ခုခေတ် ကျွန်တော်တို့ အများစုမှာ လက်ကိုင်ဖုန်းတွေကိုယ်စီ ရှိကြပါတယ်။
နောက်ဆုံးပေါ် ဖုန်းသစ်လေးတွေကို မြင်ရင် လိုချင်တဲ့ စိတ်လေးတွေ အရူးအမူး ဖြစ်ကြပါတယ်။ ဝယ်နိုင်တဲ့သူတွေကလည်း ဖုန်းသစ်လေးတွေ ထုတ်ထုတ်ကြွားနေတော့ ပိုပြီး ကလိကလိဖြစ်တာပေါ့။
တိုက်တွေကားတွေက ကိုယ်တွေနဲ့ ဝေးနေသေးတယ်။ ဖုန်းဆိုတာက ဘာပဲဖြစ်ဖြစ် လက်လှမ်းမှီတဲ့ အခြေအနေဆိုတော့ စားလည်း ဒီစိတ် အိပ်လည်း ဒီစိတ်နဲ့ ဖီးတွေတက် ဝမ်းတွေပျက် ဖြစ်နေတာပေါ့။
လက်ကိုင်ဖုန်းဟာ လက်ရှိမှာ လူမှု နေထိုင်ရေးအတွက် မရှိမဖြစ် လိုအပ်နေတာ ငြင်းလို့ မရတဲ့ အချက်ပါ။ ဒါပေမဲ့ တစ်ကယ် လိုအပ်တာက အရည်အသွေးမီပြီး ဈေးသင့်တင့်တဲ့ ဖုန်းလေးတွေပါ။ အကောင်းစား ဖုန်းတွေ ကိုင်ချင်တာက လိုအပ်တာမဟုတ်ပဲ လိုချင်တာပါ။
လက်ရှိကိုင်နေတဲ့ ဖုန်းက သုံးလို့ရနေသေးတယ်။ ဒါပေမဲ့ အကောင်းစား ဖုန်းသစ်လေးတစ်လုံးကို မျက်စိကျနေပြီ ဆိုပါစို့။ အဲဒီ ဖုန်းကို ဝယ်နိုင် မဝယ်နိုင် ဝယ်သင့် မဝယ်သင့် စဥ်းစား ကြည့်ရအောင်။
(၁) ကိုယ့်မှာ ဆပ်စရာ အကြွေးတွေ မကျေသေးရင် မဝယ်သင့်သေးပါဘူး။ (လုပ်ငန်းမှာ လည်ပတ်နေလို့ ယူထားရတဲ့ အကြွေးတွေကို ထည့်တွက်စရာ မလိုပါဘူး။ လုပ်ငန်းက ရတဲ့အမြတ်က အကြွေးတွေရဲ့ အတိုးထက် များရင်ပေါ့။)
(၂) အကြွေးတော့ မရှိပါဘူး။ ဒါပေမဲ့ လက်ထဲမှာ ငွေမရှိဘူး။ တစ်ခုခုကို ရောင်းပြီးဝယ်ရမယ်၊ ဒါမှ မဟုတ် ချေးပြီးဝယ်ရမယ်ဆိုရင် မဝယ်သင့်သေးပါဘူး။
(၃) အကြွေးလည်း မရှိဘူး။ လက်ထဲမှာလည်း ဖုန်းဝယ်ဖို့ ပိုက်ဆံရှိတယ်။ ဒါပေမဲ့ အရေးပေါ် ရန်ပုံငွေ အသုံးစရိတ် ၃ လစာကနေ ၆ လစာကြား စုဆောင်းထားတာ မရှိသေးဘူးဆိုရင်လည်း မဝယ် သင့်သေးပါဘူး။
(၄) အကြွေးလည်း မရှိဘူး။ အရေးပေါ် ရန်ပုံငွေ အပြင် လက်ထဲမှာလည်း ဖုန်းဝယ်ဖို့ ပိုက်ဆံရှိတယ်။ ဒါဆိုရင်တော့ ဝယ်လို့ရပါပြီ ... လို့ မထင်ပါနဲ့ဦး။
(၅) လက်ထဲမှာ အရေးပေါ် ရန်ပုံငွေ အပြင် ပိုတဲ့ ငွေရဲ့ ၅ ပုံ ၁ ပုံ (၂၀%) အောက် နည်းတဲ့ ငွေကိုသာ ဖုန်းအတွက် သုံးသင့်ပါတယ်။ ၈၀ -၂၀ စည်းမျဥ်းအရ ငွေရဲ့ ၂၀% ကို အပျော်အပါး လိုချင်တာတွေအတွက် သုံးတဲ့ သဘောပါပဲ။
ဥပမာ အကြွေးမရှိ၊ လက်ထဲမှာ ငွေ သိန်း ၂၀ ရှိတယ်။ တစ်လ အသုံးစရိတ် တစ်သိန်း အတွက် ၆ လစာ ၆ သိန်းကို နှုတ်ရင် ၁၄ သိန်း ပိုမယ်။ အဲဒီ ၁၄ သိန်းလုံးကို ဖုန်းဝယ်လိုက်တာကို အားမပေးပါဘူး။ ပိုငွေ ၁၄ သိန်းရဲ့ ၂၀% ဖြစ်တဲ့ ၂ သိန်း ၈ သောင်းတန် ဖုန်းကိုသာ ဝယ်သင့်ပါတယ်။
လက်ရှိဖုန်း အစုတ်လေးပျက်သွားလို့ ပြန်ပြင်လို့လည်း မရတော့ဘူး။ မဖြစ်မနေ ဝယ်ရတော့မယ်ဆိုရင်လည်း ဒီနည်းနဲ့ တွက်ပြီး ဝယ်သင့်ပါတယ်။
ဒါပေမဲ့ အဲဒီနည်းနဲ့တွက်လိုက်လို့ ဝယ်ဖို့ အပိုငွေမရှိဘူးလို့ အဖြေထွက်လာရင် ဘဝမှာ ဝင်ငွေတိုးအောင် လုပ်ဖို့ နဲ့ အသုံးစရိတ်နည်းအောင် ချွေတာဖို့ ပိုကြိုးစားရတော့မယ်လို့ အဖြေထွက်ပါတယ်။
အဲဒါဆိုရင်တော့ လောလောဆယ်မှာ သူများဆီက ဖုန်းအဟောင်းကို ငှါးသုံးတာ ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် ဈေးအတော်ဆုံး ဖုန်းအဟောင်း တစ်လုံးကို ဝယ်သုံးတာဖြစ်ဖြစ် လုပ်သင့်ပါတယ်။ ခဏလေးနဲ့ ပျက်တတ်တဲ့ အရည်အသွေးညံ့ ဂျင်းဖုန်းတွေကိုတော့ ရှောင်ဖို့ လိုပါတယ်။
အပေါ်က တွက်နည်းဟာ ဖုန်းအသစ် ဝယ်ဖို့ ကြိုတင် ငွေစုထားခြင်းမရှိတဲ့သူတွေ အတွက်ပါ။
ပိုကောင်းတဲ့ နည်းကတော့ အကြွေးမရှိရင် ဝင်ငွေရဲ့ ၃၀% ကို အနာဂတ်အတွက် ငွေသခင် ဖြစ်ဖို့ နောင်မှာ ရင်းနှီးမြှုပ်နှံဖို့ စုပါ။ ငွေသခင် ရန်ပုံငွေပေါ့။ ကျန်တဲ့ ၇၀% ထဲကနေ ချွေတာသုံးပြီး တတ်နိုင်သလောက်ကို ဖုန်းသစ်ဝယ်ဖို့ဆိုတဲ့ ခေါင်းစဥ်နဲ့ ကြိုစု၊ ငွေပြည့်မှ ဖုန်း အသစ်ဝယ်သင့်တာပါ။ ဒါဆိုရင်တော့ ငွေသခင် ရန်ပုံငွေထဲက ထုတ်သုံးစရာ မလိုတော့ဘူးပေါ့။
ဖုန်းအတွက်သာမက ကား၊ TV စတာတွေ မဝယ်ခင်မှာလည်း အလားတူနည်းအတိုင်း တွက်ချက်နိုင်ပါတယ်။
"ဝ" မရှိပဲ "ဝိ" မလုပ်ချင်ပါနဲ့။ "ဝိတ်" ရှိလာမှ "ဝိ" လုပ်ကြပါ။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment