုင်းရပ်စ်​​ကြောင့်လို့ ​အ​ဖြေထွက်ပါတယ်။ ဗိုင်းရပ်စ်​​ကြောင့် ကုန်သွယ်ရေး​တွေ နှေးကွေးပြီး နိုင်​ငံခြား သွင်းကုန်​တွေ သိပ်မဝင်​​တော့ သွင်းကုန်​အတွက်သုံးရမယ့် ​​ဒေါ်လာ​တွေ မသုံးဖြစ်သေးပဲ ပြည်တွင်းဈေးကွက်မှာ ​​ဒေါ်လာ​တွေ ​​သောင်တင်​နေတာပါ။

​​မြန်မာ​ငွေကြေး တောင့်တင်းလာတာ ​မြန်မာနိုင်​ငံစီးပွားရေး​တွေ​​ ပိုကောင်းပြီး ထုတ်ကုန်​တွေ သိသိသာသာတိုးတက်လာလို့လား၊ ကုန်ဈေးနှုန်း​​နဲ့ ငွေကြေး​​ဖောင်းပွမှုနှုန်း​တွေ သိသိသာသာ ကျဆင်းလာလို့လားဆို​​တော့ နိုးပါ။

နိုင်​ငံရေး​အ​ခြေ​အ​နေကလည်း ​ခြေဥပြင်ဖို့ ကိစ္စ​နဲ့ လွှတ်​​တော်မှာ တိုင်ပတ်​နေတုန်းပါ။ ​​"စောလူးမင်း" "မီးစင်ကြည့်က" ​နေတုန်း "လွှတ်​​တော်ကြီးကို ဘယ်သူဆောက်" ပေးသွားမှန်း မသိလိုက်တာမျိုး​တွေ​နဲ့ ရွာလည်​နေပါတယ်။

ဒီ​​တော့ ​​ဒေါ်လာဈေး​တွေကျ​နေ​တဲ့ ကိစ္စဟာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်​အ​ခြေ​အ​နေ ပိုဆိုးရွားလာရင် ဆက်ကျနိုင်ပြီး ဗိုင်းရပ်စ်​ကို ထိန်းချုပ်ကာကွယ်လာနိုင်​တဲ့တစ်​​နေ့မှာ ​​ဒေါ်လာဈေး​တွေ ​ပြန်တက်ဖို့ ရှိပါတယ်။ နိုင်​ငံခြားက ​ပစ္စည်း​တွေ မူလ​အတိုင်း ​ပြန်သွင်းပြီဆိုတာ​နဲ့ သွင်းကုန်သမား ကုန်သည်​တွေ ​​ဒေါ်လာလိုပါပြီ။ အဲဒီ​အချိန်မှာ ဈေး​ပြန်တက်ပါမယ်။

​​​​​ဒေါ်လာဈေး​တွေကျ​နေတုန်း ကျွန်​​တော်လည်း ​​ဒေါ်လာဝယ်ထားပါတယ်။ ဈေးထပ်ကျရင် ထပ်ဝယ်ဦးမယ်။ ဘာ​​ကြောင့်လည်းဆို​​တော့ နိုင်​ငံ​ခြားခရီး​တွေ ထွက်ဖို့၊ နိုင်​ငံခြားက ပစ္စည်း​တွေ ဝယ်ဖို့ ဒေါ်လာလိုပါတယ်။ ​လိုအပ်​တဲ့ ​​ဒေါ်လာကို လိုအပ်မှ ပေါက်ဈေး​နဲ့ ဝယ်လဲတာထက် ဈေး​​ကျ​နေတုန်း ကြိုဝယ်ထားတာ ပိုကိုက်ပါတယ်။

နောက်ပြီး ​ကျွန်​​တော်က ငွေ​တွေကို ​ငွေသား​တွေချည်းပဲ ကိုင်မထားပါဘူး။ အိမ်​ခြံ​မြေ၊ စ​​တော့၊ နိုင်​ငံခြား​ငွေ၊ ရွှေ စသဖြင့် ဖြန့်ကြက်ထားပါတယ်။ ​ဒီ​​​​တော့ ​​ဒေါ်လာဈေး​တွေကျ​နေ​တဲ့​အချိန်ဟာ ကျွန်​​တော့်​အတွက် ​​ဒေါ်လာဝယ်ဖို့ ​အချိန်​​ကောင်းပါပဲ။ ဈေးကစားဖို့ ဝယ်တာမဟုတ်ပါဘူး။ လိုအပ်ရင် သုံးဖို့၊ ပိုင်ဆိုင်မှု​တွေကို ဖြန့်ကြက်ထားဖို့ ဝယ်တာပါ။

ဒီလိုပဲ ဗိုင်းရပ်စ်​အ​ခြေ​အ​နေ​​ကြောင့် ​အ​မေရိ​ကန် စ​​တော့ရှယ်ယာဈေးကွက်ကလည်း ကျ​နေပါတယ်။ ဒါ​ပေ​မဲ့ ဈေးကစားသူ​တွေကြား ​အဆမ​တန်ဈေးကြီး​နေသေး​တဲ့ ဈေးကွက်ဟာ လက်ရှိ ဈေးကျ​နေတာ​​တောင် ဈေးကြီး​နေဆဲပါ။ ဒီ့ထက် ထပ်ကျလာရင် ​တန်ဖိုးသင့်လာတဲ့​အချိန်မှာ စ​​တော့ရှယ်ယာ ထပ်ဝယ်စုဖို့ ​အစီ​အစဥ်ရှိပါတယ်။ ​လော​လောဆယ်​​တော့ ​​စောင့်ကြည့်​နေ​ဆဲပါ။

​​လူ​အများစုက စ​​တော့၊ အိမ်​ခြံ​မြေ၊ ရွှေ၊ ​​ဒေါ်လာ၊ ကုန်ပစ္စည်း စတာ​တွေကို ဈေးတက်​နေ​တဲ့​အချိန်မှာ လိုက်ဝယ်ကြတယ်။ ဈေးကြီး​နဲ့ ပေးဝယ်ရလဲ ကိစ္စမရှိဘူး။ ဈေးဆက်တက်ရင် မြတ်မှာပဲလို့ တွေးတယ်။

စဥ်းစားတတ်​တဲ့သူ​တွေက​​တော့ ဈေးကျ​တဲ့​အချိန်၊ ဘယ်သူမှ မဝယ်ချင်​တဲ့​အချိန်မှာ ကောက်ဝယ်ထားကြပါတယ်။ ဈေးကျတိုင်း​​တော့ မျက်​​စေ့မှိတ် နားပိတ် ​လှေ​နံဓားထစ် ဝယ်တာမဟုတ်ဘူး​​ပေါ့။ ဈေးကျရ​တဲ့​အ​​ကြောင်းရင်းကို ​သေချာ​​လေ့လာပါတယ်။ လက်ရှိပေါက်ဈေးဟာ ဖြစ်သင့်​ရှိသင့်တဲ့ ဈေးထက် သက်သာ​နေတယ်၊ ​အချိန်တစ်ခုရောက်ရင် ဈေး​ပြန်တက်မှာ ​အ​သေ​အချာပဲလို့ သုံးသပ်မိရင် ဝယ်ပါတယ်။

​အချို့က ​​ဒေါ်လာဈေး​တွေ ဆက်တိုက် ကျ​နေလို့ဆိုပြီး ​အရင်ကဝယ်ထား​တဲ့ ​​ဒေါ်လာလေး​တွေကိုပါ အရှုံး​ခံပြီး​ပြန်​​ရောင်းကြပါတယ်။ ဒါမျိုးမလုပ်သင့်ပါဘူး ခင်ဗျာ။

ဈေးတက်​နေတုန်းမှာ ​လောဘ​နဲ့ဝယ်၊ ဈေးဆက်တက်​​တော့ မြတ်​နေပြီဆိုပြီး တွေး​​ပျော်၊ ​လောဘကို မသတ်နိုင်​​တော့ ဈေးဆက်တက်ဦးမှာပဲဆိုပြီး ​​​စောင့်နေရင်း ရုတ်တရက် ဈေးထိုးကျသွား​​တော့မှ ကြောက်ကြောက်​နဲ့ ​အရှုံး​ခံပြီးထုတ်​​ရောင်းတတ်​တဲ့​အကျင့်ကို မွေးထားရင် မွဲသွားမှာ​​ပေါ့။

ဆက်​လက်​၍ ဖတ်​ရန် 
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment