ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ မိဘတွေကို ရွေးချယ်ပိုင်ခွင့် မရှိပါဘူး။ အတိတ်ကံပေါ်မူတည်ပြီး မိဘကံကောင်းသူတွေရှိသလို မိဘကံဆိုးတဲ့ သူတွေလည်း ရှိပါတယ်။
ဒီနေ့ရေးချင်တဲ့အကြောင်းကတော့ မိဘတွေ ငွေရေးကြေးရေး စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ အနည်းနဲ့အများ စိတ်ဆင်းရဲ သောကရောက်နေရတဲ့ သားသမီးတွေအတွက်ပါ။ ကျွန်တော့်ကို ဒီကိစ္စနဲ့ လာတိုင်ပင်ကြတဲ့သူတွေလည်း အတော်များပါတယ်။
အချို့မိဘတွေဟာ အသုံးအဖြုန်း ပက်စက်တယ်။ လက်ဖွာတယ်။ ငွေလိုရင် အလွယ် ချေးသုံးလိုက်တာပဲ။ အတိုးပေးရတာက နောင်ခါလာ နောင်ခါဈေး။
လောင်းကစားဝါသနာပါတဲ့ မိဘတွေဆို ပိုဆိုးပါတယ်။ လောင်းကစားတွေ နင်းကန်လုပ်ပြီး အကြွေးတွေတင်ရပြန်ပါပြီ။
မကျွမ်းကျင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို လုပ်ပြီး အရှုံးပေါ်တဲ့ မိဘတွေလည်း ရှိပါတယ်။
ဘာအလုပ်မှ ဟုတ်တိပတ်တိ မလုပ်ချင်ပဲ သောက်စားမူးရူးပြီး တောင်းတဲ့ငွေမပေးရင် ဟိန်းဟောက်သောင်းကျန်းတတ်တဲ့ မိဘတွေလည်း ရှိပါတယ်။
ပြီးတော့ မိဘတွေဟာ ဆိုးတဲ့ ပေတဲ့ သားသမီးတွေ၊ ငွေကြေး မပြည့်စုံတဲ့သားသမီးတွေကို ပိုပြီး အသနားပိုတတ်ကြပါတယ်။ ဒီလိုအခါမျိုးမှာ ပေးကမ်းထောက်ပံ့နိုင်တဲ့ သားသမီးဆီက ငွေကို ဆင်းရဲတဲ့ သားသမီးတွေကို ထောက်ပံ့တာမျိုးတွေလည်း ရှိလာပါတယ်။ အကျိုးရှိတဲ့ ကျောင်းစရိတ်ထောက်ပံ့တာမျိုးဆို ကောင်းပါတယ်။ ဘယ်တော့မှ မဆုံးနိုင်တဲ့ လောင်းကစား၊ အသောက်အစားနဲ့ အဖြုန်းတွေတွက် ပေးကမ်းနေတာဆိုရင်တော့ မိဘကို ထောက်ပံ့နေတဲ့ သားသမီးတွေ ရင်နာရပါတယ်။
ထောက်ပံ့နေတဲ့သားသမီးတွေ အများစုကလည်း ချမ်းသာလွန်းလို့ မဟုတ်ပဲ ချွေတာ စုဆောင်းပြီး မိဘကို ထောက်ပံ့နေကြတာပါ။ ကိုယ့်ဘက်က ခြိုးခြံချွေတာတယ်။ ပြီးရင် ပိုသမျှငွေ မိဘဆီ ပြန်ပို့ပါတယ်။
အချို့မိဘတွေကတော့ ပို့သမျှငွေ မကုန်သင့်တာ မကုန်ရအောင် ချင့်ချိန်တတ်ကြပါတယ်။ သားသမီးနောင်ရေးအတွက် စုဆောင်းပေးထားတဲ့ မိဘတွေ ရှိပါတယ်။
ဒါပေမဲ့ ရလာတဲ့ငွေကို ကုန်အောင်ဖြုန်းတဲ့ မိဘတွေလည်း ရှိပါတယ်။ ငွေရေးကြေးရေးပညာကို မတတ်လို့ တစ်သက်လုံး ဆင်းရဲနေရာကနေ ထောက်ပံ့ပေးတဲ့ သားသမီးတွေရဲ့ငွေကို ဆက်ပြီး စည်းမရှိကမ်းမရှိ သုံးဖြုန်းနေတဲ့ မိဘတွေရှိပါတယ်။
မိဘကျေးဇူးကြီးမားပါတယ်။ မိဘကိုရိုသေလေးစားရမယ်။ ချို့တဲ့နွမ်းပါးတဲ့ မိဘတွေကို ပြန်ပြီး လုပ်ကျွေးခွင့်ရတာ အရမ်းကောင်းပါတယ်။ ကုသိုလ်ရပါတယ်။
ဒါပေမဲ့ မိဘကိုချစ်ရင်း ကိုယ့်ဘဝကို မနှစ်မိဖို့လည်းလိုပါတယ်။
လောကပင်လယ်ကြီးထဲမှာ ရွက်လွှင့်နေတဲ့ ကိုယ့်ရဲ့ သင်္ဘောကြီးကို အပေါက်လိုက်ဖောက်နေတဲ့ မိဘတွေရှိရင် မဟန်ပါဘူး။ သင်္ဘောကြီး နစ်မြုပ်သွားနိုင်ပါတယ်။
မိဘတွေဟာ ကိုယ့်လောက် ငွေရေးကြေးရေးပညာ မတတ်ဘူးဆိုရင်တော့ ကိုယ်ကိုယ်တိုင်က မိဘတွေအတွက် စီမံခန့်ခွဲပေးရမှာပါ။
သားသမီး ကျင့်ဝတ်ထဲက ပထမ နှစ်ချက်ဟာ "ကျွေးမွေးမပျက် ဆောင်ရွက်စီမံ" ပါ။ မိဘကို ကျွေးမွေးရမယ်။ မိဘတွေရဲ့ အမှုကိစ္စတွေကို ဆောင်ရွက်စီမံရမယ်၊ မိဘတွေရဲ့ ဥစ္စာကို မပျက်အောင် စောင့်ထိန်းစီမံရမယ်လို့ ဆိုလိုတာပါ။
မိဘကို ငွေအကုန်အပ်ရမယ်၊ သူတို့ လုပ်သမျှ လက်ခံရမယ် လို့ မပြောထားပါဘူး။ မိဘကို ငွေအကုန် အပ်လိုက်လို့ မိဘက သုံးဖြုန်းလိုက်ပြီး မွဲသွားရင် သားသမီးကျင့်ဝတ် မကျေပွန်ရာ ရောက်ပါတယ်။
မိဘကို "ချစ်"ရာမရောက်ပဲ "နှစ်"ရာ ရောက်ပါတယ်။
ဒီတော့ ကိုယ်ကိုယ်တိုင်က ဘတ်ဂျက်ထားပြီး သုံးသလို မိဘတွေကိုလည်း ဘတ်ဂျက်ထားပြီး ငွေပို့ပေးရမှာပါ။ ရပ်ဝေးကနေ ငွေပို့တဲ့အခါ ရှိသမျှငွေ အကုန်ပို့လိုက်မဲ့အစား လိုအပ်သလောက်ကို စည်းနဲ့ ကမ်းနဲ့ ပို့ပေးပါ။
မိဘတွေမှာ မလိုလားအပ်တဲ့ ငွေယိုပေါက်တွေ ရှိနေရင် ပြုပြင်ပေးဖို့က သားသမီးတာဝန် ဖြစ်လာပါတယ်။ မကောင်းတာ တားမြစ်ရမှာ မိဘတွေရဲ့ တာဝန်ဖြစ်ပေမဲ့ တခါတလေမှာ မိဘထက် သီလ၊ သမာဓိ နဲ့ ပညာ သာလွန်တဲ့ အတိဇာတ သားသမီးတွေဟာ မိဘအရာ ဝင်ယူရတာမျိုးတွေရှိတတ်ပါတယ်။ ကောသလမင်း အိပ်မက်တွေလို ခေတ်ကိုး။
ဒီလို ပြုပြင်ပေးတဲ့အခါ မိဘအပေါ် ရိုင်းစိုင်းကြမ်းတမ်းတဲ့ စကားလုံးတွေတော့ မသုံးသင့်ပါဘူး။ မိဘဟာ မိဘပဲမို့ နားဝင်အောင် ယဥ်ယဥ်ကျေးကျေး ချိုချိုသာသာပဲ ပြောစေချင်ပါတယ်။ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ မဖြစ်ပါစေနဲ့။
မိဘ ဘာလုပ်လုပ် မပြောနဲ့ဆိုတဲ့ စကားကိုတော့ လက်မခံပါဘူး။ မိဘတွေ မိဘဝတ်တရားတွေ မကျေပဲ လမ်းမှားနေရင် လမ်းမှန်ရောက်အောင် ပြောပြပေးရမှာက သားသမီးတွေရဲ့ တာဝန်ဖြစ်လာတာကိုး။
ပြောရဆိုရခက်ပြီး အသုံးအဖြုန်းကြီးတဲ့ မိဘတွေကို ငွေတွေ လက်ထဲထည့်ပေးမဲ့အစား စားဝတ်နေရေး၊ လှူဖို့ တန်းဖို့နဲ့ ဆေးဝါးပစ္စည်း တိုက်ရိုက်ဝယ်ပေးတာက ပိုကောင်းပါတယ်။
အသောက်အစား လောင်းကစားစသဖြင့် မကောင်းတဲ့ အကျင့်ဆိုးတွေရှိတဲ့ မိဘတွေကိုတော့ အကျင့်ဆိုးတွေမပြင်ရင် ငွေမထောက်ပံ့တော့ဘူးလို့ ခြိမ်းခြောက်သင့်ရင် ခြိမ်းခြောက်ရမှာပါ။ ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့ မလွယ်လှပေမဲ့ မိဘက မိဘပဲလေ။
ကိုယ့်ဝင်ငွေများလာရင် များလာသလို ပိုပြီးသုံးဖြုန်းတတ်တဲ့ မိဘမျိုးရှိရင်တော့ ကိုယ့်ဝင်ငွေကို ပြောမပြထားတာကောင်းပါတယ်။ အချို့က ဝင်ငွေကို ကြိုသုံးထားတတ်တဲ့ စိတ်ဓာတ်ကို ဘယ်လိုပြင်ပြင် မရတတ်လို့ပါ။ "ငွေ ဘယ်လောက် ဝင်လဲ မမေးပါနဲ့၊ သုံးဖို့ ငွေ ဘယ်လောက် လိုလဲသာပြောပါ" ဆိုပြီး ပြောသင့်ရင် ပြောရပါမယ်။
မိဘတွေ ချေးထားတဲ့ အတိုးကြီး အကြွေးတွေရှိနေရင်လည်း ကြွေးသံသရာထဲ မနစ်ခင် ကြိုတင် သိထားဖို့လိုပါတယ်။ အကြွေးတင်နေသလား မကြာခဏမေးပါ။ အတိုးကြီးတွေနဲ့ အကြွေးအများကြီးတင်ပြီး မရှူနိုင်မကယ်နိုင်ဖြစ်မှ လာမပြောပဲ စောစောစီးစီး ပြောပြဖို့ ကြိုတင် ပြောပြထားပါ။ ဖြစ်နိုင်ရင် မိဘတွေကို ငွေချေးပေးတတ်တဲ့သူတွေကိုလည်း ငွေမချေးပေးဖို့ ပိတ်ပင်ထားပါ။
အချို့မိဘတွေဟာ ဆပ်ရလွယ်တဲ့ သိန်းဂဏန်းလောက် အကြွေးတင်နေတဲ့အချိန်မှာ ဖုံးကွယ်ထားပြီး အတိုးပေါ်အတိုးဆင့် သိန်းရာချီပြီး အကြွေးတင်၊ မရှူနိုင်မကယ်နိုင်ဖြစ်လာမှ သားသမီးတွေကို ဖွင့်ပြောတတ်ကြပါတယ်။ ဒီလိုအဖြစ်မျိုး မဖြစ်ခင် ကြိုတင် ကာကွယ်ရမှာပါ။
ကိုယ်ကလည်း စည်းနဲ့ကမ်းနဲ့ သုံး၊ မိဘကိုလည်း စည်းနဲ့ ကမ်းနဲ့ ထောက်ပံ့တဲ့အခါ ထွက်လာတဲ့ ငွေပိုတွေကို မိဘလက်ထဲ မအပ်ပဲ ကိုယ်တိုင်စုဆောင်းထားပါ။ စုမိလာတဲ့ငွေကိုမှ မိဘအတွက် လုပ်ပေးစရာရှိတာတွေ လုပ်ပေးပါ။ ဥပမာ မိဘတွေအတွက် ကျန်းမာရေး ဆေးစစ်ပေးတာ၊ ဆေးကုပေးတာ၊ အကြွေးဆပ်ပေးတာ၊ ရွှေဝယ်ပေးတာ၊ ခရီးထွက်ဖို့ စရိတ်ပေးတာ၊ အိမ်ဝယ်ပေးတာ စတာတွေပါ။
မိဘကို ထောက်ပံ့ခွင့်ရတာကို ဂုဏ်ယူပါ။ ဆင်းရဲတဲ့ မိဘတွေကို တင့်တောင့်တင့်တယ်ထားနိုင်တာကို ဂုဏ်ယူပါ။ မွေးကျေးဇူး၊ ကျွေးကျေးဇူး၊ ကျေးဇူးအနန္တရှိတဲ့ မိဘတွေကို မြတ်နိုးပါ။
ဒါပေမဲ့ အချစ်လွန်ပြီး မနစ်မွန်းဖို့တော့ ဂရုပြုစေလိုပါတယ်။ ရေယိုပေါက်တွေကြောင့် ကိုယ့်ရဲ့ သင်္ဘောကြီး မနစ်မြုပ်သွားပါစေနဲ့။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment