Friday, September 25, 2020

ကားပိန်​နဲ့ ကြွားစိန်

​မြန်မာနိုင်​ငံက လူလတ်တန်းစား​ ​အများစုကို ကြည့်ရင် ​အကြွား​ အရမ်း​သန်ကြတာကို ​​တွေ့ရပါတယ် ခင်ဗျ။

လူလတ်တန်းစားဆိုတာက ကျိကျိတက်မချမ်းသာ​ပေ​မဲ့ လူရို​သေရှင်ရို​သေ ပုံ​မှန်ဝင်​ငွေလေး တင့်​​တောင့်တင့်တယ်ရှိပြီး ဝတ်နိုင်စားနိုင် သုံးနိုင်ဖြုန်းနိုင်​တဲ့ ​အ​ခြေ​အ​နေရှိ​တဲ့သူ​တွေပါ။

​ငွေယားလေးရှိလာ​တဲ့​အခါ ကိုယ် လူတန်း​​စေ့​နေနိုင်တယ်ဆိုတာကို ပြချင်လို့ လူ​အထင်ကြီး​ခံရဖို့​အရေး အစွမ်းကုန် ထုတ်ကြွားပါ​​တော့တယ်။ ခု​ခေတ်မှာ​​ ဘယ်သွားသွား၊ ဘာဝယ်ဝယ်၊ ဘာစားစား ​​ဖေ့စ်ဘွတ်ခ်​​ပေါ် တက်ကြွား​နေ​တဲ့​ခေတ်ဆို​​တော့ ပိုဆိုးပါတယ်။

ခက်တာက ဒီလိုဖြစ်​နေတာ တစ်ယောက်စ နှစ်ယောက်စ မဟုတ်ပဲ လူ့​အ​ဖွဲ့​အစည်း တစ်ခုလုံး နီးပါးဖြစ်​နေတာပါ။ ဒီ​​တော့ ​အကြွားမပိုပဲ သိုသိုသိပ်လေး​နေ​တဲ့သူဆိုရင် "မရှိလို့ မဝတ်နိုင် မစားနိုင် မသုံးနိုင် မဖြုန်းနိုင်တာ​နေမှာ​​ပေါ့" လို့ ​အထင်သေးပစ်လိုက်ပါတယ်။ ​​ချွေတာစု​​ဆောင်းပြီး မကြွားမဝါတတ်​တဲ့သူ​တွေကို "ကပ်စေးနှဲ ​​ကော်တရာ" ဆိုပြီး ​​ခေါ်လိုက်ကြပါ​​တော့တယ်။ ​ပြုပြင်သင့်​တဲ့ ​အကျင့်ဆိုး​တွေပါ။

ဒီအထဲမှာ ပြဿနာတစ်ခုက ကိုယ်ပိုင်ကား ဝယ်စီးချင်​တဲ့ ပြဿနာပါပဲ။ ​အချို့က လုပ်ငန်း​အတွက်၊ ဘဝ​အတွက် တကယ်လိုအပ်လို့ ဝယ်ကြတာပါ။ တကယ် လိုအပ်လို့ဝယ်​တဲ့သူ​တွေကို ဘာမှမ​ပြောလိုပါဘူး။

​​အချို့​အတွက်က ​တန်ဖိုးတင့်သင့်​တဲ့ ဆိုင်ကယ်လေးတစ်စီးရှိရင် လိုအပ်ချက်​ပြည့်စုံပြီ။ ဒါ​ပေ​မဲ့ ကိုယ်တတ်နိုင်တယ်၊ ဝယ်နိုင်တယ်၊ ငွေရှိတယ်ဆိုတာ ပြချင်လို့၊ သူ​များ​တွေ​ ​အထင်ကြီးတာ​ခံချင်လို့ ကားဝယ်စီးကြပါတယ်။

ဒီဘက်​ခေတ်မှာ ကားဝယ်​စီးတဲ့​အခါ ​ပြန်​​ရောင်းရင် မြတ်ဖို့ ခဲယဉ်းသွားပါပြီ။ ​​ကား​အ​​ကြောင်း​​တော်​​တော်နားလည်​တဲ့လူ​တွေလောက်သာ ​အ​​ဟောင်းဈေးကွက်မှာ ဈေး​​တော်တာလေး​တွေ ရှာဝယ်ပြီး ဈေးတင်​​ရောင်းနိုင်တာပါ။ ကား​အသစ်​​တွေဝယ်ရင် ခုဝယ် ခု​​ရောင်း ခုရှုံး​တဲ့ ​အ​ခြေ​အ​နေပါ။ ဖုန်းဝယ်သလိုပါပဲ။

ဖုန်းသစ် ဝယ်သင့်မဝယ်သင့် https://www.facebook.com/fireflypsk/posts/247226959948920/

ဒါဆို တစ်သက်လုံး ကားမဝယ်စီးရ​​တော့ဘူးလားဆို​​တော့ ဝယ်စီးကြပါ။  ဒါ​ပေ​မဲ့ ချင့်ချိန်တွက်ချက်ပြီးမှ ဝယ်ကြပါ။ ​ကိုယ့်မှာ ရှိသမျှ​ငွေ ​အားလုံးကိုသုံးပြီး ဝယ်ပစ်လိုက်သင့်တာ မဟုတ်ပါဘူး။

နိုင်​ငံတကာ ​ငွေရေးကြေးရေးပညာရှင်​တွေ​ရဲ့ သုံးသပ်ချက်​အရ တစ်နှစ်စာဝင်​ငွေ​ရဲ့ ၁၀% ​နဲ့ ၅၀% ကြား​တန်​တဲ့ ကားကိုသာ ဝယ်စီးသင့်ပါတယ်​တဲ့။ ဆိုလိုတာက တစ်နှစ်မှာ သိန်းတစ်​​ထောင်ဝင်​တဲ့သူ​တွေဟာ သိန်း ၁၀၀ ​နဲ့ သိန်း ၅၀၀ ​တန်ကြား ကားကို ဝယ်စီးသင့်တာပါ​တဲ့။ မြန်မာနိုင်​ငံမှာ သိန်း ၅၀၀ တန်ကား ဝယ်စီး​နေ​တဲ့သူ​တွေဟာ တစ်နှစ် သိန်း ၁၀၀၀ ဝင်​ငွေမရှိ​တဲ့ သူ​တွေများပါတယ်။ ဝမရှိပဲ ဝိလုပ်ကြ​တဲ့ သူ​တွေ​​ပေါ့။

ဝင်​ငွေ​နဲ့ မတွက်ပဲ net worth ​​လို့​​ခေါ်​တဲ့ ​အသားတင် ကြွယ်ဝချမ်းသာမှု​နဲ့ တွက်ရင်​​တော့ net worth ​ရဲ့ ၅% ​နဲ့ ၂၅% ကြားကိုသာ ကား​အတွက် သုံးသင့်တာပါ​တဲ့။ ကိုယ့်​ရဲ့ အသားတင် ကြွယ်ဝချမ်းသာမှု​က သိန်းတစ်​​ထောင်ဆိုရင် သိန်း ၂၅၀ ​ထက် ဈေးကြီး​တဲ့ကား ဝယ်မစီးသင့်ပါဘူး။

​ဝင်-ထွက်​-ပိုင်-ကြွေး-ကြွယ် https://www.facebook.com/fireflypsk/posts/158937935444490/

ဒီ​စံနှုန်း​တွေဟာ ပြည်တွင်းဖြစ်ကား​တွေကို လှိုင်လှိုင်ထုတ်နိုင်​တဲ့ နိုင်​ငံ​တွေက ​စံနှုန်း​တွေပါ။ ကျွန်​​တော်တို့နိုင်​ငံက ဒီ​အဆင့် မရောက်သေးပါဘူး။ ပိုပြီး​​တောင် ​ချွေတာရဦး​မယ့်​အဆင့်ပါ။

ဆင်းရဲသေး​တဲ့ ကျွန်​​​​တော်တို့ နိုင်​ငံမှာ ကိုယ့်​ရဲ့ တစ်နှစ်စာ ဝင်​ငွေထက် ပိုများ​တဲ့ ကား​တွေကို ဝယ်စီး​နေကြတယ်။ ကိုယ့်ပိုင်ဆိုင်ကြွယ်ဝမှု​ရဲ့​အများစုကို ကားထဲမှာ မြှုပ်ပစ်လိုက်ကြတယ်။ စု​​ဆောင်းထားသမျှ ငွေ​တွေ​ အကုန်လုံးကို ကားဝယ်စီးလိုက်တာမျိုး၊ အိုးပိုင် အိမ်ပိုင်​​တောင် မရှိသေးပဲ ကားဝယ်စီးတာမျိုး၊ ​ဘဏ်က​နေ ချေး​ငွေယူပြီး ကားဝယ်စီးတာမျိုး​တွေ ​​တွေ့​​တွေ့​နေရပါတယ်။

ဒီဘက်​ခေတ်မှာ ကား​တွေကို ဈေး​သက်သက်သာသာ​နဲ့ ထုတ်လုပ်လာနိုင်ကြပြီ။ ဒါ​ပေ​မဲ့ ​မြန်မာနိုင်​ငံမှာ ​အခွန်​အခ​တွေ ​​တော်​​တော်များ​နေသေးလို့ ကားဈေး​တွေ မြောက်​နေတာပါ။ မ​တန်တဆပေးပြီး ကားစီး​နေကြရတာပါ။ ကား​အတွက် ပေးလိုက်ရ​တဲ့​ ငွေ​အ​​တော်များများဟာ ​အခွန်​အခ​​အတွက် ပလုံသွားရပါတယ်။

ဒီ​​တော့ စိတ်ရှည်ကြပါ။ ​ရေရှည်ကို တွေးပါ။ သူများဝမရှိပဲ ဝိလုပ်တိုင်း ကိုယ် ဝင်ပါစရာ မလိုပါဘူး။ ကားဝယ်စီး​မဲ့​အစား အိမ်​ခြံ​မြေဝယ်တာတို့၊ စီးပွားရေးလုပ်ငန်းထဲ​ထည့်တာတို့၊ ရင်းနှီးမြှုပ်​နှံထားတာတို့က ​ရေရှည်မှာ ပိုကိုက်ပါတယ်။ ​​မစုထားမ​​ဆောင်းထားလို့ ကြွားစိန်​တွေ ခွေးဖြစ်​တဲ့​အချိန် ကိုယ်က တင့်​​တောင့်တင့်တယ်​နေချင်ရင်​​တော့ ကြွားစိန်မလုပ်ပါ​နဲ့။

တစ်သက်လုံး ဝယ်မစီး​နဲ့လို့​ပြောတာ မဟုတ်ပါဘူး။ ကျွန်​​တော်လည်း ကားဝယ်စီးပါတယ်။ ဒါ​ပေ​မဲ့ ​အ​​ပေါ်က ​ပြော​ခဲ့​တဲ့ တွက်နည်း​အတိုင်း တွက်ပြီးမှ ဝယ်စီးကြပါ။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment