Saturday, September 26, 2020

ဝင်ငွေနဲ့ ထွက်ငွေ






ငွေသခင်တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ဝင်ငွေနဲ့ ထွက်ငွေ စာရင်းကို ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်တတ်ဖို့လိုပါတယ်။

တစ်လ ဝင်ငွေ ဘယ်လောက်ရှိတယ်။ တစ်လ ထွက်ငွေဘယ်လောက်ဆိုတာ တစ်ရေးနိုး ထ မေးလည်း ဒိုးဒိုးဒေါက်ဒေါက် ဖြေနိုင်ရပါမယ်။

ဝင်ငွေထက် ထွက်ငွေက များနေရင် ဒါဟာ ပြဿနာပါပဲ။ ဝင်ငွေကို တိုးအောင် (သို့) ထွက်ငွေကို လျော့အောင် (သို့) နှစ်ခုလုံး ကြိုးပမ်းရပါမယ်။

**************
(၁) ဝင်ငွေတိုးဖို့
**************
ငွေရှာနည်း တစ်ရာ 

ဝင်ငွေတိုးအောင် ဒီအလုပ်လုပ်သင့်ပါတယ်၊ ဟိုအလုပ်လုပ်သင့်ပါတယ် လို့ ပြောဖို့ကတော့ မလွယ်လှပါဘူး။ ငွေရှာနည်းတွေ အများကြီးပါ။ တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။

ပြီးတော့ ကျွန်တော်ဟာ စီးပွားရေး အကြံပေး (Business Consultant) မဟုတ်ပါဘူး။ တစ်ကိုယ်ရေ ဘဏ္ဍာရေး (Personal Finance) ကိုသာ အကြံပေးတာ ဖြစ်ပါတယ်။

ကျွန်တော်ဟာ စီးပွားရေး ပညာရှင် မဟုတ်ပါဘူး။ အင်ဂျင်နီယာ ဘွဲ့ရပါ။ ဒါ့ကြောင့် စီးပွားရေးနဲ့ ပတ်သက်တဲ့ ပညာ အဝဝကို တတ်မြောက်ထားသူ မဟုတ်ပါဘူး။ စီးပွားရေး မဟာဗျူဟာ ဘာညာ ဒိုးခနဲ ဒေါက်ခနဲ ပြောနိုင်မှာ မဟုတ်ပါဘူး။ အင်တာနက် ဂူဂဲက ရှာပြီး ဘာသာပြန်တာလောက်တော့ ရပါတယ်။

ကျွန်တော့်ကို စီးပွားရေးနဲ့ ပတ်သက်ပြီး အကြံဉာဏ်တောင်းတဲ့လူတွေ ရှိပါတယ်။ လူတိုင်းကို မကူညီနိုင်ခဲ့ပါဘူး။ ကျွန်တော် မကျွမ်းကျင်တဲ့ လုပ်ငန်းတွေကို တတ်ယောင်ကားလုပ်ပြီး မရွှီးချင်ပါဘူး။ ကျွမ်းကျင်တဲ့ ပညာရှင်တွေဆီမှာ မေးတာ ပိုသင့်တော်ပါလိမ့်မယ်။ ကိုယ်သိတဲ့ လုပ်ငန်းဆိုရင်တော့ ပြန်ရှင်းပြပေး၊ အကြံဉာဏ်ပေးဖြစ်ပါတယ်။

တစ်ယောက်က Business Plan (စီးပွားရေး စီမံကိန်း) ဘယ်လိုဆွဲရမလဲလို့ မေးလာတော့ အပန်းမကြီးတာကြောင့် စီးပွားရေး စီမံကိန်း  နမူနာ ပုံစံလေးပို့ပေးဖြစ်ပါတယ်။

နောက်တစ်ယောက်က အီရန်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးမှုနဲ့ပတ်သက်ပြီး အချက်အလက်တွေ လာတောင်းတော့ ကိုယ်ကျွမ်းကျင်တဲ့ အပိုင်းမဟုတ်တာကြောင့် အားနာနာနဲ့ ငြင်းခဲ့ရပါတယ်။

နောက်ပြီး တခါတလေ မအားလို့ဖြစ်စေ၊ မေးမြန်း အကြံတောင်းတဲ့သူတွေများနေလို့ဖြစ်စေ ချက်ချင်းမပြန်နိုင်တာတော့ ခွင့်လွှတ်ပေးကြပါ ခင်ဗျာ။

အဓိက ပြောချင်တဲ့ အချက်က ဝင်ငွေတိုးအောင် လုပ်တဲ့နည်း တစ်ရာမက ရှိနေပါတယ်။ နည်း တစ်ရာလုံးကို သိနေစရာ တတ်နေစရာ မလိုပါဘူး။ ကိုယ်ကျွမ်းကျင် လိမ္မာရာ အတတ်ပညာ တစ်ခု နှစ်ခုလောက်နဲ့ ငွေရှာလို့ ရပါတယ်။

"ငွေ ဒီလောက် ရှိပါတယ်၊ ဘာစီးပွားရေး လုပ်သင့်လဲ" လို့ မေးလာရင် ဖြေရကြပ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အခြေအနေ၊ ကျွမ်းကျင်မှု၊ ပတ်ဝန်းကျင်၊ ဝါသနာ၊အရည်အချင်း စတာတွေ မတူတာကြောင့် တစ်ယောက်အတွက် သင့်တော်တဲ့ လုပ်ငန်းက နောက်တစ်ယောက်အတွက် သင့်တော်ချင်မှ သင့်တော်ပါလိမ့်မယ်။ ဒါကြောင့် ရေရာတဲ့ အကြံဉာဏ်တွေ မပေးနိုင်ခဲ့ရင် ခွင့်လွှတ်ပါ။

ကျွန်တော် သေချာ သိထားတာကတော့ ဝင်ငွေ အသင့်အတင့်ရှိတဲ့ အခြေခံ နဲ့ လူလတ်တန်းစားတွေဟာလည်း ငွေသခင်ဖြစ်နိုင်ပါတယ်။ စီးပွားရေး မဟာဗျူဟာတွေ တတ်စရာ မလိုပါဘူး။ စီးပွားရေးမှာ ဒိတ်ဒိတ်ကြဲ အောင်မြင်နေ စရာမလိုပါဘူး။ ပုံမှန်လေးသွားရင်း ရိုးရိုးကျင့် မြင့်မြင့်ကြံလို့ ငွေသခင် ဘဝ ရောက်နိုင်ပါတယ်။

လခစား ဘဝနဲ့လည်း ငွေသခင်ဖြစ်နိုင်ပါတယ်။ အဓိကကတော့ ဝင်ငွေနဲ့ ထွက်ငွေရဲ့ အချိုးကိုပဲကြည့်ရမှာပါ။ ငွေဝင်သလောက် ပြန်ကုန်နေလို့ကတော့ ဘာကောင်ကြီးပဲဖြစ်နေပါစေ ​ငွေသခင်ပန်းတိုင်ကို ရောက်နိုင်မှာ မဟုတ်ပါဘူး။

ပန်းတိုင်နဲ့ မလွဲရအောင် ကျွန်တော် တတ်သမျှ သိသမျှ တစ်ကိုယ်ရေ ဘဏ္ဍာရေး (Personal Finance) ကို  ဆက်လက် မျှဝေသွားပါမယ်။

စီးပွားရေးနဲ့ ပတ်သက်လို့လည်း မရေးဘူး၊ အကြံဉာဏ်မပေးဘူးတော့ မဟုတ်ပါဘူး။ ကျွန်တော်သိတာလေးတွေကိုတော့ အတတ်နိုင်ဆုံး မျှဝေပေးသွားဦးမှာပါ။

*******************
(၂) ထွက်ငွေ လျှော့ဖို့
*******************

ထွက်ငွေကိုလျှော့ချဖို့ နည်းလမ်းတွေကို ကျွန်တော် ရေးခဲ့ပြီးပါပြီ။ အသုံးနဲ့ အဖြုန်းကို ခွဲခြားပြီး အဖြုန်းကို ရှောင်၊ ချွေတာဖို့ပါ။

အသုံးနဲ့ အဖြုန်း ခွဲခြားဖို့ https://www.facebook.com/fireflypsk/posts/116492159689068

အမေရိကန် ချွေတာရေး လမ်းစဉ် https://m.facebook.com/fireflypsk/posts/116871176317833

ချေးမစားဖို့ https://www.facebook.com/fireflypsk/posts/110308950307389

အကြွားလျှော့ဖို့  https://www.facebook.com/fireflypsk/posts/112798773391740

လောင်းကစား မလုပ်ဖို့ https://www.facebook.com/fireflypsk/posts/113341780004106

မသုံးခင် အသုံးနဲ့ အဖြုန်းကို စိစစ်ပြီး အဖြုန်းကို သတိနဲ့ ရှောင်သင့်သလို တစ်လတစ်ခါလည်း ကုန်ခဲ့သမျှတွေကို ပြန်စာရင်းချုပ်ကြည့်ပြီး ဘယ်နေရာတွေမှာတော့ ဖြုန်းမိသွားတယ်၊ ဘယ်နေရာတွေမှာတော့ ပိုသုံးမိသွားတယ် ဆိုတာကို သုံးသပ်ပြီး နောက်လမှာ မလုပ်မိအောင် ဆင်ခြင်ရပါမယ်။ ဒီလို မလုပ်ဖြစ်သေးဘူးဆိုရင် ဒီလကစပြီး လုပ်ကြည့်လိုက်ပါလို့ အကြံပေးပါရစေ။

လစဉ် ဘယ်နေရာမှာ ဘယ်လောက်ကုန်နေမှန်း ဂဃနဏ မသိဘူး ဆိုရင်တော့ အသုံးစရိတ်ကို စာရင်းလုပ်ဖို့ လိုအပ်လာပါပြီ။

အသုံးစရိတ် စာရင်း လုပ်ကြစို့ https://www.facebook.com/fireflypsk/posts/118376846167266

​အချို့​အတွက် ​ငွေရှာရတာလွယ်ပြီး ​ချွေတာရတာခက်ပါတယ်။ ​အချို့​အတွက်တော့ ​ချွေတာရတာမခက်ပဲ ​ငွေရှာရတာ ခက်​နေတတ်ပါတယ်။ ကိုယ့်​အားနည်းချက်ကို သိပြီး ပြုပြင်နိုင်အောင် ကြိုးစားရမှာဖြစ်သလို ကိုယ့်​အားသာချက်ကို ဖိနင်းပြီး​​တော့လည်း ပိုပြီး တိုးတက်အောင်မြင်လာအောင် ကြိုးစားဖို့ တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။

ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment

လူလိမ်လား လူ​​ကောင်းလား

ဒီ​​နေ့​​တော့ ကျွန်​​တော် ပ​ဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ​​ပေ့ချ်​တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...