အသက်အာမခံ ဝန်ဆောင်မှုလုပ်ငန်းတဲ့။ နာမည်က ဘာ Life ဆိုလား ညာ Life ဆိုလား။ အရင်က လုံးဝမကြားဖူးတဲ့ နာမည်။
မြန်မာနိုင်ငံမှာ အာမခံလုပ်ငန်းလုပ်ငန်းတွေကို လုပ်ခွင့်ရှိတဲ့ လိုင်စင်ရ ကုမ္ပဏီတွေက လက်ချိုးရေလို့ရပါတယ်။ တရားဝင်ရှိပြီးသား Capital Life၊ CB Life စတဲ့ အာမခံလုပ်ငန်းတွေကို တုပပြီး နာမည်ပေးထားတာထင်ပါရဲ့။
လုပ်တဲ့သူဌေးကလည်း ဆင့်ပွားဈေးကွက်စနစ် MLM (Multi-Level Marketing) ခေတ်က နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ထိုင်းအခြေစိုက် လူတစ်ယောက်။ MLM တွေကို အစိုးရက ပိတ်ပင်တားမြစ်လိုက်ပြီးတဲ့နောက် အမြီးကုပ်နေတဲ့သူ။
ခု မုံရွာဘက်မှာ အသက်အာမခံလုပ်ငန်းဆိုပြီး တစ်စခန်း ထနေပြန်ပြီတဲ့။ အခြား ဒေသတွေမှာလည်း ရှိနေလောက်ပါပြီ။
အသင်းဝင်ကြေး ၅ သောင်းပေးရမယ်တဲ့။ ပြီးရင် တစ်လကို ငွေ ၃ သောင်း ပုံမှန်စုရမယ်။
ဒီလိုငွေစုနေတုန်း ဆုံးပါးသွားခဲ့ရင် ကျန်ရစ်ခဲ့တဲ့ မိသားစုအတွက် အသက်အာမခံ လျော်ကြေးရမယ်ပေါ့။ (ဒါကတော့ အသက်အာမခံရဲ့ လုပ်ထုံးလုပ်နည်း အမှန်ပါ။ ဒါပေမဲ့ အာမခံလုပ်ငန်းဥပဒေအရ လုပ်ပိုင်ခွင့် လိုင်စင်ရထားတဲ့သူတွေပဲ လုပ်ခွင့်ရှိတာပါ။)
ဒီကုမ္ပဏီဟာ အာမခံလုပ်ငန်း လိုင်စင်ရထားဟန်မတူပါဘူး။ ပိုပြီးဆိုးတာက ဆင့်ပွားဈေးကွက်စနစ်နဲ့ လူတွေကို မြှူဆွယ်နေတာပါ။ အသင်းဝင် လူသစ် နှစ်ယောက်ရှာပေးနိုင်ရင် ကော်မရှင်ကြေး ၄၅၀၀ ရမယ်တဲ့။ အဲဒီ ၂ ယောက်က နောက် ၂ ယောက် ထပ်ဆင့်ရှာပေးလို့ ကိုယ့်လူ ၂ ယောက်အောက်မှာ လူ ၄ ယောက် ရှိလာရင် ၁၄၇၀၀ ရပါမယ်တဲ့။ ဒီလိုနဲ့အဆင့်ဆင့် ဆက်ပွားရင်း ကိုယ့်အောက်မှာ လူတွေများလာတာနဲ့ အမျှ ၅၂၅ သိန်းအထိ ကော်မရှင်ကြေး ရနိုင်ပါတယ်တဲ့။
လူအထင်ကြီးအောင် ဘလော့ခ်ချိန်း (Blockchain) စနစ်နဲ့ လုပ်ထားတဲ့ အာမခံစနစ်လို့ ထပ်ပြီး ဖောရှောရိုက်ပြန်ပါတယ်။ ဟုတ်ကဲ့ လုပ်ချင်ရင် အများသုံးအိမ်သာ ဝင်ကြေးကိုတောင် ဘလော့ခ်ချိန်းစနစ်နဲ့ ကောက်လို့ရတယ် ခင်ဗျ။ ဘာမှ မခက်ခဲဘူး။
ကိုယ့်အောက်မှာ အဖွဲ့ဝင်ဘယ်နှစ်ယောက် ဆင့်ပွားနေပြီ။ ကော်မရှင်ကြေးတွေဘယ်လောက်ရနေပြီဆိုတာကို ၄ နာရီ တစ်ခါ ဖုန်းနဲ့ စစ်လို့ရအောင်လုပ်ပေးထားပါတယ်။
ဝင်ကြေးလေး ၅ သောင်းသွင်းရုံ၊ တစ်လ ၃ သောင်းလောက်သွင်းရုံနဲ့ သိန်း ၅၀၀ ကျော်ရလာနိုင်တဲ့အခွင့်အရေးဆိုပြီး လူတွေကို စည်းရုံးနေပါတယ်။
ဒီလို ငွေစုနေတုန်း မသေခဲ့ဘူးဆိုရင်လည်း ၁၅ နှစ်ပြည့်ရင် စုငွေ ၅၅ သိန်းပြန်ရမှာပါတဲ့။ စုထားတဲ့ငွေကို အတိုးမပေးပဲ ပြန်ပေးမယ့်သဘောပေါ့။ ဒီလို နှစ်ပေါင်းများစွာကြာမှ ပြန်ထုတ်လို့ရမယ့် ငွေမျိုးဆို ကျွန်တော်ကတော့ စိတ်ချရတဲ့ ဘဏ်ကြီးတွေကရောင်းတဲ့ အာမခံတွေ၊ နိုင်ငံတကာမှာ နှစ်ပေါင်းများစွာ ရပ်တည်အောင်မြင်ပြီးသား ကုမ္ပဏီတွေကရောင်းတဲ့ အာမခံတွေကိုပဲ ယုံမှာပါ။ မနေ့တစ်နေ့ကမှ ပေါ်လာတဲ့ ကုမ္ပဏီတွေကို မယုံရဲပါဘူး။
အထူးသဖြင့် MLM ဆင့်ပွားဈေးကွက်စနစ် နဲ့ကြီးကြီးကျယ်လုပ်စားသွားဖူးတဲ့လူတစ်ယောက်က လုပ်တဲ့ လုပ်ငန်း၊ တရားမဝင် MLM စနစ်ကို သုံးပြီး ဘလော့ခ်ချိန်း (သူတို့ဘက်မှာတော့ ဘဒေါက်ချိန်းလို့ခေါ်သတဲ့) နည်းပညာဆိုပြီး ဆိုင်ဆိုင်မဆိုင်ဆိုင် လူအထင်ကြီးအောင် ဂျင်းထည့်ချင်နေတာ သိသာနေတဲ့ လုပ်ငန်းမှာ ငွေထည့်ရအောင် ကျွန်တော်က ရူးနေတာမှ မဟုတ်တာ ခင်ဗျာ။
လူတွေကတော့ ၁၅ နှစ်နေရင် ပြန်ရမယ့်ငွေထက် ဆင့်ပွားစနစ်နဲ့ ရလာမယ့် ကော်မရှင်ကြေးတွေကိုမက်ပြီး ငွေထည့်နေကြပါတယ်။အသင်းသားတွေပွါးလာအောင် စည်းရုံးရေးတွေ ဆင်းနေကြပါတယ်။
လောဘဇောနဲ့ ရှိမဲ့စုမဲ့ ငွေလေးတွေကို လစဥ် သွားအပ်နေကြရှာပြီ။ လောဘမှိုင်းမိနေတဲ့သူတွေကို အလိမ်မခံရစေချင်လို့ တရားမဝင်တဲ့ MLM လုပ်ငန်းမို့ မလုပ်သင့်ကြောင်း သိတဲ့သူတွေက ပြောတော့ ဘာပြန်ပြောတယ်မှတ်လဲ။
"တရားမဝင်တဲ့ သစ်ဖောင်လုပ်ငန်း၊ ချဲလုပ်ငန်းတွေ တောင် လုပ်နေကြသေးတာ။ အဖမ်းခံရလို့ ထောင်ထဲ ရောက်သွားရင်လည်း ငွေက ဆက်ဝင်နေဦးမှာ။ လူနှစ်ယောက် ဆင့်ပွား ရှာထားရုံနဲ့ အိပ်နေလည်း ဝင်ငွေတွေ ဝင်နေမယ့် အထိုင်ဝင်ငွေတဲ့။"
သေပြီဆရာ။ မိုက်တွင်းနက်လိုက်ကြတာ။
အချို့ကလည်း အသိပညာ ဗဟုသုတနည်းလို့ အသင်းဝင်ကြတယ်။ (သူတို့ကို ဒီစာလေးတွေ့ပြီး အသိတရား ရစေချင်ပါတယ်။) အချို့ကလည်း သိသိကြီးနဲ့ ကိုယ်စောစောဝင်ထားပြီး အမြတ်ထုတ်လိုက်ဦးမယ်ဆိုပြီး အသင်းဝင်ကြတယ်။ အားလုံးအတွက် ရင်လေးမိပါတယ်။ အလိမ်ခံကြရဦးတော့မယ်။
ကိုယ့်ဘေးပတ်ဝန်းကျင်မှာ ဒါမျိုးတွေ အလိမ်မခံရအောင် လက်တို့ မျှဝေပေးကြပါဦးခင်ဗျာ။ အလိမ်မခံရခင် ကြိုပြီး ကာကွယ်ထားတာဟာ အလိမ်ခံရပြီးမှ ငွေပြန်ရဖို့ကြိုးစားတာထက် ပိုပြီး ကောင်းပါတယ်။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment