Thursday, September 24, 2020

အနာဂတ်က ကိုယ်

သွားတိုက်ဆေးတစ်ဗူးကို သာ​မန်သုံးရင် တစ်လ သုံးရတယ် ဆိုပါစို့။ နောက်​အသစ် တစ်ဗူးထုတ်​တဲ့အခါ ဒီဗူးကို ၂ လ​​ခံအောင် သုံးမယ်ဆိုပြီး သတိလေးထားပြီး သုံးကြည့်ပါ။ တစ်လ မက ​ခံပါလိမ့်မယ်။ ​အများ​အားဖြင့် နှစ်လ​​တော့ ​​ခံလိမ့်မယ် မထင်ဘူး။

အဲ နောက်ထပ် တစ်ဆင့်တက်ပြီး "ဒီသွားတိုက်ဆေး နှစ်လမှ မ​ခံရင် ​ကျန်​တဲ့ ရက်​တွေမှာ ဆား​နဲ့ပဲ တိုက်​​တော့မယ်ကွာ" လို့ ကိုယ့်ကိုယ်ကိုယ် ယုံယုံကြည်ကြည် လေးလေးနက်နက် ကတိပေးကြည့်လိုက်။ ​အရင်က ​အတိုင်း​အဆမရှိ ​ထည့်တိုက်​နေ​တဲ့ သွားတိုက်ဆေး ပမာဏဟာ ​အရမ်းများ​နေပါလား၊ ထပ်​လျှော့သုံးလို့ရပါသေးလားဆိုပြီး ဖြစ်လာလိမ့်မယ်။ ၂ လ ​ခံသွား လိမ့်မယ်။

ဘာ​​ကြောင့်လဲ။ ဒီ ဥပမာမှာဆိုရင် ဒီလူဟာ ဆား​နဲ့ သွားမတိုက်ချင်လို့ပါ။ ​အနာဂတ်ကကိုယ် ဆား​နဲ့ သွားတိုက်ရမှာ ကြောက်လို့ လက်ရှိ ပစ္စုပ္ပန်မှာ နည်းနည်း ​ချွေတာ ​အနစ်နာ​ခံလိုက်​တဲ့ သ​ဘောပါ။ (ကိုယ့်စိတ်ကိုယ် မနိုင်လို့ တစ်လ​​ကျော်ပဲ​ခံပြီး ကုန်သွား​တဲ့​အခါ အသစ်ဝယ်သုံး​တဲ့သူ​တွေလည်း ရှိပါလိမ့်မယ်။)

​ငွေသုံးများ​တဲ့သူ​တွေ ​​ချွေတာချင်ရင် ​ငွေစုချင်ရင် လုပ်သင့်​တာက​​တော့ "​အနာဂတ်က ကိုယ်" ​နဲ့ မိတ်​​ဆွေ​ဖွဲ့ထားဖို့ပါပဲ။ ဘာပဲလုပ်လုပ် "​အနာဂတ်က ကိုယ်" ​အတွက် ​ထည့်စဥ်းစားဖို့ပါပဲ။ "​အနာဂတ်က ကိုယ်" က ကိုယ့်ကို ​အမြဲ​​စောင့်ကြည့်​နေတယ်လို့ တွေးထားပါ။

လဆန်းရက်​တွေမှာ ​ငွေသုံးကြမ်းတတ်တယ်။ လကုန်ခါနီး ရက်​တွေမှာ "ပြတ်တုန်းလပ်တုန်း နှစ်ဆယ့်သုံး" ဖြစ်တယ်ဆိုတာ ဒီလူ ​"အနာဂတ်က ကိုယ်" ​အတွက် ​ထည့်မစဥ်းစားမိလို့ပါ။ မဖြုန်းလိုက်မိခင် "ငါဖြုန်းလိုက်မိရင်​​တော့ ငါဟာ ​အနာဂတ် လကုန်ရက်မှာ ဒုက္ခရောက်​နေ​​တော့မှာပါလား၊ ​ရေသောက် ဗိုက်မှောက် ​နေရ​​တော့မှာပါလား၊ လျှောက်ချေးပြီး ချေးစားရ​​တော့မှာပါလား" ဆိုပြီး ​အနာဂတ်က ကိုယ့်ကိုကိုယ်​ တွေးပြီး သနားလိုက်ပါ။ ​ချွေတာလိုက်ပါ။

လက်ရှိမှာ သုံးဖြုန်း​​ သောက်စားပျော်ပါး​နေရင်း အနာဂတ်က ကိုယ်ကို မြင်​ယောင်ကြည့်ပါ။ သောက်စား​​ပျော်ပါးမိလို့ ​ငွေ​တွေလည်း မစုမိ။ ​​​ရောဂါ​တွေလည်းတိုး။ ​အနာဂတ်က ကိုယ်ဟာ ​ရောဂါ​​ပေါင်းစုံ​နဲ့ ဆေးဖိုး​​တောင်မတတ်နိုင်​တဲ့ လူမွဲတစ်ယောက် ဖြစ်​နေ​​တော့မှာပါလား။

ဒီလိုလေးတွေးပြီး ​အနာဂတ် ကိုယ့်ကိုကိုယ် သနားကြည့်ပါ။ ​ငဲ့ညှာကြည့်ပါ။

"မ​ငဲ့ညှာနိုင်ပါဘူး ပစ္စုပ္ပန်မှာပဲ ​​ပျော်​​ပျော်ပါးပါး​နေမှာ​​ပေါ့၊ သုံးဖြုန်းမှာ​​ပေါ့​" ဆို​တဲ့သူ​တွေ ​ပြန်စဥ်းစားဖို့က ​အတိတ်မှာ လုပ်​ခဲ့ဖူး​တဲ့ ​အမှား​တွေ​​ကြောင့် လက်ရှိမှာ ဒုက္ခရောက်​နေရ​တဲ့ ​အ​ခြေ​အ​နေလေး​တွေကိုပါ။

​အရင်က ပျင်း​ခဲ့မိလို့ ခု ပင်ပန်း​ဆင်းရဲနေရတယ်၊ အရင်က ​ငွေ​တွေ မစု​ခဲ့မိလို့ ခု ​​​ငွေလို​​တော့ လျှောက်ချေး​နေရတယ်၊ ​အရင်က ​ငွေလိုတိုင်း လျှောက်ချေး​ခဲ့မိလို့ ခုကြွေးရှင်​တွေ​နဲ့ တိုင်ပတ်​နေတယ်၊ စီးကရက်​တွေ အရက်​တွေ​အရမ်းသောက်​ခဲ့မိ သုံးဖြုန်း​ခဲ့မိလို့ ​အခု ဆေးကုဖို့ ​ငွေမရှိပဲ  ​​ရောဂါ​​ပေါင်း ​​သောင်းခြောက်​​ထောင် ​ဝေဒနာ ​ခံစား​နေရတယ်၊ စသဖြင့်​​ပေါ့။ ​

အတိတ်က ကိုယ် လုပ်​ခဲ့မိ​တဲ့ ​အမှား​တွေ​​ကြောင့် ပစ္စုပ္ပန်က ကိုယ် ​ခံ​နေရပြီ မဟုတ်လား။ ဒီလိုပဲ ပစ္စုပ္ပန်က ကိုယ် မ​​ကောင်းရင် ​အနာဂတ်ကကိုယ် ​ခံရဦးမယ်။

အနာဂတ်က ကိုယ်​နဲ့ မိတ်​ဆွေ​ဖွဲ့ထားပါ။ ​အနာဂတ်ကကိုယ့်ကိုယ်ကိုယ် သနား ညှာတာ ​ငဲ့ညှာပါ။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment