Friday, September 25, 2020

မိဘက ဖြုန်း​တဲ့​အခါ

ကျွန်​​တော်တို့​ဟာ ကျွန်​​တော်တို့​ရဲ့ မိဘ​တွေကို ရွေးချယ်ပိုင်ခွင့် မရှိပါဘူး။ ​အတိတ်​ကံ​​ပေါ်မူတည်ပြီး မိဘ​ကံ​​ကောင်းသူ​တွေရှိသလို မိဘ​ကံဆိုး​တဲ့ သူ​တွေလည်း ရှိပါတယ်။

ဒီ​​နေ့ရေးချင်​တဲ့​အ​​ကြောင်းက​​တော့ မိဘ​တွေ​ ငွေရေးကြေးရေး စီ​မံခန့်ခွဲမှု ညံ့ဖျင်းလို့ ​အနည်း​နဲ့​အများ စိတ်ဆင်းရဲ​ သောကရောက်​နေရ​တဲ့ သားသမီး​တွေ​အတွက်ပါ။ ကျွန်​​တော့်ကို ဒီကိစ္စ​နဲ့ လာတိုင်ပင်ကြ​တဲ့သူ​တွေလည်း ​အ​​တော်များပါတယ်။

​အချို့မိဘ​တွေဟာ ​အသုံး​အဖြုန်း ပက်စက်တယ်။ လက်ဖွာတယ်။ ​ငွေလိုရင် ​အလွယ် ချေးသုံးလိုက်တာပဲ။ ​အတိုးပေးရတာက ​​နောင်ခါလာ ​​နောင်ခါဈေး။ ​​

လောင်းကစားဝါသနာပါ​တဲ့ မိဘ​တွေဆို ပို​ဆိုးပါတယ်။ ​​လောင်းကစား​တွေ နင်း​ကန်​​လုပ်ပြီး ​အကြွေး​တွေတင်ရ​ပြန်ပါပြီ။

မကျွမ်းကျင်​တဲ့ စီးပွားရေးလုပ်ငန်း​တွေကို လုပ်ပြီး ​အရှုံး​​ပေါ်​တဲ့ မိဘ​တွေလည်း ရှိပါတယ်။

​​ဘာ​အလုပ်မှ ဟုတ်တိပတ်တိ မလုပ်ချင်ပဲ သောက်စားမူးရူးပြီး ​​​တောင်း​တဲ့​ငွေမပေးရင် ဟိန်းဟောက်​​သောင်းကျန်းတတ်​တဲ့ မိဘ​တွေလည်း ရှိပါတယ်။

ပြီး​​တော့ မိဘ​တွေဟာ ဆိုး​တဲ့ ​ပေ​တဲ့ သားသမီး​တွေ၊ ​ငွေကြေး မ​ပြည့်စုံ​တဲ့သားသမီး​တွေကို ပိုပြီး ​အသနားပိုတတ်ကြပါတယ်။ ဒီလို​အခါမျိုးမှာ ​ပေးကမ်းထောက်ပံ့နိုင်​တဲ့ သားသမီးဆီက ​ငွေကို ဆင်းရဲ​တဲ့ သားသမီး​တွေကို ထောက်ပံ့တာမျိုး​တွေလည်း ရှိလာပါတယ်။ ​​အကျိုးရှိ​တဲ့ ​​ကျောင်းစရိတ်ထောက်ပံ့တာမျိုးဆို ​​​​ကောင်းပါတယ်။ ဘယ်​​တော့မှ မဆုံးနိုင်​တဲ့ ​​လောင်းကစား၊ ​အသောက်​အစား​နဲ့ ​အဖြုန်း​တွေ​တွက် ပေးကမ်း​နေတာဆိုရင်​​တော့ မိဘကို ထောက်ပံ့​နေ​တဲ့ သားသမီး​တွေ ရင်နာရပါတယ်။

ထောက်ပံ့​နေ​တဲ့သားသမီး​တွေ ​အများစုကလည်း ချမ်းသာလွန်းလို့ မဟုတ်ပဲ ​ချွေတာ စု​​ဆောင်းပြီး မိဘကို ထောက်ပံ့​​နေကြတာပါ။ ကိုယ့်ဘက်က ​ခြိုး​ခြံ​ချွေတာတယ်။ ပြီးရင် ပိုသမျှ​ငွေ မိဘဆီ ​ပြန်ပို့ပါတယ်။

​အချို့မိဘ​တွေက​​တော့ ပို့သမျှ​ငွေ မကုန်သင့်တာ မကုန်ရအောင် ချင့်ချိန်တတ်ကြပါတယ်။ သားသမီး​​နောင်ရေး​အတွက် စု​​ဆောင်းပေးထား​တဲ့ မိဘ​တွေ ရှိပါတယ်။

ဒါ​ပေ​မဲ့ ​ရလာ​တဲ့​ငွေကို ကုန်အောင်ဖြုန်း​တဲ့ မိဘ​တွေလည်း ရှိပါတယ်။ ​ငွေရေးကြေးရေးပညာကို မတတ်လို့ တစ်သက်လုံး ဆင်းရဲ​နေရာက​နေ ထောက်ပံ့ပေး​တဲ့ သားသမီး​တွေ​ရဲ့​ငွေကို ဆက်ပြီး စည်းမရှိကမ်းမရှိ သုံးဖြုန်း​နေတဲ့ မိဘ​တွေရှိပါတယ်။

မိဘကျေးဇူးကြီးမားပါတယ်။ မိဘကိုရို​သေလေးစားရမယ်။ ချို့​တဲ့နွမ်းပါး​တဲ့ မိဘ​တွေကို ​ပြန်ပြီး လုပ်ကျွေးခွင့်ရတာ ​အရမ်း​​ကောင်းပါတယ်။ ကုသိုလ်ရပါတယ်။

ဒါ​ပေ​မဲ့ မိဘကိုချစ်ရင်း ကိုယ့်ဘဝကို မနှစ်မိဖို့လည်းလိုပါတယ်။

​လောကပင်လယ်ကြီးထဲမှာ ရွက်လွှင့်​နေ​တဲ့ ကိုယ့်​ရဲ့ သင်္ဘောကြီးကို ​အပေါက်လိုက်ဖောက်​နေ​တဲ့ မိဘ​တွေရှိရင် မ​ဟန်ပါဘူး။ သင်္ဘောကြီး နစ်မြုပ်သွားနိုင်ပါတယ်။

မိဘ​တွေဟာ ကိုယ့်လောက် ​ငွေရေးကြေးရေးပညာ မတတ်ဘူးဆိုရင်​​တော့ ကိုယ်ကိုယ်တိုင်က မိဘ​တွေ​အတွက် စီ​မံခန့်ခွဲပေးရမှာပါ။

သားသမီး ကျင့်ဝတ်ထဲက ပထမ နှစ်ချက်ဟာ "ကျွေးမွေးမပျက် ​ဆောင်ရွက်စီ​မံ" ပါ။ မိဘကို ကျွေးမွေးရမယ်။ မိဘ​တွေ​ရဲ့ ​အမှုကိစ္စ​တွေကို ​ဆောင်ရွက်စီ​မံရမယ်၊ မိဘ​တွေ​ရဲ့ ဥစ္စာကို မပျက်အောင် ​​စောင့်ထိန်းစီ​မံရမယ်လို့ ဆိုလိုတာပါ။

မိဘကို ​ငွေ​အကုန်အပ်ရမယ်၊ သူတို့ လုပ်သမျှ လက်​ခံရမယ် လို့ မ​​ပြောထားပါဘူး။ မိဘကို ​ငွေ​အကုန် အပ်လိုက်လို့ မိဘက သုံးဖြုန်းလိုက်ပြီး မွဲသွားရင် သားသမီးကျင့်ဝတ် မ​ကျေပွန်ရာ ရောက်ပါတယ်။

မိဘကို "ချစ်"ရာမရောက်ပဲ "နှစ်"ရာ ရောက်ပါတယ်။

ဒီ​​တော့ ကိုယ်ကိုယ်တိုင်က ဘတ်ဂျက်ထားပြီး သုံးသလို မိဘ​တွေကိုလည်း ဘတ်ဂျက်ထားပြီး ​ငွေပို့ပေးရမှာပါ။ ​ရပ်ဝေးက​နေ ​ငွေပို့​တဲ့​အခါ ရှိသမျှ​ငွေ ​အကုန်ပို့လိုက်​မဲ့​အစား လိုအပ်သလောက်ကို စည်း​နဲ့ ကမ်း​နဲ့ ပို့ပေးပါ။

မိဘ​တွေမှာ မလိုလားအပ်​တဲ့ ​​​ငွေယိုပေါက်​တွေ ရှိ​နေရင် ​ပြုပြင်ပေးဖို့က သားသမီးတာ​ဝန် ဖြစ်လာပါတယ်။ ​မ​​ကောင်းတာ တားမြစ်ရမှာ မိဘ​တွေ​ရဲ့ တာ​ဝန်ဖြစ်​ပေ​မဲ့ တခါတ​လေမှာ မိဘထက် သီလ၊ သမာဓိ ​နဲ့ ပညာ သာလွန်​​တဲ့ အတိဇာတ သားသမီး​တွေဟာ မိဘ​အရာ ဝင်ယူရတာမျိုး​တွေရှိတတ်ပါတယ်။ ​ကောသလမင်း အိပ်မက်​တွေလို ​​ခေတ်ကိုး။

ဒီလို ပြုပြင်ပေး​တဲ့​အခါ မိဘ​အ​​ပေါ် ရိုင်းစိုင်းကြမ်းတမ်း​တဲ့ စကားလုံး​တွေ​​တော့ မသုံးသင့်ပါဘူး။ မိဘဟာ မိဘပဲမို့ နားဝင်အောင် ယဥ်ယဥ်ကျေးကျေး ချိုချိုသာသာပဲ ​ပြော​စေချင်ပါတယ်။ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ မဖြစ်ပါ​စေ​နဲ့။

မိဘ ဘာ​​လုပ်လုပ် ​မ​ပြော​နဲ့ဆို​တဲ့ စကားကို​​တော့ လက်မ​ခံပါဘူး။ မိဘ​တွေ မိဘဝတ်တရား​တွေ မ​ကျေပဲ လမ်းမှား​နေရင် လမ်း​မှန်ရောက်အောင် ​ပြောပြပေးရမှာက သားသမီး​တွေ​ရဲ့ တာ​ဝန်ဖြစ်လာတာကိုး။

​ပြောရဆိုရခက်​ပြီး အသုံး​အဖြုန်းကြီး​တဲ့ မိဘ​တွေကို ​ငွေ​တွေ လက်ထဲ​ထည့်ပေး​မဲ့​အစား စားဝတ်​နေရေး၊ လှူဖို့ တန်းဖို့​နဲ့ ဆေးဝါးပစ္စည်း တိုက်ရိုက်ဝယ်ပေးတာက ပို​​ကောင်းပါတယ်။

​အသောက်​အစား​​ လောင်းကစားစသဖြင့် မ​​ကောင်း​တဲ့ ​အကျင့်ဆိုး​တွေရှိ​တဲ့ မိဘ​တွေကို​​တော့ ​အကျင့်ဆိုး​တွေမပြင်ရင် ​ငွေမထောက်ပံ့​​တော့ဘူးလို့ ခြိမ်းခြောက်သင့်ရင် ခြိမ်းခြောက်ရမှာပါ။ ​​ချော့တစ်ခါ ခြောက်တစ်လှည့်​နဲ့ မလွယ်လှ​ပေ​မဲ့ မိဘက မိဘပဲ​လေ။ ​​

ကိုယ့်ဝင်​ငွေများလာရင် များလာသလို ပိုပြီးသုံးဖြုန်းတတ်​တဲ့ မိဘမျိုးရှိရင်​​တော့ ကိုယ့်ဝင်​ငွေကို ​ပြောမပြထားတာ​​ကောင်းပါတယ်။ ​အချို့က ဝင်​ငွေကို ကြိုသုံးထား​တတ်​တဲ့ စိတ်ဓာတ်ကို ဘယ်လိုပြင်ပြင် မရတတ်လို့ပါ။ "​ငွေ ဘယ်လောက် ဝင်လဲ မမေးပါ​နဲ့၊ ​သုံးဖို့ ငွေ ဘယ်လောက် လိုလဲသာ​ပြောပါ" ဆိုပြီး ​ပြောသင့်ရင် ​ပြောရပါမယ်။

မိဘ​တွေ ချေးထား​တဲ့ ​​အတိုးကြီး အကြွေး​တွေရှိ​နေရင်လည်း ကြွေး​သံသရာထဲ မနစ်ခင် ကြိုတင် သိထားဖို့လိုပါတယ်။ ​အကြွေးတင်​နေသလား မကြာခဏမေးပါ။ ​အတိုးကြီး​တွေ​နဲ့ ​အကြွေး​အများကြီးတင်ပြီး မရှူနိုင်မကယ်နိုင်ဖြစ်မှ လာမ​ပြောပဲ ​စော​စောစီးစီး ​ပြောပြဖို့ ကြိုတင် ​ပြောပြထားပါ။ ဖြစ်နိုင်ရင် မိဘ​တွေကို ငွေချေးပေးတတ်တဲ့သူ​တွေကိုလည်း ​ငွေမချေးပေးဖို့ ပိတ်ပင်ထားပါ။

​အချို့မိဘ​တွေဟာ ဆပ်ရလွယ်​တဲ့ သိန်းဂဏန်းလောက် ​အကြွေးတင်​နေ​တဲ့​အချိန်မှာ ဖုံးကွယ်ထားပြီး ​အတိုး​​ပေါ်​အတိုးဆင့် သိန်းရာချီပြီး ​အကြွေးတင်၊ မရှူနိုင်မကယ်နိုင်ဖြစ်လာမှ သားသမီး​တွေကို ဖွင့်​ပြောတတ်ကြပါတယ်။ ဒီလိုအဖြစ်မျိုး မဖြစ်ခင် ကြိုတင် ကာကွယ်ရမှာပါ။

ကိုယ်ကလည်း စည်း​နဲ့ကမ်း​နဲ့ သုံး၊ မိဘကိုလည်း စည်း​နဲ့ ကမ်း​နဲ့ ထောက်ပံ့​တဲ့​အခါ ထွက်လာ​တဲ့ ​ငွေပို​တွေကို မိဘလက်ထဲ ​မအပ်ပဲ ကိုယ်တိုင်စု​​ဆောင်းထားပါ။ စုမိလာ​တဲ့​ငွေကိုမှ မိဘ​အတွက် ​လုပ်ပေးစရာရှိတာ​တွေ လုပ်ပေးပါ။ ဥပမာ မိဘ​တွေ​အတွက် ကျန်းမာရေး ဆေးစစ်ပေးတာ၊ ​ဆေးကုပေးတာ၊ အကြွေးဆပ်ပေးတာ၊ ရွှေဝယ်ပေးတာ၊ ခရီးထွက်ဖို့ စရိတ်ပေးတာ၊ ​အိမ်ဝယ်ပေးတာ စတာ​တွေပါ။

မိဘကို ထောက်ပံ့ခွင့်ရတာကို ဂုဏ်ယူပါ။ ဆင်းရဲ​တဲ့ မိဘ​တွေကို တင့်​​တောင့်တင့်တယ်ထားနိုင်တာကို ဂုဏ်ယူပါ။ မွေးကျေးဇူး၊ ကျွေးကျေးဇူး၊ ကျေးဇူး​အနန္တရှိ​တဲ့ မိဘ​တွေကို မြတ်နိုးပါ။ ​

ဒါ​ပေ​မဲ့ အချစ်လွန်ပြီး မနစ်မွန်းဖို့​​တော့ ဂရုပြု​စေလိုပါတယ်။ ​ရေယိုပေါက်​တွေ​​ကြောင့် ကိုယ့်​ရဲ့ သင်္ဘောကြီး မနစ်မြုပ်သွားပါ​စေ​နဲ့။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment