ဒီနေ့တော့ နာမည်ငှါးစား မိတ္ထူပွားတဲ့ စီးပွားရေး အကြောင်းလေး ပြောပြချင်ပါတယ်။
ဖရန်ချိုက်စ် Franchise လုပ်ငန်းလို့ အများက သိကြပါတယ်။ နားလည်လွယ်အောင် KFC ကြက်ကြော် စီးပွားရေးကို ဥပမာ ထားပြီး ရှင်းပြပါရစေ။
KFC ကြက်ကြော်ဟာ ကမ္ဘာတစ်လွှားမှာ နာမည်ကျော်ကြား လူကြိုက်များလှပါတယ်။ ဆီကြော်စာတွေမို့ ကျန်းမာရေးနဲ့ မညီညွတ်လှပေမဲ့ လျှို့ဝှက်အမွှေးအကြိုင် ၁၁ မျိုးနဲ့ စီမံထားတဲ့ KFC ကြက်ကြော်ဟာ အခြားကြက်ကြော်တွေနဲ့ မတူပဲ တစ်မူထူးခြားကွဲပြားပြီး အရသာရှိလှတာကြောင့် အားပေးသူ များပါတယ်။
ကြက်ကြော် ရောင်းချင်တဲ့သူ တစ်ယောက်ဟာ ကိုယ်ပိုင်နာမည်နဲ့ ကြက်ကြော်ဆိုင်ဖွင့်ရင် အောင်မြင်ဖို့ မသေချာပေမဲ့ KFC နာမည်ကို ယူသုံးပြီး KFC ရဲ့ ဖော်မြူလာ ကြော်နည်းအတိုင်း ကြော်ပြီးရောင်းရင်တော့ အောင်မြင်နိုင်ခြေ ပိုများပါတယ်။ လူသိများပြီးသားဆိုတော့ ဈေးကွက်မှာ ထိုးဖောက်ဖို့ ပိုလွယ်တာပေါ့။
ဒါပေမဲ့ FKC နာမည်ကို ယူသုံးချင်တိုင်း ယူသုံးလို့ မရပါဘူး။ နာမည်ယူသုံးပြီး ဆိုင်ဖွင့်ချင်တဲ့ သူက KFC မူပိုင်ပင်ရင်း ကုမ္ပဏီဆီကို လျှောက်လွှာတင်ရပါတယ်။ ငွေရေးကြေးရေး တောင့်တင်းပြီး စားသောက်ဆိုင်လုပ်ငန်း အတွေ့အကြုံရှိတဲ့သူတွေကို ဦးစားပေးပြီး လုပ်ခွင့်ပေးပါတယ်။ သေချာစိစစ်ပြီး သင့်တော်မယ်ထင်မှ ဖရန်ချိုက်စ်ကို ချပေးတာပါ။ လူတိုင်းကို ချမပေးပါဘူး။ သူတို့ဆီက ဖရန်ချိုက်စ်ယူချင်တဲ့သူတွေကလည်း များတာကိုး။
နာမည်ယူသုံးခအနေနဲ့ KFC မူပိုင်ပင်ရင်း ကုမ္ပဏီကို အရင်ဆုံး အခကြေးငွေပေးရပါတယ်။ ဘယ်လို ကြော်ရမယ်၊ ဘယ်လို ရောင်းရမယ် စသဖြင့် KFC စံချိန်မီ ဆိုင်တစ်ဆိုင်ဖြစ်လာအောင် KFC ကနေ သင်တန်းပေး အကူအညီ ပေးမှာပါ။ ကြော်လှော်ဖို့ မီးဖိုချောင် ပစ္စည်းတွေ၊ ဟင်းခတ်အမွှေးအကြိုင်တွေ၊ လင်ပန်းတွေ၊ ငွေပေးချေစက်တွေ အားလုံးကို KFC ကနေ တိုက်ရိုက်ဝယ်ယူ ပုံတူကူးခွင့်ရမှာပါ။ အဲဒါအတွက်တော့ KFC ကို ငွေတွေ ထပ်ပေးရပြန်ပါတယ်။
ဆိုင်ဖွင့်ပြီးလို့ ရောင်းရငွေထဲက ၅% လောက်ကို KFC မူပိုင်ပင်ရင်း ကုမ္ပဏီကို နာမည်ငှါး မိတ္ထူပွားခအနေနဲ့ လစဥ် ပေးသွင်းရပါသေးတယ်။ KFC ကြက်ကြော် ကြော်ငြာခတွေကိုလည်း အချိုးကျ ပေးရမှာပါ။
ဒီတော့ ဖရန်ချိုက်စ်လုပ်ငန်းဟာ KFC မူပိုင်ပင်ရင်း ကုမ္ပဏီအတွက်ကတော့ တော်တော် အလုပ်ဖြစ်ပါတယ်။ နာမည်ငှါး မိတ္ထူပွားခတွေ၊ သင်တန်းပေးခတွေကို လစဥ် သဲ့ယူနေနိုင်ပါတယ်။
ဖရန်ချိုက်စ်ယူတဲ့သူတွေအတွက်လည်း အကျိုးအမြတ်တွေ ရှိပါတယ်။ နာမည်ကြီးပြီးသား ကြက်ကြော်ကို ရောင်းတာမို့ ဈေးကွက်မှာ စားသုံးသူတွေ များမယ်။ မြတ်နိုင်ခြေများမယ်။ KFC က ဆိုင်တစ်ဆိုင်လုံးအတွက် အစအဆုံး သင်တန်းပေးပြီး လိုအပ်တာတွေ စီစဥ်ပေးတာမို့ ခေါင်းသိပ်မစားရတော့ပါဘူး။
ဒါပေမဲ့ ဖရန်ချိုက်စ်ယူတဲ့အတွက် မကောင်းတဲ့ အချက်တွေလည်းရှိပါတယ်။ ဖရန်ချိုက်စ်ယူခ ပေးရတဲ့ အခကြေးငွေတွေက များလှပါတယ်။ ကိုယ်ပိုင် နာမည်နဲ့ဆို အမြတ်ရသမျှ ကိုယ့်အတွက်၊ ခုတော့ အမြတ်တွေကို သူများကို ခွဲပေးနေရပါတယ်။ နောက်ပြီး ကိုယ်လုပ်ချင်တိုင်း လျှောက်လုပ်လို့မရပါဘူး။ ရောင်းချင်တာတွေကို အသစ် တီထွင်ပြီး တင်ရောင်းလို့မရပါဘူး။ KFC က ခွင့်ပြုထားတာတွေကိုပဲ ရောင်းရတာပါ။
အချုပ်ပြောရရင် ဒီ ဖရန်ချိုက်စ် စီးပွားရေးမှာ ဝင်ငွေ ရပေါက်ရလမ်း ၂ မျိုး ရှိပါတယ်။
(၁) ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို အောင်မြင်အောင် အရင်လုပ်ပါ။ ဥပမာ KFC လိုမျိုးပေါ့။ နိုင်ငံကျော်သွားပြီဆို သူများတွေကို ဖရန်ချိုက်စ်ပေးပြီး လုပ်စားလို့ရပါပြီ။ နာမည်တစ်ခု အောင်မြင်ဖို့တော့ အချိန် နှစ်ပေါင်းများစွာ ရင်းရပါမယ်။
(၂) အောင်မြင်ပြီးသား စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ နာမည်ကို ဖရန်ချိုက်စ်ယူ၊ ငွေအလုံးအရင်းလိုက်သုံးပြီး စီးပွားရေးလုပ်ငန်းတစ်ခု အလွယ်တည်ဆောက်ဖို့ပါ။ အချိန်သိပ်မပေးရပါဘူး။ ငွေတော့ အတော်ရင်းရမှာပါ။
နှစ်မျိုးလုံးဟာ လုပ်တတ်ရင် တစ်မျိုးစီ ကိုက်ပါတယ်။ ယုံကြည်စိတ်ချရတဲ့ လက်ထောက်တွေနဲ့ လွှတ်ထားလို့ရရင် ဒါဟာ အထိုင်ဝင်ငွေပါပဲ။ အိမ်မှာ ဒူးနှံ့နေလည်း ငွေဝင်နေမှာပေါ့။
ဒါကတော့ နာမည်ငှါးစား မိတ္ထူပွားတဲ့ ဖရန်ချိုက်စ် စီးပွားရေးအကြောင်း တစေ့တစောင်းပါ ခင်ဗျာ။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
Sunday, September 27, 2020
နာမည်ငှါးစား မိတ္ထူပွား
Subscribe to:
Post Comments (Atom)
လူလိမ်လား လူကောင်းလား
ဒီနေ့တော့ ကျွန်တော် ပဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ပေ့ချ်တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...
-
လိုင်းပေါ်မှာ စီးပွားရေး ပန္နက် (Business Plan) ရေးဆွဲနည်းသင်တန်းတွေ ကြော်ငြာနေတာတွေ့ရပါတယ်။ သင်တန်းကြေးတွေကလည်း မနည်းလှပါဘူး။ သင်တန်းပေ...
-
မနေ့က ဘိုးတော် ပိုးစုန်းကြူး အကြောင်းရေးတာ မြန်မာနိုင်ငံမှာ လိမ်ခဲ့ကြတဲ့ လိမ်နည်းတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ရုံသာမက Cryptocurrency လို့ခ...
-
ခုခေတ် ကျွန်တော်တို့ အများစုမှာ လက်ကိုင်ဖုန်းတွေကိုယ်စီ ရှိကြပါတယ်။ နောက်ဆုံးပေါ် ဖုန်းသစ်လေးတွေကို မြင်ရင် လိုချင်တဲ့ စိတ်လေးတွ...
No comments:
Post a Comment