Wednesday, September 23, 2020

အသုံးစရိတ် စာရင်း လုပ်ကြစို့

ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံတွေကို ဖြစ်သလို ထိုးထည့်ထား။ ပေးစရာ ရှိရင် အထွေးလိုက် ထုတ်ပေးလိုက်။ ရစရာ ရှိရင် ယူထားလိုက်။ လုံးထွေးပြီး ပြန်ထိုးထည့်ထား။

ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံဘယ်လောက်ရှိမှန်းမသိ။ ​ငွေ ဘယ်လောက်ဝင်လို့ ဘယ်လောက်ထွက်နေမှန်း မသိ။

ဘေးကလူတွေက ပိုက်ဆံ အိတ်ထဲက ပိုက်ဆံ အချို့ နှိုက်သွားရင်တောင် ပိုက်ဆံတွေ ပျောက်လို့ ပျောက်မှန်းမသိ။ လကုန်လို့ ပြန်ကြည့်ရင် ပိုက်ဆံတွေက ဘယ်လိုကုန်နေမှန်း မသိ။

ဒီလိုတွေ မသိခြင်းများစွာနဲ့ ဗရုတ်သုတ်ခ ဖြစ်နေရင်တော့ ငွေသခင်မဖြစ်ပဲ အကြွေးသခင်ပဲ ဖြစ်ဖို့ ရှိပါတယ်။ ချက်ချင်း ပြုပြင်ရမယ့် အချက်ပါပဲ။

ကျွန်တော်ကတော့ ငွေဝင်လာတိုင်း သို့မဟုတ် ငွေထွက်တိုင်းမှာ လက်ကိုင်ဖုန်းလေးထုတ်ပြီး မှတ်ပါတယ်။ ခုနောက်ပိုင်း ဖုန်းထဲမှာ ဝင်ငွေထွက်ငွေ မှတ်ဖို့ ဖုန်း ​အပလီကေးရှင်း App လေးတွေပေါ်လာတော့ ပို အဆင်ပြေပါတယ်။

ဝင်ငွေ၊ ထွက်ငွေကို အပလီကေးရှင်းထဲမှာ ထည့်လိုက်ရင် ဘဏ်ထဲမှာ ဘယ်လောက်ကျန်တယ်၊ ပိုက်ဆံအိတ်ထဲမှာ ဘယ်လောက်ကျန်တယ် ဆိုတာကို အလိုအလျောက် တွက်ချက်ပေးပါတယ်။ နေ့စဉ်၊ အပတ်စဉ်၊ လစဉ်အသုံး စရိတ်တွေကို ဇယား ဂရပ်ဖ် ပုံ တွေနဲ့ ပြပေးပါတယ်။ စာရင်းချုပ်ပေးပါတယ်။ ဂဏန်းပေါင်းစက် မလိုတော့ဘူးပေါ့။ စာရင်းတွက်ရမှာ ပျင်းတဲ့သူတွေ အတွက် အဆင်ပြေပါတယ်။

ကျွန်​​တော်သုံး​တဲ့ ​ဖုန်း အပလီကေးရှင်း​တွေက "Money Mgr" ​နဲ့ "ExpenSense" ပါ။ ​အင်္ဂလိပ်ဘာသာ​နဲ့ ဖြစ်တာကတစ်​​ကြောင်း၊ ​ငွေ​အနည်းငယ်ပေးပြီး ဝယ်ရ​​တဲ့ အပလီကေးရှင်း​တွေ ဖြစ်တာက တစ်​​ကြောင်း၊ အ​​ကြောင်း​​ကြောင်း​​ကြောင့် သုံးရတာခက်ခဲမယ်ဆို သုံးရတာပိုလွယ်​တဲ့ ​ငွေမပေးရ​တဲ့ အပလီကေးရှင်း​လေးတစ်ခု ရှိပါတယ်။

မြန်မာဘာသာနဲ့ စီစဉ်ထားတဲ့ ShweSuBoo (ရွှေစုဘူး) ဆိုတဲ့ ဖုန်း အပလီကေးရှင်းလေးပါ။ စမ်းသုံးကြည့်ကြပါ။

ငွေရရင်ဖြစ်ဖြစ်၊ သုံးလိုက်ရင် ဖြစ်ဖြစ် ချက်ချင်း မှတ်ထားတတ်တဲ့ အကျင့်ကို လုပ်ပါ။ အပလီကေးရှင်း နဲ့ မလုပ်တတ်လည်း ကိစ္စမရှိပါဘူးခင်ဗျာ။ ဖုန်းက မှတ်စုမှာ သို့မဟုတ် စာအုပ်ထဲမှာ မှတ်နိုင်ပါတယ်။

ညတိုင်း မအိပ်ခင်လုပ်လို့လည်း ရပါတယ်။

#စာရင်းလုပ်နည်း ကို ဥပမာလေးနဲ့ ပြောပြပါ့မယ်။

#လကုန်ရက်ည

ဥပမာ တစ်လ ၅ သိန်းဝင်ငွေရှိလို့ ၂ သိန်းကို စုပြီး ကျန်တဲ့ ၃ သိန်းကို အသုံးစရိတ် အဖြစ်ထားတယ် ဆိုပါစို့။ လခရတာနဲ့ စုမယ့်ငွေ ၂ သိန်းကို ဖယ်ထားလိုက်ပါ။ အိမ်မှာထားရင် သူခိုးရန်ကြောက်ရလို့ ဘဏ်မှာ အပ်ထားလိုက်ပါ။ ဘဏ်တိုးတောင် ရပါသေးတယ်။ နောက်ပိုင်း ရင်းနှီးမြှုပ်နှံခါနီးတော့မှ ပြန်ထုတ်ပါ။

ဒီလအတွက် သုံးဖို့ စရိတ် သုံးသိန်း ပိုက်ဆံအိတ် (သို့မဟုတ် ဘဏ်ကတ် သို့မဟုတ် လုံခြုံတဲ့ တစ်နေရာ) ထဲ ထည့်ထားတယ်ဆိုပါစို့။ လကုန်ရက်ည မှာ ပိုက်ဆံအိတ်ထဲမှာ သုံးသိန်း ရှိနေကြောင်း စာရင်းမှတ်လိုက်ပါ။ ဒီညမှာတော့ ပိုက်ဆံအိတ်ထဲမှာ သုံးသိန်း အတိပဲ ရှိနေပါစေ။

#တစ်ရက်နေ့ည

တစ်ရက်နေ့ညမှာ ပိုက်ဆံအိတ်ထဲကငွေ ပြန်ရေကြည့်ပါ။ ၂ သိန်း ၉ သောင်း နဲ့ ၃ ထောင် ရှိနေတယ်ဆိုရင် ဒီနေ့သုံးငွေဟာ ၇ ထောင် ပေါ့။ ဒါဆို ၇ ထောင်ကို ဘယ်နေရာမှာ သုံးလိုက်တယ်ဆိုတာ ပြန်စဉ်းစားပြီး ဒီနေ့ရက်စွဲနဲ့ စာရင်းသွင်းရပါမယ်။ စာရင်းထဲမှာ သုံးလိုက်တဲ့ ၇ ထောင်ကို ဘာတွေအတွက် သုံးလိုက်တယ်ဆိုတာ စနစ်တကျ ရှိနေရပါမယ်။

#နှစ်ရက်နေ့ည

နှစ်ရက်နေ့ညမှာလည်း ဒီအတိုင်းပါပဲ။ လက်ကျန်ငွေကို ရေတွက်ပါ။ ၂ သိန်း ၈ သောင်း နဲ့ ၃ ထောင် ရှိနေတယ်ဆိုရင် ဒီနေ့ သုံးငွေဟာ ၁ သောင်းပေါ့။ ဘာတွေ သုံးလိုက်လဲ ဆိုတာ တိတိကျကျ စာရင်းလုပ်ပါ။

#ပြတ်တုန်းလပ်တုန်း၂၃

ဒီလိုနဲ့ လကုန်ရက် နီးလာ​တဲ့​အခါ မူလငွေ ၃ သိန်းက လုံးပါးပါး လာပါလိမ့်မယ်။ ပြတ်တုန်းလပ်တုန်း ၂၃ မဖြစ်ရလေအောင် ညတိုင်း လက်ကျန်ငွေကို စိစစ်ပြီး ချင့်ချိန် သုံးလို့ရတာပေါ့။

ကြားပေါက် ဝင်ငွေကိုလည်း အလားတူ မှတ်လို့ရပါတယ်။ ဝင်ငွေကိုတော့ သုံးမယ့် ပိုက်ဆံအိတ်ထဲ မထည့်ထားပါနဲ့။ သီးသန့် ဖယ်ထားပါ။ ဘဏ်မှာ အပ်လိုက်ပါ။ ရောပြီး သုံးမိ ဖြုန်းမိမှာ စိုးလို့ပါ။

#စာရင်းချုပ်

လကုန်ရက်ညမှာတော့ စာရင်းချုပ်ရပါတော့မယ်။ ဒီလ ဘယ်လောက်ကုန်တယ်။ ဘယ်နေရာတွေမှာ ကုန်တယ်။ ဘယ်လောက်ဝင်တယ်။ ဘယ်လောက် စုမိတယ်။ ဘယ်လောက် ကြွေးတင်တယ် တွက်ချက်ရပါမယ်။

စာရင်းကိုက်မကိုက် ပြန်စစ်ပါ။ စာရင်းကိုက်ပြီဆို နောက်လ အတွက် ပြန်စလို့ရပါပြီ။ ၂ သိန်းကိုစု၊ ပြီးခဲ့တဲ့လက သုံးတာ ၃ သိန်း မကုန်လို့ ကျန်ရင် ကျန်တာကို စု၊ ၃ သိန်း အတိကို အသုံး ပိုက်ဆံအိပ်ထဲ ထည့်ထားလိုက်ပါ။

တစ်ကယ်လို့သာ ဒီလမှာ ၃ သိန်းထက်ပိုသုံးမိတယ်ဆိုရင် ဘယ်နေရာတွေမှာ မထင်မှတ်ပဲ ပိုကုန်သွားသလဲ။ ဘယ်နေရာတွေမှာ အသုံးစရိတ်ကို လျှော့ချလို့ရမလဲ သုံးသပ်ပါ။ စာရင်းထဲမှာ အဖြုန်းတွေကို မျဉ်းတားထားပြီး နောက်လမှာ မဖြုန်းမိလေအောင် ဆင်ခြင်ပါ။

ထွက်ငွေထက် ဝင်ငွေက ပိုများနေတယ် ဆိုရင်တော့ ကျွန်​​တော်တို့ဟာ ပြီးခဲ့တဲ့လကထက် ပိုချမ်းသာနေပါပြီ။ ပြီးခဲ့တဲ့ လ ထက်စာရင် စုမိငွေ ပိုများလာတာ ဒါမှမဟုတ် အကြွေးတွေ လျော့သွား တာကို တွေးပြီး ကျေနပ်လိုက်ပါ။ ငွေသခင် ဖြစ်ဖို့ ပိုနီးလာတာကို တွေးပြီး ပီတိဖြစ်လိုက်ပါ။ ငွေပိုရှာဖို့ နဲ့ အသုံးစရိတ်ကို ပိုလျှော့ဖို့ အားအင်တွေ ရလာပါလိမ့်မယ်။

ဝင်ငွေ တင့်တောင့်တင့်တယ် ရှိပါလျက်နဲ့ ဝင်ငွေထက် ထွက်ငွေက ပိုများ​နေရင် "ခွေးထက် မိုက်တဲ့ ငါလေးပါလား" လို့ ကျယ်ကျယ် ရွတ်ပြီး ကိုယ့်ပါး ကိုယ် ဘယ်​ပြန်ညာ​ပြန် ရိုက်လိုက်ပါ။ (နောက်တာ​​နော် တကယ် မရိုက်​နဲ့၊ ​အဟဲ။) ပြီးရင်တော့ နောက်လမှာ အဖြုန်းကိုလျှော့ဖို့ ဆုံးဖြတ်လိုက်ပါတော့ ခင်ဗျာ။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။

ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment

လူလိမ်လား လူ​​ကောင်းလား

ဒီ​​နေ့​​တော့ ကျွန်​​တော် ပ​ဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ​​ပေ့ချ်​တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...