ကိုဗစ်-၁၉ ကြောင့် ကမ္ဘာအနှံ့ စီးပွားရေးလုပ်ငန်း အများအပြား ရပ်တန့် နှေးကွေးကုန်ပါတယ်။
ဒီကပ်ဆိုးကြောင့် လူဦးရေ သန်း ၃၃၀ လောက်ရှိတဲ့ အမေရိကန်နိုင်ငံမှာ လွန်ခဲ့တဲ့ တစ်လခွဲအတွင်း လူပေါင်း သန်း ၃၀ ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။
ရောဂါ ကုသဆေးနဲ့ ကာကွယ်ဆေးတွေ မတွေ့ခင် လူစုလူဝေးကို ရှောင်ကြရတဲ့အချိန်မှာ စီးပွားရေး နှေးကွေးနေဦးမှာပါ။ ကုသကာကွယ်ဆေးတွေ ပေါ်လာတာနဲ့ စီးပွားရေးအားလုံး ချက်ချင်းကြီး ဝုန်းကနဲ ပြန်လည်ထောင်တက်သွားဦးမှာ မဟုတ်ပါဘူး။ စီးပွားရေး ယန္တရားကြီး အရှိန်ကောင်းကောင်းနဲ့ ပြန်ပြီး လည်ပတ်နိုင်ဖို့ အချိန်တစ်ခုလိုပါတယ်။ ဒီအချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်ရဦးမှာပါ။
စီးပွားကျချိန်အတွက် ဆောင်ရန်ရှောင်ရန်လေးတွေကို မျှဝေပေးလိုက်ပါတယ်။
▪️ ဝန်ထမ်းဖြစ်စေ၊ စီးပွားရေးသမားဖြစ်စေ လက်ရှိ အလုပ်ဟာ အမြဲရှိနေမယ်လို့ အာမခံချက်မရှိပါဘူး။ အရင်ဆုံး အလုပ်ထုတ်ခံရသူဟာ ကိုယ်မဖြစ်ရလေအောင် အလုပ်ခွင်မှာ အခြားသူတွေထက်သာအောင် အစွမ်းကုန် ကြိုးစားနေဖို့လိုပါတယ်။ ဝန်ထမ်းဆိုရင်လည်း အလုပ်မှာ မရှိမဖြစ် သဘောမျိုး အတော်ဆုံးဖြစ်နေအောင်ကြိုးစားသင့်သလို စီးပွားရေးလုပ်ငန်းရှင်ဆိုရင်လည်း ဖောက်သည်တွေကို ဆွဲဆောင်နိုင်အောင်၊ ပြိုင်ဘက်တွေထက်သာအောင် ပိုကြိုးစားရမယ့် ကာလပါ။ ဝန်ထမ်းတွေအနေနဲ့ အလုပ်ကနေ အလျင်စလို မထွက်သင့်တဲ့ အချိန်ပါ။ အလုပ်ပြန်ရှာရ ခက်တတ်ပါတယ်။
အလုပ်ထွက်သင့် မထွက်သင့် https://www.facebook.com/fireflypsk/posts/215507913120825/
▪️ နောင်မှာ ရလာနိုင်တဲ့ ဝင်ငွေကို ထည့်တွက်ပြီး အိမ်တွေ ကားတွေ ဝယ်တာမျိုးကို ဒီကာလအတွင်း ရှောင်သင့်ပါတယ်။ ဥပမာ ချေးငွေယူပြီး အိမ်ဝယ်တာ၊ ကားဝယ်တာ မျိုးတွေကို ရှောင်ပါ။ နောင်မှာ ရလာနိုင်တယ်ဆိုတဲ့ ဝင်ငွေဟာ မရေရာလှတဲ့ အချိန်ပါ။ အကြွေးသစ်တွေ ယူတာကို ရှောင်ရမယ့် အချိန်ပါ။
▪️ အရေးပေါ် ရန်ပုံငွေအဖြစ် အသုံးစရိတ်ရဲ့ ၆ လစာလောက် ငွေသား ရှိသင့်ပါတယ်။ ၁ နှစ်စာရှိရင် ပိုကောင်းသလို ၃ နှစ်စာလောက်ရှိရင်တော့ အတိုင်းထက်အလွန်ပါပဲ။ ကံမကောင်းအကြောင်းမလှလို့ ဝင်ငွေမရှိတော့ရင် အရေးပေါ်ရန်ပုံငွေ စုထားတဲ့သူတွေအတွက်တော့ ပိုပြီး စိတ်သက်သာရာရပါတယ်။
ရင်းနှီးမြှုပ်နှံမှုမလုပ်ခင် ဒါ အရင်လုပ်ပါ https://www.facebook.com/fireflypsk/posts/120329299305354
▪️ အကြွေးမရှိလို့ အတိုးမပေးရတဲ့သူတွေဟာ ဒီလို ကြပ်တည်းတဲ့ ကာလတွေမှာ ပိုပြီး အသက်ရှူချောင်ပါတယ်။ ဝင်ငွေကောင်းတုန်းမှာ သုံးဖြုန်းပစ်မယ့်အစား အကြွေးတွေ အမြန်ကျေအောင် ဆပ်သင့်တာပါ။
▪️ စီးပွားရေး ကျဆင်းနေလို့ အကြွေးတွေကို မဆပ်နိုင်သေးရင် ကြွေးရှင်တွေကို ညှိနှိုင်းတောင်းပန်ပါ။ ဝင်ငွေမလုံလောက်ပဲ အတိုးသတ်ဖို့ ငွေထပ်ချေးနေရင် ကြွေးနွံထဲ နစ်သွားနိုင်ပါတယ်။
ကြွေးသံသရာက ငရဲကြီး (၄) ထပ် https://www.facebook.com/fireflypsk/posts/118751782796439
▪️ ကိုယ့်ရဲ့ ပိုင်ဆိုင်မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေကို ဈေးကွက်ပျက်နေတဲ့အချိန် ထုတ်ရောင်းတာဟာ အရှုံးများနိုင်တဲ့အတွက် သေချာချင့်ချိန်စဥ်းစားဖို့ လိုပါတယ်။ အကြွေးဆပ်ဖို့ အောက်ဈေးနဲ့ရောင်းရတော့မယ်ဆိုရင်လည်း အရှုံးအမြတ်ကို အတိုးနဲ့ယှဉ်ထိုးပြီး သေချာတွက်ချက်နိုင်ဖို့ လိုပါတယ်။
▪️ ဒီအချိန်မှာ ငွေချေးပေးလိုက်မိရင် ဆုံးတာများတတ်တာမို့ ကိုယ့်ငွေတွေ ချေးပေးလိုက်တာမျိုး၊ ကြားက အာမခံပြီး ချေးပေးလိုက်တာမျိုးတွေကို အထူးသတိထားရမယ့် အချိန်ပါ။
▪️ ဒီအချိန်မှာ ငွေများများ ကိုင်ထားနိုင်တဲ့သူက တစ်ပန်းသာပါတယ်။ အိမ်ဝယ်ဖို့ ကားဝယ်ဖို့ ငွေစုပြီးသား လူတွေအတွက် ထင်ထားတာထက် ပိုပြီး ချိုသာတဲ့ဈေးနဲ့ ရောင်းချင်တဲ့ အိမ်တွေ ကားတွေ ဈေးကွက်မှာ ပေါ်လာဦးမှာမို့ အလောတကြီးမဝယ်သေးပဲ စိတ်ရှည်ရှည်နဲ့ စောင့်ပြီး စိတ်ကြိုက်ကို ရှာဖွေတာ ပိုကောင်းပါတယ်။ ငွေအများကြီးသုံးလိုက်ပြီး လက်ထဲမှာ ငွေမကျန်တော့မယ့်အဖြစ်မျိုး ရှောင်ပါ။
▪️ အသုံးစရိတ်တွေကို လျှော့ချပါ။ ဘယ်နေရာတွေမှာ ချွေတာလို့ရမလဲဆိုတာကို နေရာတိုင်းမှာ စိစစ်ပါ။ လိုအပ်ရင် စားဝတ်နေရေး အားလုံးကို တစ်ဆင့်လျှော့ရင် လျှော့ရပါမယ်။ ဥပမာ ဈေးပိုသက်သာတဲ့ ဆန်ကို ပြောင်းပြီး ဝယ်စားတာမျိုး၊ အိမ်လခ ပိုသက်သာတဲ့ နေရာကို ပြောင်းတာမျိုး၊ ဈေးကြီးကားကိုရောင်းပြီး ဈေးတော်တာကို ပြန်ဝယ်စီးတာမျိုး စတာတွေပါ။ နေ့စဥ် လစဥ် ထွက်နေတဲ့ငွေ တစ်ခုချင်းစီကို အသုံးလားအဖြုန်းလား၊ လျှော့ချလို့ရနိုင်ဦးမလား စဥ်းစားသုံးသပ်ရမှာပါ။
ချွေတာစုဆောင်းရေး ဆောင်းပါးများ https://www.facebook.com/fireflypsk/posts/230825591589057/
▪️ လက်ရှိမှာ ဝင်ငွေရပေါက်ရလမ်းတွေ ပိတ်နေရင် အခြား ဝင်ငွေရပေါက်ရလမ်းတွေကို ကြိုးစား ရှာဖွေကြည့်ပါဦး။ အကြပ်အတည်းတွေကြားမှာ အခွင့်အရေးတွေ ရှိနေတတ်ပါတယ်။
ကိုဗစ်ချိန်ခါ စီးပွားရှာ https://www.facebook.com/fireflypsk/posts/228211658517117/
▪️ ဒီကာလတွေမှာ လိုင်းပေါ်မှာ အလိမ်တွေများလာတတ်တာကြောင့် အလိမ်မခံရအောင် အထူးဂရုစိုက်ဖို့လည်း လိုပါတယ်။
လိုင်းပေါ်က လိမ်နည်း အထွေထွေ https://www.facebook.com/fireflypsk/posts/145165396821744
▪️ အားနေတဲ့အချိန်မှာ အသိပညာတိုးတက်အောင် စာဖတ်ပါ။ ပညာပေး ဗီဒီယိုတွေ ကြည့်ပါ။ လိုင်းပေါ်က အခမဲ့သင်တန်းတွေကို ရှာဖွေပြီး တက်ပါ။ စီးပွားရေးကောင်းလာမယ့် တစ်နေ့အတွက် အဆင်သင့်ဖြစ်နေအောင် ခုကတည်းက ပြင်ဆင်ထားပါ။
▪️ ကျန်းမာရေးကို ဉာဏ်နဲ့ယှဉ်ပြီး ဂရုစိုက်ပါ။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးပါ။
▪️ ကပ်ဆိုးကြောင့် ရည်မှန်းချက်တွေ မပြည့်လို့၊ နှောင့်နှေးသွားလို့ဆိုပြီး စိတ်ညစ်မနေပါနဲ့။ လောကဓံကို ကြံ့ကြံ့ခံနိုင်တဲ့ လူသားတစ်ယောက်ဖြစ်အောင် ကြိုးစားပြီး ပစ္စုပ္ပန်တည့်တည့်မှာ ပျော်အောင်နေပါ။ရောင့်ရဲစိတ်နဲ့ ကိုယ်ကံကောင်းတဲ့အချက်လေးတွေကို ကျေးဇူးတင်တတ်ပါစေ။
ကျေးဇူးတင်တတ်ဖို့ https://www.facebook.com/fireflypsk/posts/175993463738937/
▪️ကိုယ့်ထက်ပိုပြီး အခြေအနေဆိုး ဒုက္ခရောက်နေတဲ့သူတွေကိုလည်း စာနာသနား နားလည်ပေးပြီး တတ်နိုင်သလောက် ကူညီပေးပါ။
ကျွန်တော်ရေးခဲ့တဲ့ စာအများစုဟာ ဒီလိုအခက်အခဲမျိုးတွေ ကြုံလာတဲ့အခါ ဒုက္ခမရောက်ရအောင် ကြိုတင်ပြင်ဆင်ထားဖို့ သတိပေးနှိုးဆော်ထားတဲ့ ကာကွယ်ရေးဆောင်းပါးတွေ များကြောင်း သတိပြုမိတဲ့သူတွေ ရှိမှာပါ။
အကြပ်အတည်းတွေ့လာမှ ကံတရားကိုပုံချအပြစ်တင်နေမဲ့အစား အကြပ်အတည်း မတွေ့ခင်ကတည်းက ခုသာခံသာရှိအောင် ကြိုတင်ပြင်ဆင်ထားဖို့ လိုကြောင်းကိုလည်း ထပ်ပြောပါရစေ ခင်ဗျာ။
မိုးကတော့ ရွာမှာပဲ။ မိုးမစိုချင်ရင် ထီးကို ကြိုပြီး ဆောင်ထားဖို့လိုသလို ထီးမပါလာရင်လည်း မိုးဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့လိုပါတယ်။ မိုးရွာတုန်း ရေခံပြီး မိုးရေချိုးရင်း ပျော်ရွှင်နိုင်ရင်တော့ ပိုကောင်းပါတယ်။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment