သွားတိုက်ဆေးတစ်ဗူးကို သာမန်သုံးရင် တစ်လ သုံးရတယ် ဆိုပါစို့။ နောက်အသစ် တစ်ဗူးထုတ်တဲ့အခါ ဒီဗူးကို ၂ လခံအောင် သုံးမယ်ဆိုပြီး သတိလေးထားပြီး သုံးကြည့်ပါ။ တစ်လ မက ခံပါလိမ့်မယ်။ အများအားဖြင့် နှစ်လတော့ ခံလိမ့်မယ် မထင်ဘူး။
အဲ နောက်ထပ် တစ်ဆင့်တက်ပြီး "ဒီသွားတိုက်ဆေး နှစ်လမှ မခံရင် ကျန်တဲ့ ရက်တွေမှာ ဆားနဲ့ပဲ တိုက်တော့မယ်ကွာ" လို့ ကိုယ့်ကိုယ်ကိုယ် ယုံယုံကြည်ကြည် လေးလေးနက်နက် ကတိပေးကြည့်လိုက်။ အရင်က အတိုင်းအဆမရှိ ထည့်တိုက်နေတဲ့ သွားတိုက်ဆေး ပမာဏဟာ အရမ်းများနေပါလား၊ ထပ်လျှော့သုံးလို့ရပါသေးလားဆိုပြီး ဖြစ်လာလိမ့်မယ်။ ၂ လ ခံသွား လိမ့်မယ်။
ဘာကြောင့်လဲ။ ဒီ ဥပမာမှာဆိုရင် ဒီလူဟာ ဆားနဲ့ သွားမတိုက်ချင်လို့ပါ။ အနာဂတ်ကကိုယ် ဆားနဲ့ သွားတိုက်ရမှာ ကြောက်လို့ လက်ရှိ ပစ္စုပ္ပန်မှာ နည်းနည်း ချွေတာ အနစ်နာခံလိုက်တဲ့ သဘောပါ။ (ကိုယ့်စိတ်ကိုယ် မနိုင်လို့ တစ်လကျော်ပဲခံပြီး ကုန်သွားတဲ့အခါ အသစ်ဝယ်သုံးတဲ့သူတွေလည်း ရှိပါလိမ့်မယ်။)
ငွေသုံးများတဲ့သူတွေ ချွေတာချင်ရင် ငွေစုချင်ရင် လုပ်သင့်တာကတော့ "အနာဂတ်က ကိုယ်" နဲ့ မိတ်ဆွေဖွဲ့ထားဖို့ပါပဲ။ ဘာပဲလုပ်လုပ် "အနာဂတ်က ကိုယ်" အတွက် ထည့်စဥ်းစားဖို့ပါပဲ။ "အနာဂတ်က ကိုယ်" က ကိုယ့်ကို အမြဲစောင့်ကြည့်နေတယ်လို့ တွေးထားပါ။
လဆန်းရက်တွေမှာ ငွေသုံးကြမ်းတတ်တယ်။ လကုန်ခါနီး ရက်တွေမှာ "ပြတ်တုန်းလပ်တုန်း နှစ်ဆယ့်သုံး" ဖြစ်တယ်ဆိုတာ ဒီလူ "အနာဂတ်က ကိုယ်" အတွက် ထည့်မစဥ်းစားမိလို့ပါ။ မဖြုန်းလိုက်မိခင် "ငါဖြုန်းလိုက်မိရင်တော့ ငါဟာ အနာဂတ် လကုန်ရက်မှာ ဒုက္ခရောက်နေတော့မှာပါလား၊ ရေသောက် ဗိုက်မှောက် နေရတော့မှာပါလား၊ လျှောက်ချေးပြီး ချေးစားရတော့မှာပါလား" ဆိုပြီး အနာဂတ်က ကိုယ့်ကိုကိုယ် တွေးပြီး သနားလိုက်ပါ။ ချွေတာလိုက်ပါ။
လက်ရှိမှာ သုံးဖြုန်း သောက်စားပျော်ပါးနေရင်း အနာဂတ်က ကိုယ်ကို မြင်ယောင်ကြည့်ပါ။ သောက်စားပျော်ပါးမိလို့ ငွေတွေလည်း မစုမိ။ ရောဂါတွေလည်းတိုး။ အနာဂတ်က ကိုယ်ဟာ ရောဂါပေါင်းစုံနဲ့ ဆေးဖိုးတောင်မတတ်နိုင်တဲ့ လူမွဲတစ်ယောက် ဖြစ်နေတော့မှာပါလား။
ဒီလိုလေးတွေးပြီး အနာဂတ် ကိုယ့်ကိုကိုယ် သနားကြည့်ပါ။ ငဲ့ညှာကြည့်ပါ။
"မငဲ့ညှာနိုင်ပါဘူး ပစ္စုပ္ပန်မှာပဲ ပျော်ပျော်ပါးပါးနေမှာပေါ့၊ သုံးဖြုန်းမှာပေါ့" ဆိုတဲ့သူတွေ ပြန်စဥ်းစားဖို့က အတိတ်မှာ လုပ်ခဲ့ဖူးတဲ့ အမှားတွေကြောင့် လက်ရှိမှာ ဒုက္ခရောက်နေရတဲ့ အခြေအနေလေးတွေကိုပါ။
အရင်က ပျင်းခဲ့မိလို့ ခု ပင်ပန်းဆင်းရဲနေရတယ်၊ အရင်က ငွေတွေ မစုခဲ့မိလို့ ခု ငွေလိုတော့ လျှောက်ချေးနေရတယ်၊ အရင်က ငွေလိုတိုင်း လျှောက်ချေးခဲ့မိလို့ ခုကြွေးရှင်တွေနဲ့ တိုင်ပတ်နေတယ်၊ စီးကရက်တွေ အရက်တွေအရမ်းသောက်ခဲ့မိ သုံးဖြုန်းခဲ့မိလို့ အခု ဆေးကုဖို့ ငွေမရှိပဲ ရောဂါပေါင်း သောင်းခြောက်ထောင် ဝေဒနာ ခံစားနေရတယ်၊ စသဖြင့်ပေါ့။
အတိတ်က ကိုယ် လုပ်ခဲ့မိတဲ့ အမှားတွေကြောင့် ပစ္စုပ္ပန်က ကိုယ် ခံနေရပြီ မဟုတ်လား။ ဒီလိုပဲ ပစ္စုပ္ပန်က ကိုယ် မကောင်းရင် အနာဂတ်ကကိုယ် ခံရဦးမယ်။
အနာဂတ်က ကိုယ်နဲ့ မိတ်ဆွေဖွဲ့ထားပါ။ အနာဂတ်ကကိုယ့်ကိုယ်ကိုယ် သနား ညှာတာ ငဲ့ညှာပါ။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
Thursday, September 24, 2020
အနာဂတ်က ကိုယ်
Subscribe to:
Post Comments (Atom)
လူလိမ်လား လူကောင်းလား
ဒီနေ့တော့ ကျွန်တော် ပဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ပေ့ချ်တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...
-
လိုင်းပေါ်မှာ စီးပွားရေး ပန္နက် (Business Plan) ရေးဆွဲနည်းသင်တန်းတွေ ကြော်ငြာနေတာတွေ့ရပါတယ်။ သင်တန်းကြေးတွေကလည်း မနည်းလှပါဘူး။ သင်တန်းပေ...
-
မနေ့က ဘိုးတော် ပိုးစုန်းကြူး အကြောင်းရေးတာ မြန်မာနိုင်ငံမှာ လိမ်ခဲ့ကြတဲ့ လိမ်နည်းတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ရုံသာမက Cryptocurrency လို့ခ...
-
ခုခေတ် ကျွန်တော်တို့ အများစုမှာ လက်ကိုင်ဖုန်းတွေကိုယ်စီ ရှိကြပါတယ်။ နောက်ဆုံးပေါ် ဖုန်းသစ်လေးတွေကို မြင်ရင် လိုချင်တဲ့ စိတ်လေးတွ...
No comments:
Post a Comment