ဗဟိုဘဏ်က ဘဏ်တိုးတွေကို လျှော့ချသတ်မှတ်လိုက်ပါပြီ။ ပထမအကြိမ်မှာ ၀.၅%၊ ဒုတိယအကြိမ်မှာ ၁%၊ တတိယအကြိမ်မှာ ၁.၅% လျှော့ချတာဆိုတော့ စုစုပေါင်း ၃% လျှော့ချလိုက်တာပါ။
၂၀၂၀ မေလ ၁ ရက်နေ့ကနေစပြီး အကျုံးဝင်တဲ့ ဘဏ်တိုးတွေကို ကြည့်ရအောင်။
KBZ ဘဏ်ရဲ့ ရိုးရိုး ငွေစုအကောင့် ဘဏ်တိုးဟာ တစ်နှစ်ကို ၅% ဖြစ်သွားပါပြီ။ စာရင်းသေ တစ်နှစ်အပ်ရင်တော့ ၇.၂၅% အတိုးရပါမယ်။
AYA ဘဏ်ရဲ့ ရိုးရိုး ငွေစုအကောင့် ဘဏ်တိုးဟာ တစ်နှစ်ကို ၆% ဖြစ်ပြီး စာရင်းသေ တစ်နှစ်အပ်ရင်တော့ ၈% အတိုးရပါမယ်။
ဘဏ်တိုးတွေကို လျှော့ချတဲ့အခါ ဖြစ်လာတတ်တဲ့အကျိုးဆက်တွေကို ရေးခဲ့ပြီးပါပြီ။
ဘဏ်တိုးတွေ ကျတဲ့အခါ https://www.facebook.com/fireflypsk/posts/199514164720200/
ဘဏ်တိုးတွေ သိသိသာသာ ကျဆင်းသွားတဲ့အတွက် ဘဏ်တိုးနဲ့ ထိုင်စားလို့ အဆင်ပြေပါတော့မလားဆိုတာ သုံးသပ်ပြချင်ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၉% ခန့် ရှိပါတယ်။ ငွေကြေးဖောင်းပွမှုနှုန်းဟာ ဘဏ်တိုးနှုန်းထက် များနေတဲ့အတွက် ဘဏ်တိုးကို လုံးဝမသုံးပဲ ဘဏ်ထဲ ပြန်ထည့်ထားရင်တောင် အရှုံးပေါ်နေပါတယ်။
အရှင်းဆုံး ဥပမာပေးရရင် ငွေ သိန်း ၁၀၀ ကို ဘဏ်မှာ အပ်ထားတယ်ဆိုပါစို့။ ဒီ ငွေသိန်း တစ်ရာနဲ့
တစ်သိန်းတန် ပစ္စည်း အခု ၁၀၀ ဝယ်လို့ရတယ်လို့ ဆိုရမှာ ပေါ့။
တစ်နှစ်အကြာမှာ စာရင်းသေ ဘဏ်တိုး ၈% ရလို့ ဘဏ်ထဲမှာ ၁၀၈ သိန်းဖြစ်သွားပါပြီ။ ၈ သိန်းပိုချမ်းသာလာပြီ ဆိုပြီး တွေးလို့ မရပါဘူး။
ဘာလို့လဲဆိုတော့ တစ်သိန်းတန် ပစ္စည်းဟာ ငွေကြေးဖောင်းပွမှုကြောင့် ဈေးတက်ပြီး ၁၀၉,၀၀၀ ကျပ်ဖြစ်သွားပါပြီ။ ဘဏ်မှာ ရှိတဲ့ငွေ ၁၀၈ သိန်းနဲ့ ဆို ပစ္စည်း ၉၉ ခုပဲရတော့မှာပါ။
ပစ္စည်း အခု ၁၀၀ ဝယ်နိုင်တဲ့ငွေက ဘဏ်တိုးထည့်ပေါင်းပြီး တစ်နှစ်အကြာမှာ ပစ္စည်း ၉၉ ခု ပဲ ဝယ်နိုင်ပါတော့တယ်။ ငွေပမာဏ ပိုများလာပေမဲ့ ငွေရဲ့ ဝယ်နိုင်အားကတော့ ကျသွားပါတယ်။
ဒါ့ကြောင့် ဘဏ်တိုးနဲ့ ထိုင်စားရင် ရှိတဲ့ငွေ လုံးပါးပါးတော့မှာပါ။ ဘဏ်မှာ စုထားတဲ့ငွေဟာ တစ်သက်လုံး သုံးဖို့ လုံလောက်မလား မသေချာတော့ပါဘူး။
ကျွန်တော် အရင်ကပြောခဲ့ဖူးတဲ့ "၄၀၀ နဲ့မြှောက် ဘဏ်တိုးလောက်" ဆိုတဲ့ တွက်နည်းဟာ စာရင်းသေ ဘဏ်တိုး ၁၀% နဲ့ ငွေကြေးဖောင်းပွမှုနှုန်း ၇% ကို အခြေခံပြီး တွက်ထားတာပါ။
လက်ရှိမှာ ဘဏ်တိုးက ၁၀% မရနိုင်တော့သလို ငွေကြေးဖောင်းပွမှုနှုန်းကလည်း ၇% ထက်ပိုများနေတာကြောင့် ဒီနည်းလည်း မဟန်တော့ပြန်ပါဘူး။
ဘဏ်တိုးနဲ့ တစ်သက်လုံး ထိုင်စားချင်ရင် https://www.facebook.com/fireflypsk/posts/123043082367309
ဘဏ်တိုးနှုန်းက ငွေကြေးဖောင်းပွမှုနှုန်းနဲ့ ထပ်တူကျတဲ့ အခါ ဘဏ်မှာ ထည့်ထားတဲ့ငွေဟာ ကိုယ့်အသုံးစရိတ်အတွက် ဘယ်နှစ်နှစ်လောက် တာရှည်ခံမလဲဆိုတာကို အကြမ်းဖျင်းတွက်လို့ရပါတယ်။
ဘဏ်အပ်ထားငွေကိုတည်ပြီး တစ်နှစ်ကုန်ကျစရိတ်နဲ့ စားလိုက်ရင် ဘဏ်မှာအပ်ထားတဲ့ ငွေ ဘယ်နှစ်နှစ်လောက် ခံမလဲဆိုတာ တွက်လို့ရပါပြီ။
ဥပမာ ဘဏ်တိုးက ၈%၊ ငွေကြေးဖောင်းပွမှုနှုန်းကလည်း ၈%၊ ဘဏ်မှာငွေ သိန်း ၁၀၀ အပ်ထားတယ်၊ တစ်နှစ် အသုံးစရိတ် ၁၀ သိန်း ကုန်တယ်ဆိုပါစို့။
ပထမနှစ် မှာ ငွေ ၁၀ သိန်း သုံးတယ်။ ဒုတိယနှစ်မှာတော့ ကုန်ဈေးနှုန်းကြီးလာတာကြောင့် ၁၀ သိန်းနဲ့ မလောက်တော့ဘူး။ ၁၀ သိန်းနဲ့ ၈ သောင်းသုံးမယ်။ ကုန်ဈေးနှုန်းပေါ်လိုက်ပြီး နှစ်စဥ် အသုံးစရိတ်ပိုများလာမယ် ဆိုပါစို့။ ဒီလို ပိုများလာတဲ့အသုံးစရိတ်ကို ဘဏ်တိုးက ကာမိစေတာကြောင့် ငွေ သိန်း ၁၀၀ ဟာ ၁၀ နှစ် ခံမှာပါ။
အကယ်၍ ဘဏ်တိုးက ငွေကြေးဖောင်းပွမှုထက် ပိုများတယ်ဆိုရင်တော့ ၁၀ နှစ်မက ခံမှာပါ။ ဥပမာ ဘဏ်တိုးက ၈%၊ ငွေကြေးဖောင်းပွမှုက ၄% ဆိုရင် ၁၂ နှစ်ကျော်ခံပါလိမ့်မယ်။
အကယ်၍ ငွေကြေးဖောင်းပွမှုက ဘဏ်တိုးထက် ပိုများတယ်ဆိုရင်တော့ ၁၀ နှစ် တောင်ခံမှာ မဟုတ်ပါဘူး။ ဥပမာ ဘဏ်တိုးက ၄%၊ ငွေကြေးဖောင်းပွမှုက ၈% ဆိုရင်တော့ ၈ နှစ်ခွဲလောက်ပဲ ခံပါလိမ့်မယ်။ ဘဏ်တိုးက ၈%၊ ငွေကြေးဖောင်းပွမှုက ၉% ဆိုရင်တော့ ၉ နှစ်ခွဲလောက် ခံပါလိမ့်မယ်။
ဘဏ်တိုးနှုန်းနဲ့ ငွေကြေးဖောင်းပွမှုနှုန်းကလည်း တစ်နှစ်နဲ့ တစ်နှစ် အပြောင်းအလဲရှိနိုင်တာကြောင့် ရေရှည်အတွက်တော့ တွက်ရခက်လှပါတယ်။
လက်ရှိအခြေအနေအရ ငွေတွေအများကြီး ကျိကျိတက် ချမ်းသာနေတဲ့သူတွေလောက်သာ ဘဏ်ထဲမှာ ငွေအပ်ထားပြီး အေးဆေးထိုင်စားနိုင်မှာပါ။
ဘဏ်တိုးထိုင်စားနေရင် ငွေလုံးပါးပါးသွားနိုင်တာမို့ ဒီလိုမဖြစ်ရအောင် ဘာတွေ လုပ်သင့် လုပ်ထိုက်လဲဆိုတာကို မကြာခင် စာတစ်ပုဒ် ရေးပါဦးမယ် ခင်ဗျာ။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
Sunday, September 27, 2020
နည်းသွားတဲ့ ဘဏ်တိုး
Subscribe to:
Post Comments (Atom)
လူလိမ်လား လူကောင်းလား
ဒီနေ့တော့ ကျွန်တော် ပဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ပေ့ချ်တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...
-
လိုင်းပေါ်မှာ စီးပွားရေး ပန္နက် (Business Plan) ရေးဆွဲနည်းသင်တန်းတွေ ကြော်ငြာနေတာတွေ့ရပါတယ်။ သင်တန်းကြေးတွေကလည်း မနည်းလှပါဘူး။ သင်တန်းပေ...
-
မနေ့က ဘိုးတော် ပိုးစုန်းကြူး အကြောင်းရေးတာ မြန်မာနိုင်ငံမှာ လိမ်ခဲ့ကြတဲ့ လိမ်နည်းတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ရုံသာမက Cryptocurrency လို့ခ...
-
ခုခေတ် ကျွန်တော်တို့ အများစုမှာ လက်ကိုင်ဖုန်းတွေကိုယ်စီ ရှိကြပါတယ်။ နောက်ဆုံးပေါ် ဖုန်းသစ်လေးတွေကို မြင်ရင် လိုချင်တဲ့ စိတ်လေးတွ...
No comments:
Post a Comment