ဒီစာကတော့ အပိုဝင်ငွေရချင်သူတွေနဲ့ အလုပ်မရှိလို့ ဘာလုပ်ရမှန်း မသိတဲ့ သူတွေအတွက်ပါ။
အလုပ် ရှားပါးတယ်၊ အလုပ် ရှာမရဘူး၊ ဘာလုပ်ရမှန်း မသိဘူး ဆိုပြီး ညည်းညူနေတဲ့ သူတွေ ရှိပါတယ်။
ဘဝဆိုတာ မလွယ်တော့ မလွယ်ပါဘူး။ ဒါကြောင့်လည်း သစ္စာလေးပါးတရားမှာ ဒုက္ခသစ္စာက ထိပ်ဆုံးကပါနေတာပါ။
မလွယ်ပေမယ့် လူရယ်လို့ ဖြစ်လာရင် တာဝန်အရ ကြိုးစားရုန်းကန်ကြရမှာမို့ အားတင်းထားကြပါ။ ရွှေဘုံပေါ်စံ ရွှေဇွန်းကိုက်ပြီး မွေးလာတဲ့ သူတွေကို ကြည့်ပြီး ငါ့ဘဝကတော့ သူတို့နဲ့မတူ ခါးသီးလှပါလားလို့ တွေးမနေပဲ ကိုယ်လိုချင်တဲ့ဘဝကို ရအောင် ကိုယ်တိုင်ပဲ ကြိုးစားလိုက်ပါ။ ကြိုးစားလို့ရလာတဲ့ အသီးအပွင့်က ပိုချိုမြိန်ပါတယ် ခင်ဗျာ။ ကိုယ်တွေ့ပါ။
ကဲ ငွေရှာနည်း တစ်ရာ အကြောင်း ပြန်ဆက်ရအောင်။
ဝတ္ထုတစ်ပုဒ် ဖတ်ဖူးပါတယ်။ လူငယ်လေးတစ်ယောက်ဟာ တစ်မနက်မှာ လူစည်ကားတဲ့ ဈေးကိုလာပြီး ဟိုကြည့်ဒီကြည့် လုပ်နေပါသတဲ့။ ဘေးက စပ်စုတတ်တဲ့ တစ်ယောက်က လူငယ်လေးကို ဘာလာလုပ်တာလဲလို့မေးတော့ လူငယ်လေးက "ကျွန်တော် ငွေရှာတဲ့ နည်းပေါင်း တစ်ရာကျော် ကို လာ လေ့လာနေတာပါ" တဲ့။ ဟုတ်လည်း ဟုတ်နေသားပဲ။ ဈေးထဲမှာ သူမြင်သမျှက ပိုက်ဆံရှာလို့ ရတဲ့ နည်းတွေ အများကြီးပဲကိုး။
ကျွန်တော်တို့လည်း ကိုယ့်ပတ်ဝန်းကျင်မှာ မြင်မြင်သမျှ လူတွေကို လေ့လာကြည့်လိုက်ကြပါစို့။ သူတို့ ဘယ်လို ငွေရှာနေကြသလဲ ဆိုတာကို စူးစမ်းရင် ပိုက်ဆံ ရှာနည်းပေါင်း မြောက်များစွာကို တွေ့ပါလိမ့်မယ်။ ပတ်ဝန်းကျင်မှာတင် မဟုတ်ပါဘူးခင်ဗျာ။ Facebook ဖေ့စ်ဘွတ်ခ် ပေါ်မှာလည်း ကြည့်တတ်ရင် တွေ့ပါတယ်။ ဖေ့စ်ဘွတ်ခ် သူငယ်ချင်းတွေ ဝင်ငွေရအောင် ဘာလုပ်နေကြလဲ စပ်စုလိုက်ပါ ခင်ဗျာ။
နောက်တစ်နည်းကတော့ အခြားမြို့ (သို့) နိုင်ငံတွေက ငွေရှာနည်းတွေကို လေ့လာပါ။ ကိုယ့်မြို့၊ ကိုယ့်ရွာ၊ ကိုယ့်နိုင်ငံမှာ ဘာလို့ ဒီလို ငွေရှာနည်းတွေ မထွန်းပေါက်သေးတာလဲဆိုတာ သုံးသပ်ပါ ခင်ဗျာ။
အဲဒီထဲကမှ ကိုယ့်အခြေအနေနဲ့ သင့်တော်မယ့် အလုပ်၊ ဝါသနာပါတဲ့ အလုပ်၊ ကျွမ်းကျင်တဲ့ အလုပ်၊ အဆင်ပြေမယ့် အလုပ်ကို ရှာလုပ်ပါ။ တစ်ယောက်နဲ့ တစ်ယောက် အခြေအနေ၊ ကျွမ်းကျင်မှု၊ ပတ်ဝန်းကျင်၊ ဝါသနာ၊အရည်အချင်း စတာတွေ မတူတာကြောင့် တစ်ယောက်အတွက် သင့်တော်တဲ့ လုပ်ငန်းက နောက်တစ်ယောက်အတွက် သင့်တော်ချင်မှ သင့်တော်ပါလိမ့်မယ်။
ကျွန်တော်ပေးနိုင်တဲ့ အကြံကတော့ လိုအပ်ရင် တပည့်ခံဖို့ ဝန်မလေးပါနဲ့။ ကျွမ်းကျင်အောင် လေ့ကျင့်ပါ။ အလုပ်ကို သူများတွေထက်သာအောင် ဘယ်လိုလုပ်ရမလဲ အမြဲ ကြံဆပါ။ မခိုမကပ်ပဲ ကြိုးစားပါ။ ရေသာ မခိုပါနဲ့။ မပျင်းပါနဲ့။ ဖင်ပေါ့ပါ။ အရာရာ စေတနာလေး ထည့်ပြီး အစွမ်းကုန်လုပ်ပါ။ ရိုးသားပါ။
"ငါ့ကို ပေးထားတဲ့ လခနည်းနည်းလေးနဲ့ တန်သလောက်ပဲ လုပ်နိုင်မယ်" ဆိုတဲ့ စိတ်ကို လုံးဝ ဖျောက်ထားပါ။ ဝင်ငွေပိုကောင်းမယ့် အခွင့်အလမ်းတွေ အတွက် မျက်စိကိုဖွင့် နားကို စွင့်ထားပါ။ အလုပ် နှစ်ခု၊ သုံးခု လုပ်သင့်ရင် လုပ်ရပါမယ်။ တစ်နေ့ အောင်မြင်ရမယ်ဆိုပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုထားပါ။ သမာအာဇီဝ ဘယ်အလုပ်မျိုးမဆို လုပ်ရမှာ မရှက်ပါနဲ့။ (ချေးစားပြီး ကြွေးတင်မှာကိုသာ ရှက်ပါ။)
ကျွန်တော့်ရဲ့ ဘဝ တစ်စွန်းတစ်စ၊ ကျွန်တော် လုပ်ခဲ့ဘူးတဲ့ အလုပ်လေးတွေကိုလည်း ဖော်ပြလိုက်ပါတယ်။ ဟုတ်ကဲ့ သမာအာဇီဝ အလုပ်ဟူသမျှ ဂုဏ်ရှိစွပါပဲ ခင်ဗျာ။
1. စမူဆာရောင်း (ကျောင်းတက်ရင်း လုပ်)
2. ကုန်စုံဆိုင် အရောင်း/အလုပ်သမား (ကျောင်းတက်ရင်း လုပ်)
3. စားပွဲထိုး (ကျောင်းတက်ရင်း လုပ်)
4. ကျုရှင်ဆရာ (ကျောင်းတက်ရင်း၊ ဝန်ထမ်းလုပ်ရင်း လုပ်)
5. ကျူရှင်အကျိုးဆောင် (ကျောင်းတက်ရင်း၊ ဝန်ထမ်းလုပ်ရင်း လုပ်)
6. အဆောင်မှူး (ကျောင်းတက်ရင်း လုပ်)
7. အင်ဂျင်နီယာ/မန်နေဂျာ (ဝန်ထမ်း အလုပ်)
8. ကိုယ်ပိုင် ကွန်ပျူတာ Software လုပ်ငန်း (ဝန်ထမ်းလုပ်ရင်း လုပ်)
9. ရင်းနှီး မြှုပ်နှံသူ (အိမ်ခြံမြေ၊ စတော့ရှယ်ယာ ဈေးကွက်) (ဝန်ထမ်းလုပ်ရင်း၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ရင်း လုပ်)
ငွေရှာနည်း တစ်ရာ Youtube
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment