အရက်သမားတွေကို အရက်သမားလို့ သွားခေါ်ရင် မကြိုက်ကြတာ များတယ် ခင်ဗျ။ ဒီတော့ ယမကာလုလင်လို့ အခေါ်အဝေါ် လှလှလေး ပေးထားကြပါတယ်။ ဒါပေမဲ့ အရက်သမားဟာ အရက်သမားပါပဲ။
"ပျော်လို့သောက်တာပါ။ စိတ်ညစ်လို့ သောက်တာပါ။ ချမ်းလို့သောက်တာပါ။ ပင်ပန်းလို့ သောက်တာပါ။ ဆေးဖြစ်ဝါးဖြစ် သောက်တာပါ။ စကားပြော ကောင်းအောင် သောက်တာပါ။ ရဲဆေး တင်တာပါ။ လုပ်ငန်းသဘောအရ မလွှဲသာလို့ သောက်ရတာပါ။ မိုးရွာတဲ့ အခါနဲ့ မိုးမရွာတဲ့အခါ နှစ်ခါပဲ သောက်တာပါ။"
အကြောင်းအမျိုးမျိုးနဲ့ စသောက်ဖြစ်တယ်။ နည်းနည်း စသောက်ရာကနေ များများ သောက်ဖြစ်လာတယ်။ နောက်ပိုင်း အရက် မသောက်ရရင် မနေနိုင်ဖြစ်လာတယ်။ နောက်ဆုံးမှာ လူက အရက်ကို သောက်တဲ့ အဆင့်မဟုတ်တော့ပဲ အရက်က လူကို သောက်သုံး ဝါးမြို ဖျက်စီးတဲ့ အခြေအနေကို ရောက်ရပါတယ်။
ဘယ်လို ဝါးမြို ဖျက်စီးလဲ။
ပထမဆုံး အနေနဲ့ အရက်သောက်မယ်ဆို ငွေကုန်ပါပြီ။ သူများက တိုက်တယ်ဆိုရင်တောင် အမြဲမတိုက်နိုင်ပါဘူး။ တစ်သက်တာ အရက်သောက်လို့ ကုန်ခဲ့တဲ့ငွေတွေ မနည်းပါဘူး။ မယုံရင်ပြန်တွက်ကြည့်ပါ။ အရက်ဆိုင်ပိုင်ရှင်တွေ ချမ်းသာသွားတာ အရက်သမားတွေရဲ့ကျေးဇူးနဲ့ပါ။
အရက်သမားဖြစ်သွားရင် အရက်က လူကို သောက်တဲ့အဆင့် (အရက်မသောက်ရရင် မနေနိုင်တော့တဲ့ အဆင့်၊ ကျန်းမာရေး ထိခိုက်လာတဲ့ အဆင့်) မှာ ခန္ဓာကိုယ်ထဲမှာ အရက်မရှိရင် ခေါင်းမကြည်တော့ပါဘူး။ လက်တွေ တုန်လာမယ်။ အရက်က လူကို ခိုင်းနေပြီ။ စိုးမိုးသွားပြီ။ အမြဲ အရက်စော် နံနေတဲ့ ယစ်ထုပ်ကြီးတွေအတွက် အလုပ်လုပ်ရတာ၊ အလုပ်အကိုင် ရှာဖွေရတာလည်း ခက်ခဲလှပါတယ်။
ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ အရက်ကြောင့် ဖြစ်လာနိုင်တဲ့ ရောဂါတွေက မနည်းမနောပဲလေ။ ဘာရောဂါဖြစ်ဖြစ် ဆေးကုရင် ငွေကုန်တော့မယ်။ ရောဂါကို မဖြစ်ဖြစ်အောင် မွေးထားတယ်ဆိုတာ အတိုးကြီးကြီးနဲ့ အကြွေးယူထားမိသလိုပါပဲ။ အသက်ကြီးလာမှ အရက်ရဲ့ဒဏ်ကို အတိုးနဲ့ ခံရမှာ။ ဆေးဖိုးငွေ တစ်ခါတည်းသာ စုထားပေတော့။
အရက်မူးလာရင် ဝေဖန်ပိုင်းခြားနိုင်စွမ်း ဆင်ခြင်တုံတရား နည်းလာတတ်ပါတယ်။ ရုပ်ရှင်ထဲကလို ပန်းအိုးကျကွဲတာကို ပြောတာမဟုတ်ပါဘူး။ မူးပြီး ဆိုင်ကယ်တွေ ကားတွေ မောင်းလို့ မပြင်နိုင်တဲ့ အမှားတွေရှိမယ်၊ အချီကြီး လျော်လိုက်ရတာတွေ ရှိမယ်။ စီးပွားရေးလုပ်ငန်းတွေမှာ၊ အလုပ်ခွင်မှာ ကိုယ် မူးနေတုန်း ပြောမိတဲ့ လုပ်မိတဲ့အမှားတွေကြောင့် ငွေကြေးဆုံးရှုံးမှုတွေရှိမယ်။ သိက္ခာကျရတာတွေ ရှိမယ်။ ပြောရရင် မဆုံးနိုင်ပါဘူး။
ဒါတွေထက် ပိုဆိုးတာက အရက်သမားတွေရဲ့ မိန်းမ၊ မိဘမောင်ဘွားနဲ့ သားသမီးတွေရဲ့ သောကနဲ့ စိတ်ဆင်းရဲရမှုပါ။ ဘယ်မှာများ မူးပြီး ပြဿနာတွေ တက်နေပြီလဲ၊ ဘယ်မှာများ မူးပြီး မှောက်နေပြီလဲ၊ ပြန်လာရင် မူးပြီး ရစ်နေမလား၊ အော်ဆဲနေမလား။ အရမ်းစိတ်ပူရပါတယ်။
မူးလာရင် သွေးဆိုးတတ်တဲ့သူမျိုးဆို ပတ်ဝန်းကျင်မှာ အရှက်ရတတ်ပါတယ်။ မူးနေတဲ့သူကတော့ ပျောက်နေပြီ။ ရှက်ရကြောက်ရကောင်းမှန်းမသိတော့ဘူး။ ဒီတော့ ခံစားရတာက အရက်သမားတွေရဲ့ မိန်းမ၊ မိဘမောင်ဘွားနဲ့ သားသမီးတွေပါ။ သူတို့ရဲ့ သောကတွေ၊ သိမ်ငယ်စိတ်တွေ၊ ရှက်စိတ်တွေကို ဘယ်လိုငွေကြေးမျိုးနဲ့မှ ဖြေဖျောက်လို့မရပါဘူး။ အချို့ စိတ်နုတတ်တဲ့ သားသမီးတွေ မယားတွေအတွက်ဆို သေရာပါ စိတ်ဒဏ်ရာတွေ ရသွားတတ်ကြပါတယ်။ အရက်သောက်တဲ့သူတွေ ဆင်ခြင်နိုင်ဖို့ပါ။
အချို့က ပြောကြပါတယ်။ အရက် သောက်တာ ကျန်းမာရေးအတွက် ကောင်းတယ်။ ဒါကြောင့်သောက်တာတဲ့။ အရက်သောက်တတ်ရင် ပေါင်းသင်းဆက်ဆံရေး ဝင်ဆန့်တယ်။ စီးပွားရေးအတွက် သောက်ရတယ် တဲ့။
ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာ ဆေးဖြစ်ဝါးဖြစ် ဆေးသောက်သလို အာဆွတ်ရုံ နည်းနည်းလေး သောက်မှပါ။ မူးတဲ့ထိ သောက်နေရင် ဆိုးကျိုးတွေပဲ ဖြစ်လာတာပါ။ တန်ဆေးလွန်ဘေးပေါ့။ တစ်ခွက်သောက်ပြီး ရပ်နိုင်တဲ့ အရက်သမား ရှားပါတယ်။ အနည်းဆုံး ရေချိန်ကိုက်အောင် ကစ်လိုက်ရမှ။
အရက်မသောက်ပဲ ချမ်းသာလာတဲ့သူတွေ ဒုနဲ့ဒေးပါ။ ပြီးတော့ အချို့ အောင်မြင်နေတဲ့သူတွေ စီးပွားရေးအတွက် လူဝင်ဆန့်အောင် သောက်တယ်ဆိုတာ တစ်ခွက်တစ်ဖလားပါ။ မူးပြီးပြဲနေအောင် သောက်ကြတာမဟုတ်ပါဘူး။
ကျွန်တော်ကတော့ အရက်ကို မြည်းတော့မြည်းဖူးပါတယ်။ အရသာကို မကြိုက်လို့ မသောက်ပါဘူး။ အရသာကို ကြိုက်ရင်တောင် ဘုရားမကြိုက်၊ ဆိုးကျိုးတွေများလှတဲ့ အရက်ကို သောက်ဖြစ်မယ် မထင်ပါဘူး။ ဒါတောင် ပြောကြပါသေးတယ်။ အစပိုင်း ခါးသက်သက် အဝင်ဆိုးပေမဲ့ နောက်ပိုင်း သောက်စ ရှိသွားရင် အဲဒီအရသာလေးကို ကြိုက်သွားမှာတဲ့။ ဟုတ်ကဲ့ မကြိုက်တာကြီးကို ကျိတ်မြိုပြီး ကြိုက်အောင် လုပ်ရဦးမယ်။ ကြိုက်သွားရင်လည်း ဆိုးကျိုးတွေ အများကြီးပဲ။ အရူးမို့ ကျိတ်မှိတ် မြိုချရမှာလားဗျာ။
အရက်ကို စွဲစွဲမြဲမြဲ သောက်တတ်တဲ့သူဆို ဆေးသွားစစ်ကြည့်လိုက်ပါ။ အရက်နဲ့ပတ်သက်တဲ့ရောဂါတွေ ဘယ်အဆင့်ထိရောက်နေပြီလဲ သိရအောင်ပါ။ ရောဂါမရင့်ခင် စောစောကုတာ အတိုးမကြီးခင် ကြွေးဆပ်လိုက်သလိုပါပဲ။ အရက်ဖြတ်ချင်ရင်တော့ တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ဖြတ်တာအကောင်းဆုံးပါ။
ကောင်းကျိုးထက် ဆိုးကျိုးပိုများတဲ့ ဒီအရက်ကို ဖြတ်ကြပါ။ မဖြတ်နိုင်သေးရင် တစ်ဖြည်းဖြည်း လျှော့သောက်ကြပါ။ မသောက်ဖူးသေးတဲ့ လူငယ်တွေကိုလည်း လက်တည့်မစမ်းကြပါနဲ့လို့ ပန်ကြားပါရစေ ခင်ဗျာ။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
Thursday, September 24, 2020
ယမကာလုလင်
Subscribe to:
Post Comments (Atom)
လူလိမ်လား လူကောင်းလား
ဒီနေ့တော့ ကျွန်တော် ပဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ပေ့ချ်တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...
-
လိုင်းပေါ်မှာ စီးပွားရေး ပန္နက် (Business Plan) ရေးဆွဲနည်းသင်တန်းတွေ ကြော်ငြာနေတာတွေ့ရပါတယ်။ သင်တန်းကြေးတွေကလည်း မနည်းလှပါဘူး။ သင်တန်းပေ...
-
မနေ့က ဘိုးတော် ပိုးစုန်းကြူး အကြောင်းရေးတာ မြန်မာနိုင်ငံမှာ လိမ်ခဲ့ကြတဲ့ လိမ်နည်းတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ရုံသာမက Cryptocurrency လို့ခ...
-
ခုခေတ် ကျွန်တော်တို့ အများစုမှာ လက်ကိုင်ဖုန်းတွေကိုယ်စီ ရှိကြပါတယ်။ နောက်ဆုံးပေါ် ဖုန်းသစ်လေးတွေကို မြင်ရင် လိုချင်တဲ့ စိတ်လေးတွ...
No comments:
Post a Comment