၁၁ လပိုင်း ၁၁ ရက်နေ့ကို တရုတ်ပြည်မှာ လူလွတ်များနေ့ (Singles’ Day) လို့ သတ်မှတ်ထားပါတယ်။ ၁၁၁၁ ဆိုတာ ၁ ဂဏန်းတွေပူးနေတာ ဆိုတော့ တစ်ယောက်တည်း သမား FA တွေကို ကိုယ်စားပြုတယ် ဆိုပြီးတော့ပါ။
အစိုးရ ရုံးပိတ်ရက်မဟုတ်ပေမဲ့ အဲဒီနေ့မှာ အွန်လိုင်း ရှော့ပင် အရောင်းဆိုင်တွေက လျှော့ဈေးတွေချပြီး အပြိုင်အဆိုင် ရောင်းကြတာကြောင့် ဈေးရောင်းသူတွေရော ဈေးဝယ်သူတွေပါ စိတ်လှုပ်ရှားရတဲ့ နေ့ပါ။
ဘယ်လောက်ပဲ ဈေးချတယ် ပြောပြော အမြတ်တင်ထားပြီးသားမို့ အဲဒီနေ့မှာ အမြတ်များများရတာကတော့ ဈေးရောင်းတဲ့သူတွေပါပဲ။ အရှုံးခံပြီးရောင်းတယ်ဆိုရင်တောင် ဖောက်သည်လိုချင်တာ၊ ငွေလှည့်ချင်တာ၊ ငွေဖြူလိုချင်တာ စသဖြင့် အကျိုးအမြတ် တစ်ခုခုရမှာပါ။
ဈေးဝယ်တဲ့သူတွေထဲမှာလည်း မြတ်သွားတဲ့သူတွေရှိပါတယ်။ ကိုယ် တကယ် လိုအပ်နေတာတွေကို ပုံမှန်ဈေးနဲ့ ရောင်းနေတုန်းက မဝယ်ပဲ အဲဒီနေ့မှ ဝယ်ရင် အထူးလျှော့ဈေးနဲ့ ဝယ်လို့ရလို့ ငွေကုန် သက်သာသွားပါတယ်။ အချို့ကလည်း ဒီလို ဈေးတော်တာတွေ ဝယ်ပြီး အမြတ်ယူပြီး တစ်ဆင့် ပြန်ရောင်းလို့ မြတ်ကြပါတယ်။ သက်တမ်းကုန် ပစ္စည်းတွေနဲ့ အရည်အသွေး မကောင်းလို့ ရောင်းမထွက်တဲ့ ပစ္စည်းတွေ မဝယ်မိဖို့တော့ လိုပါတယ်။
အသုံးနဲ့ အဖြုန်း
ရှုံးသွားတဲ့ သူတွေကတော့ အသုံးနဲ့ အဖြုန်းကို ခွဲခြားမသိပဲ လျှောက်ဝယ်တဲ့သူတွေပါ။ သူတို့တွေက မလိုအပ်တဲ့ ပစ္စည်းတွေကို ဈေးချနေလို့ဆိုပြီး လျှောက်ဝယ်လို့ပါ။
နှစ်သိန်းတန် ပစ္စည်းကို ၁ သိန်းနဲ့ ဈေးချပေးနေတယ်။ ဝယ်လိုက်ရင် ၁ သိန်းမြတ်ပြီ။ ဒီလိုတွေးပါတယ်။ အမှန်က ၁ သိန်း မြတ်တာမဟုတ်ဘူးလေ။ ကိုယ့်အိတ်ထဲက ၁ သိန်းပါသွားတာ။ ပြီးတော့ တကယ်လိုအပ်တဲ့ ပစ္စည်းလည်း မဟုတ်ပြန်ဘူး။ ပြန်ရောင်းလို့ တစ်သိန်းထက်ပိုရရင်တော့ မြတ်မှာပေါ့။ အများအားဖြင့်တော့ သုံးပြီးသားကို ပြန်ရောင်းရင် ရှုံးကြပါတယ်။
(ဒါဟာ ကျွန်တော်မေးထားတဲ့ ပဟေဠိရဲ့ အဖြေပါပဲ။ https://www.facebook.com/fireflypsk/posts/147044419967175)
ဒီလို အဖြုန်းသမားတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ အပတ်က လူလွတ်များနေ့မှာ ဒီလို ဈေးဝယ်ကြမ်းသွားတဲ့ မိန်းမ တစ်ယောက်ကြောင့် သူ့ယောကျ်ားခမျာ အကြွေးတွေတင်သွားတာကို စိတ်ဆင်းရဲလွန်းလို့ ကိုယ့်ကိုကိုယ် သတ်သေဖို့တောင် ကြိုးစားခဲ့ပါသတဲ့။ တရုတ်ပြည်မှာပါ။ ဪ သူတို့လည်း တရုတ်လို မရှာပဲ ဗမာလို ဖြုန်းနေကြပါပြီကော။
တရုတ်လိုရှာ အရာလိုစု ဗမာလိုမဖြုန်းနဲ့ https://www.facebook.com/fireflypsk/posts/117571759581108
ဖြစ်ပုံက ဒီလိုပါ။ အသက် ၂၉ နှစ် အရွယ် အဲဒီမိန်းမဟာ ၁၁၁၁ လူလွတ်များနေ့မှာ ဈေးတွေ သက်သာလွန်းလို့ဆိုပြီး အကြွေးဝယ်ကတ်တွေကိုသုံးပြီး မြန်မာငွေ သိန်း ၆၀၀ ကျော်ဖိုးလောက် တစ်ထိုင်တည်း လိုင်းပေါ်ကနေ ဈေးဝယ်ချလိုက်ပါသတဲ့။ အမလေးဗျာ။
တစ်လကို မြန်မာငွေ ၁၀ သိန်းလောက်ပဲ ဝင်ငွေရှိတာဆိုတော့ သူ့ယောကျ်ား မျက်လုံးပြူးပြီပေါ့။ ဒီလောက်အကြွေးကို ဆပ်ဖို့ မလွယ်ဘူးလေ။ မိန်းမနဲ့ ရန်ဖြစ်၊ နောက်ဆုံးတော့ ကြံရာမရဖြစ်ပြီး ၃၃ ထပ် တိုက်ခေါင်မိုး ပေါ်က ခုန်ချဖို့ လုပ်ပါသတဲ့။
ရဲတွေရောက်လာပြီး မွေးထားတဲ့ လူမမည် ကလေးငယ်လေးကို စောင့်ရှောက်ဖို့ အသက်ဆက်ရှင်ပါဦးလို့ ဖျောင်းဖျတော့မှ ပြန်ဆင်းလာပါ သတဲ့။
အကြွေးတွေတော့ ကြိုးစားပြီး ဆပ်ရဦးမှာပါ။
သူ့မိန်းမကတော့ နောက်ဒီလို မဝယ်တော့ပါဘူးလို့ ကတိပေးရှာပါတယ်။ စောင့်ကြည့်ရဦးမှာပေါ့။
မိန်းမတွေ မကောင်းကြောင်း ပြောချင်တာ မဟုတ်ပါဘူး။ ယောကျ်ားတွေမှာလည်း ဒီလို ဖြုန်းတတ်တဲ့သူတွေ ရှိပါတယ်။ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေး၊ လောင်းကစား၊ မိန်းမကိစ္စ စသဖြင့် ငွေကုန်ပေါက်တွေ များနိုင်ပါတယ်။
လင်ရယ် မယားရယ်လို့ ဖြစ်လာ ရင် တစ်ယောက်နဲ့တစ်ယောက် ကောင်းတိုင်ပင် ဆိုးတိုင်ပင် နှစ်ဦး သဘောတူ ချင့်ချင့်ချိန်ချိန် လုပ်ကြတာ ကောင်းပါတယ်။ တစ်ဦးတည်း သဘောနဲ့ လျှောက်မလုပ်ကြပါနဲ့။ ကွဲကြ ပြဲကြ ရန်ဖြစ်ကြ သတ်သေဖို့ ကြိုးစားကြနဲ့ ကလေးတွေခမျာ ကြားထဲက မြေစာပင်တွေ ဖြစ်ရပါတယ်။
နှစ်ဦး သဘောတူ ဖြုန်းလိုက်ကြရင် ဘာဖြစ်မလဲဆိုတာတော့ ဒီ ဗီဒီယိုလေးကိုသာ ကြည့်လိုက်ကြပါ။
https://www.facebook.com/spendwithlaughandloved/videos/441017966553112/
(လင့်ခ်ပို့ ပေးတဲ့ သူကိုလည်း ကျေးဇူးတင်ပါတယ် ခင်ဗျာ။)
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment