ဆရာကြီး ဦးသုမောင်က "ကွမ်းစကား" ဆိုပြီး စာတွေ ရေးခဲ့ပါတယ်။ အရည်လည်းမရ အဖတ်လည်းမရ၊ ဒါပေမဲ့ တစ်စုံတစ်ရာ အရသာကိုပေးတဲ့ ကွမ်းယာလိုပဲ သူရေးတဲ့ စာတွေဟာလည်း အရည်လည်းမရ အဖတ်လည်းမရပေမဲ့ ဖတ်လို့ကောင်းတဲ့ သဘောမို့ ဒီလို ခေါင်းစဥ် ပေးခဲ့တာပါတဲ့။
ကျွန်တော် ဒီနေ့ရေးမယ့် ကွမ်းစကားကတော့ အရသာ ရှိမယ် မထင်ဘူးခင်ဗျ။ ကွမ်းသမားတွေ အတွက် ဝါးမိရင် သွားနာ၊ မျိုချရခက်၊ ထုံးပေါက်သလို ခံရခက်တဲ့ စာတစ်ပုဒ် ဖြစ်ပါလိမ့်မယ်။
ကဲ စ ဝါးလိုက် ကြရအောင်။ ဗမာဆေး အာမွှေး နွယ်ချို ထုံးများများနဲ့ တစ်ထုပ် မြန်မြန်လေး။
စီးပွားရေးဘက်ကကြည့်ရင် ကွမ်းစားတာ ကိုယ့်အတွက် ငွေအပို ကုန်ပါတယ်။ ကွမ်းဝါးနေရင် ဗိုက်မဆာလို့ သွားရည်စာဖိုး ငွေ မကုန်ဘူးလို့ ပြောပေမဲ့ ဟုတ်မဟုတ် တော့ သေချာ ပြန်တွက်ကြည့်ကြပါဦး။ ကွမ်းစားလို့ ထမင်းတစ်နပ် လျှော့စားဖြစ်သွားလား၊ အာဟာရ ဖြစ်သွားလား ဆိုတာကိုပါ။
လက်ရှိမှာ ငွေပိုကုန်ရုံတင်မက လုပ်ငန်း အခွင့်အရေးတွေလည်း ဆုံးရှုံးနိုင်ပါတယ်။ သွားတွေ ကွမ်းချိုးတက်နေလို့ အလုပ် မခန့်ချင်တဲ့ အလုပ်ရှင်တွေ ရှိမှာပါ။ အထူးသဖြင့် လူအများနဲ့ ထိတွေ့ဆက်ဆံ ဝန်ဆောင်မှုပေးရတဲ့ လုပ်ငန်းတွေမှာ တစ်ကိုယ်ရည်သန့်ရှင်းမှု၊ ခံတွင်း စင်ကြယ် သန့်ရှင်းမှု လိုအပ်ပါတယ်။ လာလျှောက်တဲ့ လူနှစ်ယောက်မှာ အရည်အချင်း အားလုံးတူရင် အလုပ်ရှင်တွေက ကွမ်းမစားတဲ့ သူကို ရွေးကြမယ် ထင်ပါတယ်။ နောက်ပိုင်းမှာတော့ ကွမ်းစားသူများအတွက် လုပ်ငန်းခွင်မှာ တန်းတူအခွင့်အရေး ရရှိရေး ဘာညာ လှုပ်ရှားမှုတွေ လုပ်လာရင်တော့ မသိပါဘူး။
ကွမ်းရဲ့ ဆိုးကျိုးဟာ ဒီလောက်နဲ့ ရပ်မသွားပြန်ပါဘူး။ သွားတွေ ပျက်စီးတယ်။ ညိုညစ်ပြီး မည်းလာမယ်။ သွားနာမယ်၊ သွားဖုံးနာမယ်။ ပါးစပ်ကင်ဆာ၊ လျှာကင်ဆာ၊ သွားဖုံး ကင်ဆာ၊ လည်ချောင်းကင်ဆာတွေ ဖြစ်နိုင်တယ်။ ကွမ်းစားများလို့ လျှာကင်ဆာဖြစ်ပြီး သေသွားတဲ့သူကို တွေ့ဖူးပါတယ်။
ရောဂါတွေ ဖြစ်လာရင် ဆေးကုဖို့ ငွေကုန်တော့မယ်။ ကွမ်းသမားတွေ အနေနဲ့ မိအေး နှစ်ခါနာတောင် မကပါဘူး၊ အခါခါနာ ဖြစ်ရပါတယ်။
"ခုတော့ စားလိုက်ဦးမယ်။ နောင်ဖြစ်မှ ခံလိုက်မယ်" လို့ မတွေးပါနဲ့။ နောင်ဖြစ်တဲ့အခါ ဆေးကုဖို့ ကိုယ့်မှာ ငွေမရှိရင် သောကရောက်ရမယ့် သူတွေက ကိုယ့်ဘေးက ဇနီးမယား သမီးသားတွေပါ။ ကိုယ် လျှာ သရမ်းမိလို့ ရောဂါဖြစ်တဲ့အခါ နွမ်းပါးတဲ့ သားသမီးတွေကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေရင် မဟန်ပါဘူး။ "မကုပေးနဲ့ ရတယ်" လို့ ပြောရတာ လွယ်ပေမဲ့ ကိုယ့်ကိုချစ်တဲ့ သားသမီး ဆွေမျိုးတွေအတွက်တော့ စိတ်ဒုက္ခ ခံစားရရှာမှာပါ။
ကွမ်းစားတဲ့သူတွေ အတွက်ပဲ ဆိုးကျိုးရှိတာလား ဆိုတော့ မဟုတ်ပြန်ပါဘူး။ ဘေးပတ်ဝန်းကျင် အတွက်လည်း မကောင်းပါဘူး။ စည်းကမ်းမဲ့ ထွေးနေတဲ့ ကွမ်းတံတွေးတွေကနေ ရောဂါကူးတာတွေ ဖြစ်နိုင်ပါတယ်။
နိုင်ငံအတွက်လည်း ငွေအပို ကုန်ပါတယ်။ လမ်းတွေ အဆောက်အဦးတွေမှာ ပေနေတဲ့ ကွမ်းတံတွေးတွေကို ရှင်းလင်း ဆေးကြောရတာ ငွေအကုန်အကျ ရှိပါတယ်။ ဘယ်သူ့ ပိုက်ဆံတွေ ကုန်လဲဆိုတော့ ပြည်သူ့ပိုက်ဆံတွေပါ။ အကုန်ခံပြီး သန့်ရှင်းရေးမလုပ်ထားတဲ့နေရာတွေမှာတော့ အော်ဂလီဆန်ချင်စရာ ညစ်ပတ်ပေရေပြီး မြို့ရွာရဲ့ ပုံရိပ်ကို ထိခိုက်စေပါတယ်။ ညစ်ပတ်လို့ ခရီးသွား ဧည့်သည်တွေ လာမလည်ကြရင် နိုင်ငံအတွက် ဝင်ငွေ ဆုံးရှုံးမှုတွေ ရှိပါတယ်။
ကားပေါ်ကနေ လှမ်းလှမ်းထွေးနေကြတာ၊ လမ်းသွားရင်း လမ်းဘေးထွေးနေကြတာတွေဟာ အရမ်းအောက်တန်းကျတဲ့ အပြုအမူတွေပါ။ အနည်းဆုံး ကိုယ်ယူလာတဲ့ အိတ်ထဲကို စနစ်တကျထွေးသင့်ပါတယ်။
လက်ရှိမှာလည်း ငွေလည်းကုန်၊ အလုပ်အကိုင် အခွင့်အရေးလည်း လျော့ကျ၊ ကျန်းမာရေးကိုလည်း ထိခိုက်စေ၊ ပတ်ဝန်းကျင်နဲ့ နိုင်ငံကိုလည်း ဆိုးကျိုးပေးနေတဲ့ ကွမ်းကို ဖြတ်ကြပါစို့လား ခင်ဗျာ။ ပြောင်းလဲ ချိန်တန်ပြီ၊ ပြောင်းလဲသင့်တယ် ဆိုတဲ့ အထဲမှာ ဒါလည်း ပါ ပါတယ်။
ကွမ်းယာလုပ်ငန်းနဲ့ စီးပွားလုပ်နေတဲ့ သူတွေလည်း ကွမ်းစားတဲ့ သူတွေ တစ်ဖြည်းဖြည်း လျော့နည်းလာတာနဲ့အမျှ အခြားစီးပွားရေး လုပ်ငန်းတွေကို ပြောင်းဖို့ အချိန်ရမှာပါ။
တိုးတက် ချမ်းသာနေတဲ့ နိုင်ငံတွေမှာ ကွမ်းယာလုပ်ငန်းမရှိပါဘူး။ ဒီနိုင်ငံမှာ ကွမ်းယာလုပ်ငန်း တိမ်ကောသွားလို့ လူတွေ ထမင်း ငတ်သွားကြမယ်လို့ မထင်ပါဘူး ခင်ဗျာ။ ကွမ်းတော့ ငတ်သွားကြမှာပါ။ အဲဒါတော့ ငတ်ပါစေပေါ့။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment