"ကျွန်တော်တို့ ဝယ်နေကြတဲ့ ပစ္စည်းအများစုဟာ လိုချင်လို့ဝယ်နေတာတွေပါ။ လိုအပ်လို့ ဝယ်တာပါလို့ ပြောကြတာပဲ။ ဒါပေမဲ့ တကယ်က လိုချင်တာတွေပါ" လို့ အမေရိကန် စာရေးဆရာ၊ ငွေရေးကြေးရေး အကြံပေး Dave Ramsey က ပြောခဲ့ပါတယ်။
သူပြောခဲ့တဲ့ ဒီစကားလေးကို ကျွန်တော် တင်ပေးလိုက်တော့ ဝေဖန်သံတစ်ချက် ပြန်ကြားရပါတယ်။
မှတ်ချက်ကို အနှစ်သာရ မပျက်စေပဲ ဆီလျော်အောင် အကျဥ်းချုပ် ပြန်ရေးပြရရင် ဒီလိုပါ။
"လိုချင်လို့ဝယ်တာ ဘာဖြစ်လဲ။ ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ကျေနပ်မှုရှိဖို့၊ ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ ကျေနပ်မှုရှိဖို့က အလွန်အရေးကြီးတယ်ဗျ။ ကျွန်တော်တို့ကို တကယ်တန်း ကျေနပ်မှုပေးနေတာက "လိုချင်တာ" တွေ ဖြစ်နေတယ်။ လိုချင်တာတွေ လုပ်ချင်တာတွေကို မလုပ်ခဲ့ရလို့ ပြန်တွေးပြီး နောင်တရနေတဲ့ သက်ကြီးရွယ်အိုတွေက အများစုပါ။ ဘဝမှာ လိုအပ်တာတွေကိုပဲ ဦးစားပေးနေရလို့ လိုချင်တာ လုပ်ချင်တာကို မလုပ်လိုက်ရတဲ့သူတွေ၊ ဘာလုပ်ချင်မှန်း ဘာဖြစ်ချင်မှန်းတောင် မသိတော့တဲ့သူတွေ အများကြီးပဲ။ လူဖြစ်ရှူံးနေကြတာပေါ့ဗျာ။ လိုချင်တာ လုပ်ချင်တာကို စိတ်ရှိလက်ရှိ လုပ်နိုင်ကြပါစေဗျာ။"
ကျွန်တော်တင်လိုက်တဲ့ အဆိုစကား အချက်အလက်လေးက ဘောင်ကျဥ်းကျဥ်းကျဥ်း ခပ်ရှင်းရှင်းလေးပါ။ လိုအပ်တယ်လို့ အကြောင်းပြပြီး လိုချင်တာတွေ ဝယ်နေမိတာကို သတိထားမိအောင်ပါ။ ဥပမာ ကိုယ့်မှာ မပျက်သေးတဲ့ အသင့်အတင့် ဖုန်းတစ်လုံးရှိတယ်။ ဒါပေမဲ့ ဖုန်းအသစ်လေးတွေ့တော့ လိုချင်လာပြီ။ ဒီတော့ "လက်ရှိဖုန်းက နည်းနည်းနှေးနေပြီ၊ ဘက္ကရီက မကောင်းတော့ဘူး၊ ဖုန်းက နည်းနည်းသေးနေတယ်" စသဖြင့် ဆင်ခြေဆင်လက်တွေပေးပြီး ဖုန်းသစ်ဝယ်ဖို့ကြိုးစားရင် ဖုန်းသစ်ကို တကယ်လိုအပ်လို့မဟုတ်ပဲ လိုချင်တာပဲဖြစ်ကြောင်း သတိလေးနဲ့ ခွဲခြားနိုင်အောင်ပါ။
မှတ်ချက်ပေးသူကတော့ "လိုအပ်တာ" နဲ့ "လိုချင်တာ" ကို ထပ်ချဲ့ပြီးတွေးလိုက်ပါတယ်။ ဒီလို ထပ်ချဲ့ပြီးတွေးလိုက်နိုင်တာကိုလည်း ချီးကျူးပါတယ်။ သူပြောတာ မှန်သင့်သလောက်လည်း မှန်ပါတယ်။
လူဆိုတာ အခြေခံလိုအပ်ချက်တွေနဲ့တင် ဘဝဆုံးသွားရရင် လူဖြစ်ရှုံးပါတယ်။ မှန်ပါတယ်။
ဒါပေမဲ့ လိုချင်တာတွေ လျှောက်ဝယ်တဲ့အခါ၊ လုပ်ချင်တာတွေ လျှောက်လုပ်တဲ့အခါ ရေရှည်ကို ကြည့်ရပါတယ်။ နောင်ရေးကို ကြည့်ရပါတယ်။
လိုချင်တာတွေဟာ ကိုယ့်ကို ဆိုးကျိုးဖြစ်စေသလား၊ ပတ်ဝန်းကျင်ကို ဆိုးကျိုးဖြစ်စေသလားဆိုတာ ကြည့်ရပါတယ်။
"လိုချင်တာ လုပ်ချင်တာကို စိတ်ရှိလက်ရှိ လုပ်နိုင်ကြပါစေဗျာ" ဆိုတဲ့ ဆုတောင်းစကားလေးကို ပြန်ကြည့်ရအောင်။
လိုချင်တိုင်း လျှောက်ဝယ်ဖို့ အကြွေးနဲ့ ဝယ်ရတာ၊ အရေးပေါ်ရန်ပုံငွေ စုထားတာမရှိပဲ ဝယ်တာဆိုရင် ကိုယ့်ရဲ့ နောင်ရေးကို ထိခိုက်ပါတယ်။ ရေတို လိုချင်တာလေးတွေကြောင့် ရေရှည်မှာ ဘဝပျက်သွားနိုင်ပါတယ်။ မလုပ်သင့်ပါဘူး။ ဒီဗီဒီယိုလေးကို ကြည့်ပေးပါ။ အကြွေးထောင်ချောက် https://www.facebook.com/fireflypsk/posts/299158001422482/
ကျွန်တော်ကလည်း မဖြုန်းနဲ့လို့မပြောပါဘူး။ ဖြုန်းနိုင်တဲ့အချိန်ရောက်မှ ဖြုန်းဖို့ ပြောတာပါ။ ဝမရှိပဲ ဝိမလုပ်မိဖို့ လိုပါတယ်။ ရေရှည်မှာ လုပ်ချင်တာတွေ လုပ်နိုင်ဖို့ လတ်တလောမှာ လုပ်သင့်တာတွေ ရွေးလုပ်တတ်ဖို့ လိုပါတယ်။
ဘတ်ဂျက်ဆွဲကြစို့ https://www.facebook.com/fireflypsk/posts/121833199154964
ဖုန်းသစ် လိုချင်တယ် https://www.facebook.com/fireflypsk/posts/148117706526513
မှတ်ချက်ပေးတဲ့သူက ချဲ့ကားပြီး တွေးလိုက်သလို ကျွန်တော်က ချဲ့ကားပြီးတွေးရမယ်ဆိုရင် အချို့လူတွေဟာ သက်ငယ်မုဒိမ်းသမားတွေ၊ စိတ္တဇ အကြမ်းဖက်သမားတွေပါ။ ဒီလိုလူတွေအတွက် "လိုချင်တာ လုပ်ချင်တာကို စိတ်ရှိလက်ရှိ လုပ်နိုင်ကြပါစေဗျာ" ဆိုတဲ့ ဆုတောင်းစကားလေးကို မပြည့်စေချင်ပါဘူး။ (ဒါပေမဲ့ မှတ်ချက်ပေးသူဟာ ဒီအတွက် ရည်ရွယ်ပြီး ဆုတောင်းတာမဟုတ်ဘူးဆိုတာ ကျွန်တော် နားလည်ပါတယ်။ "ပြောချင်တဲ့ ဆိုလိုရင်းကို ဘေးဖယ်ပြီး၊ ကပ်ပြော ကန်ပြော ချဲ့ပြောရင် ပြောချင်သလောက် ပြောလို့ရတယ်" ဆိုတာကို ကျွန်တော်က သာဓက ပြချင်ယုံပါ။ Dave Ramsey ပြောတဲ့ ခပ်ရိုးရိုး အကြံပေးစကားကို မှတ်ချက်မှာ ကပ်ပြော ကန်ပြော ချဲ့ပြောထားသလိုပေါ့။)
နောက်တစ်ချက်က အသက်ကြီးတဲ့သူတွေ "လိုချင်တာ လုပ်ချင်တာ" မလုပ်ခဲ့ရလို့ နောင်တရတဲ့အချက်။ ဘဝမှာ ပြန်တွေးကြည့်ရင် TV အကြီးကြီး မဝယ်ခဲ့ရလို့ နောင်တရတဲ့သူ၊ ဖုန်းအသစ် ပုံမှန်မလဲရလို့ နောင်တရတဲ့သူ၊ လိုချင်တာတွေ မဝယ်ခဲ့ရလို့ နောင်တရတဲ့သူတွေ ရှားပါလိမ့်မယ်။ သူတို့ တကယ် နောင်တရတာက ဘဝမှာ ကိုယ်လုပ်ချင်တာတွေ၊ ကိုယ်ဝါသနာပါတာတွေကို စွန့်စားပြီး မလုပ်ခဲ့ရလို့၊ ဘဝအတွက် အရေးပါတာတွေအတွက် အချိန်မပေးနိုင်ခဲ့လို့ နောင်တရကြတာများပါတယ်။
နောက်ပြီး ပစ္စည်းအသစ်အဆန်း လိုချင်တာတွေနောက်လိုက်တာဟာ လူတွေကို စစ်မှန်တာရှည်ခံတဲ့ ပျော်ရွှင်မှုတွေ မပေးနိုင်ပါဘူးလို့ သုတေသနတွေ့ရှိချက်တွေ ရှိပါတယ်။ ယာယီအပေါ်ယံ တခဏ အပျော်တွေပါ။
တစ်သက်လုံး ခြိုးခြံချွေတာရင်း ပျော်စရာရှာမတွေ့လို့ လူဖြစ်ရှုံးနေရသူတွေ ရှိတာတော့ အမှန်ပါ။ ဘဝမှာ ကိုယ်ဘာလုပ်ချင်လဲ၊ ဘာဖြစ်ချင်လဲ သိဖို့လိုပါတယ်။ မှန်ပါတယ်။ နောက်များမှ လူ့လိုအပ်ချက် အဆင့် ၅ ဆင့်အကြောင်း ရေးပါဦးမယ်။
ဒါပေမဲ့ ဘဝမှာ ကိုယ်လုပ်ချင်တာတွေ လုပ်နေနိုင်ဖို့ ငွေလိုပါတယ်။ ဥပမာ ကျွန်တော် ခရီးထွက်ရတာ သဘောကျတယ်။ ငွေတွေ အများကြီးလိုပါတယ်။ သူများခိုင်းတဲ့အလုပ်တွေ မလုပ်ချင်၊ ဝန်ထမ်းမလုပ်ချင်၊ ငွေနောက် မလိုက်ချင်ပဲ ဝါသနာအရ အေးအေးဆေးဆေး စာထိုင်ရေးနေချင်တယ်။ ဒီလို လုပ်နေနိုင်ဖို့ ငွေလိုပါတယ်။
ငွေသခင် အရေးတော်ပုံ https://www.facebook.com/fireflypsk/posts/109002833771334
ကျွန်တော်သာ အရင်က လိုချင်တာမှန်သမျှ လျှောက်ဝယ်နေခဲ့ရင် ခုလို ဘဝမျိုး ရနိုင်ပါ့မလား။ နိုးပါ။ ခုချိန်မှာ အေးဆေးစာထိုင်ရေးနေမဲ့အစား ကိုယ်မလုပ်ချင်တဲ့ အလုပ်တွေကို စိတ်မပါပဲ လုပ်နေရဦးမှာပါ။ ဖြုန်းခဲ့မိတဲ့ ငွေတွေအတွက် ကိုယ့်ရဲ့ လုပ်အားနဲ့ အချိန်တွေကို ပေးဆပ်ရဦးမှာပါ။
ဘဝနေဝင်ချိန်မှာ နောင်တမရစေဖို့၊ ကိုယ်ဝါသနာပါရာ၊ ကိုယ်လုပ်ချင်တာတွေ (လူ့ဘောင်ကို ဒုက္ခမပေးတာတွေတော့ ဖြစ်ဖို့လိုပါတယ်) အချိန်ရှိခိုက် နောက်ဆံမတင်းပဲ အေးဆေးလုပ်နိုင်ဖို့ မဖြုန်းသင့်တဲ့နေရာမှာ မဖြုန်းပစ်ဖို့ လိုပါတယ်။ သာမန်လူတစ်ယောက်ရဲ့ ငွေရှာနိုင်စွမ်းမှာ အကန့်အသတ်ရှိပါတယ်။ အပေါ်ယံ လိုချင်တာတွေနောက် လျှောက်လိုက်နေရင် ကိုယ့်ဘဝအတွက် အမှန်တကယ်အရေးကြီးတဲ့အရာတွေအတွက် ငွေမရှိတဲ့အခါ နောင်တရတတ်ပါတယ်။
ဒီတော့ "ပစ္စုပ္ပန်မှာ လိုချင်ရာတွေ ဝယ်မယ်။ လုပ်ချင်တာတွေလုပ်မယ်။ စိတ်ကျေနပ်ဖို့လိုတယ်" လို့ ပြောတဲ့သူတွေကို ပြောချင်တာက ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်။ ကိုယ့်သဘောပါ။ လုပ်ချင်တာလုပ်ပါ။ တားလို့ မရရင်လည်း မတားပါဘူး။
"အသက်ကြီးလို့ အိုလာနာလာတဲ့အခါ ငွေလိုတယ်" လို့ စေတနာစကားနဲ့ သတိပေးတာကို "လူအများစုက မအိုခင် သေကြတာပါ" လို့ အချက်အလက်အမှားတွေနဲ့ ပြန်ပြောတဲ့ ခပ်ပိန်းပိန်း လူတွေရှိတယ်။ (အပေါ်က မှတ်ချက်ပေးတဲ့သူတော့မဟုတ်ပါဘူး။ အခြားတစ်ယောက်ပါ။)
ဒီလိုလျှောက်လုပ်နေရင်း မွဲသွားတော့မှ အိုဇာတာမကောင်းဘူး ဘာညာနဲ့ ကံကိုပုံမချပါနဲ့။ သူများတွေကို ဝန်ထုပ်ဝန်ပိုးမပေးပါနဲ့။ ဆန်ကုန်မြေလေးအဖြစ်မခံပါနဲ့။
သုံးဖြုန်းပျော်ပါးပြီး မမွဲခင် ဒီကဗျာ အပိုင်းအစလေးကနေ သတိ သံဝေဂယူနိုင်ကြပါစေ။
"ခွက်လက်ဆွဲကာ တောင်းစားပါလည်း
နင်သာလူမိုက် ဒုစရိုက်ဟု
ရိုက်ပုတ်လိုက်ကြ
ရွာမှထွက်လေ တောမှာသေသည်
ကောင်သေ ဠင်းတ ကျ၏တည်း။"
ဖြုန်းနိုင်လို့ ဖြုန်းနေတဲ့သူတွေကို ဘာမှ မပြောလိုပါဘူး။ ဖြုန်းနိုင်တဲ့ အဆင့်ရောက်ရင် ဖြုန်းပါ။ ဒါပေမဲ့ မဖြုန်းနိုင်သေးတဲ့လူတွေကို အဆိပ်သင့် အမှတ်မှားစေမယ့် စကားတွေကို မပြောကြပါနဲ့။ မဖြုန်းနိုင်သေးတဲ့ အမှတ်မှားပြီး ဝမရှိပဲ ဝိလုပ်မိလို့ အကြွေးနွံနစ်ကုန်ရင် မကောင်းပါဘူး။
တိုင်းပြည်မှာ လူတွေ မစုမဆောင်းပဲ သုံးဖြုန်းပစ်ကြလို့ အသက်ကြီးလာတဲ့အခါ စားဖို့မရှိ၊ ဆေးဖိုးမရှိတဲ့ သက်ကြီးရွယ်အိုတွေ အရမ်းများနေရင် တိုင်းပြည်အတွက် ရင်လေးစရာပါ။
အနာဂတ်အတွက်၊ တိုင်းပြည်အတွက် ဆင်ခြင်နိုင်ကြပါစေ။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment