Sunday, September 27, 2020

နည်းသွား​တဲ့ ​ဘဏ်တိုး

​ဗဟို​ဘဏ်က ​ဘဏ်တိုး​တွေကို လျှော့ချသတ်မှတ်လိုက်ပါပြီ။ ပထမ​အကြိမ်မှာ ၀.၅%၊ ဒုတိယ​အကြိမ်မှာ ၁%၊ တတိယ​အကြိမ်မှာ ၁.၅% လျှော့ချတာဆို​​တော့ စုစု​​ပေါင်း ၃% လျှော့ချလိုက်တာပါ။

၂၀၂၀ ​မေလ ၁ ရက်​​နေ့က​နေစပြီး ​အကျုံးဝင်​တဲ့ ​ဘဏ်တိုး​တွေကို ကြည့်ရအောင်။

KBZ ဘဏ်​ရဲ့ ရိုးရိုး ​ငွေစု​အ​​ကောင့် ​ဘဏ်တိုးဟာ တစ်နှစ်ကို ၅% ဖြစ်သွားပါပြီ။ စာရင်း​သေ တစ်နှစ်အပ်ရင်​​တော့ ၇.၂၅% ​အတိုးရပါမယ်။

AYA ဘဏ်​ရဲ့ ရိုးရိုး ​ငွေစု​အ​​ကောင့် ​ဘဏ်တိုးဟာ တစ်နှစ်ကို ၆% ဖြစ်ပြီး စာရင်း​သေ တစ်နှစ်အပ်ရင်​​တော့ ၈% ​အတိုးရပါမယ်။

​ဘဏ်တိုး​တွေကို လျှော့ချ​တဲ့​အခါ ဖြစ်လာတတ်​တဲ့​အကျိုးဆက်​တွေကို ရေး​ခဲ့ပြီးပါပြီ။

ဘဏ်တိုးတွေ ကျတဲ့အခါ https://www.facebook.com/fireflypsk/posts/199514164720200/
​​
​ဘဏ်တိုး​တွေ သိသိသာသာ ကျဆင်းသွား​တဲ့​အတွက် ​ဘဏ်တိုး​နဲ့ ထိုင်စားလို့ ​အဆင်​ပြေပါ​​တော့မလားဆိုတာ သုံးသပ်ပြချင်ပါတယ်။

မြန်မာနိုင်​ငံ​ရဲ့ လက်ရှိ ငွေကြေး​​ဖောင်းပွမှုနှုန်းဟာ ၉% ခန့် ရှိပါတယ်။ ​ငွေကြေး​​ဖောင်းပွမှုနှုန်းဟာ ဘဏ်တိုးနှုန်းထက် များနေ​တဲ့​အတွက် ​ဘဏ်တိုးကို လုံးဝမသုံးပဲ ​ဘဏ်ထဲ ​ပြန်​ထည့်ထားရင်​​တောင် ​အရှုံး​​​ပေါ်​နေပါတယ်။

​အရှင်းဆုံး ဥပမာပေးရရင် ​ငွေ သိန်း ၁၀၀ ကို ​ဘဏ်မှာ အပ်ထားတယ်ဆိုပါစို့။ ဒီ ​ငွေသိန်း တစ်ရာ​နဲ့
တစ်သိန်း​တန် ပစ္စည်း ​အခု ၁၀၀ ဝယ်လို့ရတယ်လို့ ဆိုရမှာ ​​ပေါ့။

တစ်နှစ်​​အကြာမှာ ​စာရင်း​​​သေ ဘဏ်တိုး ၈% ရလို့ ​ဘဏ်ထဲမှာ ၁၀၈ သိန်းဖြစ်သွားပါပြီ။ ၈ သိန်းပိုချမ်းသာလာပြီ ဆိုပြီး တွေးလို့ မရပါဘူး။

ဘာလို့လဲဆို​​တော့ တစ်သိန်း​​တန် ပစ္စည်းဟာ ​ငွေကြေး​​ဖောင်းပွမှု​​ကြောင့် ဈေးတက်ပြီး ၁၀၉,၀၀၀ ကျပ်ဖြစ်သွားပါပြီ။ ​ဘဏ်မှာ ရှိ​တဲ့​ငွေ ၁၀၈ သိန်း​နဲ့ ဆို ပစ္စည်း ၉၉ ခုပဲရ​​တော့မှာပါ။

​ပစ္စည်း​ ​အခု ၁၀၀ ဝယ်နိုင်​တဲ့​ငွေက ​ဘဏ်တိုး​ထည့်​​ပေါင်းပြီး တစ်နှစ်​အကြာမှာ ပစ္စည်း ၉၉ ခု ပဲ ဝယ်နိုင်ပါ​​တော့တယ်။ ​ငွေပမာဏ ပိုများလာ​ပေ​မဲ့ ​ငွေ​ရဲ့ ဝယ်နိုင်​အားက​​တော့ ကျသွားပါတယ်။

ဒါ့​​ကြောင့် ​ဘဏ်တိုး​နဲ့ ထိုင်စားရင် ရှိ​တဲ့​ငွေ လုံးပါးပါး​​တော့မှာပါ။ ​​ဘဏ်မှာ စုထား​တဲ့​ငွေဟာ တစ်သက်လုံး သုံးဖို့ လုံလောက်မလား မ​သေချာ​​တော့ပါဘူး။

ကျွန်​​တော် ​အရင်က​​ပြော​ခဲ့ဖူး​တဲ့ "၄၀၀ နဲ့​မြှောက် ဘဏ်တိုး​လောက်" ဆို​တဲ့ တွက်နည်းဟာ စာရင်း​သေ ဘဏ်တိုး ၁၀% ​နဲ့ ​ငွေကြေး​​ဖောင်းပွမှုနှုန်း ၇% ကို ​အ​ခြေ​ခံပြီး တွက်ထားတာပါ။

လက်ရှိမှာ ​ဘဏ်တိုးက ၁၀% မရနိုင်​​တော့သလို ငွေကြေး​​ဖောင်းပွမှုနှုန်းကလည်း ၇% ထက်ပိုများ​နေတာ​​ကြောင့် ဒီနည်းလည်း မ​ဟန်​​တော့​ပြန်ပါဘူး။

ဘဏ်တိုးနဲ့ တစ်သက်လုံး ထိုင်စားချင်ရင် https://www.facebook.com/fireflypsk/posts/123043082367309

ဘဏ်တိုးနှုန်းက ​ငွေကြေး​​ဖောင်းပွမှုနှုန်း​နဲ့ ထပ်တူကျ​တဲ့ ​အခါ ဘဏ်မှာ ​ထည့်ထား​တဲ့​ငွေဟာ ကိုယ့်​​အသုံးစရိတ်အတွက် ဘယ်နှစ်နှစ်လောက် ​တာရှည်​ခံမလဲဆိုတာကို ​အကြမ်းဖျင်းတွက်လို့ရပါတယ်။

ဘဏ်အပ်ထား​ငွေကိုတည်ပြီး တစ်နှစ်ကုန်ကျစရိတ်​နဲ့ စားလိုက်ရင် ​ဘဏ်မှာအပ်ထား​တဲ့ ​ငွေ ဘယ်နှစ်နှစ်လောက် ​ခံမလဲဆိုတာ တွက်လို့ရပါပြီ။

ဥပမာ ​​​ဘဏ်တိုးက ၈%၊ ​ငွေ​​ကြေး​​ဖောင်းပွမှုနှုန်းကလည်း ၈%၊ ​ဘဏ်မှာ​ငွေ သိန်း ၁၀၀ အပ်ထားတယ်၊ တစ်နှစ် ​အသုံးစရိတ် ၁၀ သိန်း ကုန်တယ်ဆိုပါစို့။

ပထမနှစ် မှာ ​ငွေ ၁၀ သိန်း သုံးတယ်။ ဒုတိယနှစ်မှာ​​တော့ ကုန်ဈေးနှုန်းကြီးလာတာ​​ကြောင့် ၁၀ သိန်း​နဲ့ မလောက်​​တော့ဘူး။ ၁၀ သိန်း​နဲ့ ၈ ​​သောင်းသုံးမယ်။ ကုန်ဈေးနှုန်း​​ပေါ်လိုက်ပြီး ​နှစ်စဥ် အသုံးစရိတ်ပိုများလာမယ် ဆိုပါစို့။ ဒီလို ပိုများလာ​တဲ့​အသုံးစရိတ်ကို ​ဘဏ်တိုးက ကာမိ​စေတာ​​ကြောင့် ​ငွေ သိန်း ၁၀၀ ဟာ ၁၀ နှစ် ​ခံမှာပါ။

​အကယ်၍ ဘဏ်တိုးက ​ငွေကြေး​​ဖောင်းပွမှုထက် ပိုများတယ်ဆိုရင်​​တော့ ၁၀ နှစ်မက ​ခံမှာပါ။ ဥပမာ ဘဏ်တိုးက ၈%၊ ငွေကြေး​​ဖောင်းပွမှုက ၄% ဆိုရင် ၁၂ နှစ်​​ကျော်​ခံပါလိမ့်မယ်။

အကယ်၍ ငွေကြေး​​ဖောင်းပွမှုက ​ဘဏ်တိုးထက် ပိုများတယ်ဆိုရင်​​တော့ ၁၀ နှစ် ​​တောင်​ခံမှာ မဟုတ်ပါဘူး။ ဥပမာ ဘဏ်တိုးက ၄%၊ ငွေကြေး​​ဖောင်းပွမှုက ၈% ဆိုရင်​​တော့ ၈ နှစ်​​ခွဲလောက်​ပဲ ခံပါလိမ့်မယ်။ ဘဏ်တိုးက ၈%၊ ငွေကြေး​​ဖောင်းပွမှုက ၉% ဆိုရင်​​တော့ ၉ နှစ်​ခွဲလောက် ခံပါလိမ့်မယ်။ ​

ဘဏ်တိုးနှုန်း​နဲ့ ​ငွေကြေး​​ဖောင်းပွမှုနှုန်းကလည်း တစ်နှစ်​နဲ့ တစ်နှစ် ​အ​​ပြောင်း​အလဲရှိနိုင်တာ​​ကြောင့် ​ရေရှည်​အတွက်​​တော့ တွက်ရခက်လှပါတယ်။

​လက်ရှိ​အ​ခြေ​အ​နေ​အရ ငွေ​တွေ​အများကြီး ကျိကျိတက် ချမ်းသာ​နေ​တဲ့သူ​တွေလောက်သာ ​ဘဏ်ထဲမှာ ​ငွေ​အပ်ထားပြီး ​အေးဆေးထိုင်စားနိုင်မှာပါ။

​ဘဏ်တိုးထိုင်စား​နေရင် ​ငွေလုံးပါးပါးသွားနိုင်တာမို့ ဒီလိုမဖြစ်ရအောင် ဘာ​တွေ လုပ်သင့် လုပ်ထိုက်လဲဆိုတာကို မကြာခင် စာတစ်ပုဒ် ရေးပါဦးမယ် ခင်ဗျာ။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment