ခုတလော လိုင်းပေါ်မှာ ခေတ်စားနေတာလေးပါ။
"လူတစ်ယောက် ခေါ် ပေးနိုင်ရင် ၁၀ ဒေါ်လာရမယ်။ အယောက် ၅၀ ခေါ်နိုင်ရင် ဒေါ်လာ ၅၀၀ ရမယ်။ လွယ်လွယ်လေး။ အရင်ဆုံး Telegram App ကို ဒေါင်းလုပ်ဆွဲပြီး ဖွင့်ပါ။ ပြီးရင် Viuly Bot ထဲဝင်ဖို့ ဒီ link လေးကို နှိပ်ပါ။"
လိုင်းပေါ်မှာ လူအယောက် ၅၀ ကို ရှာပြီး ဒီလိုလေး ဆင့်ပွား လုပ်ခိုင်းလိုက်တာနဲ့ ဒေါ်လာ ၅၀၀ (မြန်မာငွေ ၇ သိန်း ကျော်လောက်) ရမယ်ဆိုတော့ စိတ်ဝင်စားတဲ့လူတွေ များလှပါတယ်။
ဒီလောက်ငွေကို လွယ်လွယ်နဲ့ မရနိုင်ကြောင်း ကျွန်တော် လေ့လာမိသလောက်ကို အားလုံး သိရအောင် မျှဝေပေးလိုက်ပါတယ်။
ပထမဆုံးပြောချင်တာကတော့ Telegram App မှာ လူလိမ်တွေ ကျက်စားပါတယ်။ Telegram App က Bot (အလိုအလျောက် စာပြန်စက်) တွေကို အယုံမလွယ်ဖို့ သတိပေးထားတဲ့ ဆောင်းပါးတွေ လိုင်းပေါ်မှာ အများကြီးရှိပါတယ်။
Telegram App ကို ဒေါင်းလုပ်ဆွဲ၊ ဖွင့်ပြီးလို့ Viuly Bot ထဲဝင်လိုက်ရင် Viuly Bot က Viuly ကွိုင် (ဒစ်ဂျစ်တယ် အကြွေစေ့) တွေဟာ တစ်ကွိုင်ကို တစ်ဒေါ်လာတန်ကြောင်း၊ ကွိုင် ၁၀၀ ကို ဒေါ်လာ ၁၀၀ တန်ကြောင်း၊ သူငယ်ချင်းတွေကို ဒီ Viuly ထဲကို ဖိတ်ခေါ်ပေးနိုင်ရင် တစ်ယောက်ကို ၁၀ ကွိုင်၊ အယောက် ၅၀ ဆို ကွိုင် ၅၀၀ ရမှာ ဖြစ်ကြောင်း ရှင်းပြပါလိမ့်မယ်။
လူသစ် တစ်ယောက်ယောက်ကို အောင်အောင် မြင်မြင် ဖိတ်ခေါ်လိုက်ပြီးတိုင်းမှာ ကိုယ့်အကောင့်ထဲမှာ Viuly ၁၀ ကွိုင်တက်လာတာကိုလည်း ဝမ်းသာစရာ မြင်ရမှာပါ။ ဒီလိုနဲ့ လူတွေက တကယ်ထင်ပြီး အခြား လူတွေကို ဝင်ပါကြဖို့ ဆွယ်ကြတော့တာပါပဲ။ ကိုယ် ဖိတ်ခေါ်လိုက်တဲ့လူ ၅၀ ပြည့်ရင် ကွိုင် ၅၀၀ ရမယ်။ ကွိုင် ၅၀၀ ရရင် ဒေါ်လာ ၅၀၀ ရမယ်လို့ ထင်နေကြလေရဲ့။
လိမ်နေကြောင်း သိနိုင်တဲ့ အဓိက အချက်ကတော့ Viuly ၁ ကွိုင်ဟာ ၁ ဒေါ်လာ မတန်ပါဘူး။ လက်ရှိပေါက်ဈေးအရ Viuly ၁ ကွိုင်ဟာ $0.00007 ပဲတန်ဖိုးရှိပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၁၀ ပြားပဲတန်ပါတယ်။ လူ ၅၀ ကို ဖိတ်ခေါ်နိုင်လို့ Viuly ၅၀၀ ရရင်တောင် မြန်မာငွေ ကျပ် ၅၀ ပဲတန်ကြောင်းပါ။ ဖုန်းဘေဖိုးတောင် မကျေပါဘူး။ ၁ ကွိုင်ကို ၁ ဒေါ်လာလို့ ပြောရင် အဲဒါ လိမ်တာပါပဲ။ ဒီတစ်ချက်နဲ့တင် လွဲနေပါပြီ။
နောက်ပြီး ငွေကို ထုတ်ယူဖို့ Gmail အကောင့်တစ်ခုကို အီးမေးအရင်ပို့ပြီး တောင်းဆိုရပါမယ်တဲ့။ ဒါလေးကလည်း နည်းနည်းလွဲနေပါတယ်။ Bot ကနေ တိုက်ရိုက် အလွယ်တကူ ငွေထုတ်လို့ရအောင် လုပ်ပေးလို့ ရနေပါလျက်နဲ့ ဘာ့ကြောင့် အီးမေးပို့ခိုင်းရတာလဲ။ ပြီးတော့ နိုင်ငံတကာမှာ သိက္ခာရှိရှိရပ်တည်နေတဲ့ ကုမ္ပဏီကြီးတွေဟာ @gmail.com အီးမေးအကောင့်ကို မသုံးကြပါဘူး။ ကိုယ်ပိုင် ကုမ္ပဏီနာမည်နဲ့ အီးမေးအကောင့်တွေကို သုံးကြပါတယ်။ ဥပမာ @gmail.com အစား @viuly .com ဆိုပြီးဖြစ်သင့်တာပါ။ စဥ်းစားစရာတွေများလာပါပြီ။
ဘယ်သူတွေက ဘာ့ကြောင့် Viuly ၁ ကွိုင်ဟာ ၁ ဒေါ်လာနဲ့ ညီတယ်လို့ လိမ်ရတယ်၊ ဘယ်လိုဆက်ပြီး လိမ်ဦးမယ် ဆိုတာကိုတော့ ကျွန်တော်အတိအကျမသိပေမယ့် ဒီလို လူတွေများများ ဝိုင်းပြီး လိုက်လုပ်ကြတဲ့အခါ အကျိုးအမြတ်ရသွားတဲ့လူတွေ ရှိပါတယ်။ ဒီလိုပါ။
Telegram ဆိုတာ တစ်ယောက်နဲ့တစ်ယောက် စကားပြောဆက်သွယ်လို့ရတဲ့ Messenger, Viber, WeChat တို့လို App ပါ။ ခုလို လူတစ်ယောက်ကို အယောက် ၅၀ ဆီ ဆင့်ပွားဖိတ်ခေါ်ကြတော့ Telegram App ကို လူသိများလာသလို ဒေါင်းလုပ်ဆွဲပြီး သုံးစွဲသူများ လာတဲ့အတွက် Telegram ရဲ့ တန်ဖိုးတက်လာတတ်ပါတယ်။ ဒီတော့ သူ့အတွက်အကျိုးအမြတ်ရှိပါတယ်။
Viuly ဆိုတာ မှိုလိုပေါက်နေတဲ့ ဒစ်ဂျစ်တယ် ငွေကြေး ကွိုင်တွေထဲက တစ်ခုပါ။ လူသိပ်မသိသလို တန်ဖိုးလည်း သိပ်မရှိပါဘူး။ တစ်ကွိုင်ကိုမှ မြန်မာငွေ ၁၀ ပြားပဲ ပေါက်ဈေးရှိပါတယ်။ ခုလို လူတစ်ယောက်ကို အယောက် ၅၀ ဆီ ဆင့်ပွားဖိတ်ခေါ်ကြတော့ Viuly ကို လူသိပိုများလာပါတယ်။ လူတစ်ယောက် ကို ဖိတ်ခေါ်ပြီးတိုင်း Viuly ၁၀ ကွိုင်ရမှာဆိုတော့ ကမ္ဘာပေါ်မှာ Viuly ကွိုင်တွေကို ပိုင်ဆိုင်သုံးစွဲနေတဲ့သူတွေ အများကြီးရှိတယ်ဆိုပြီး ဖောရှောရိုက်လို့ရသွားပါတယ်။ ဒီအချက်ဟာ နောင်တစ်ချိန်မှာ ကွိုင်တွေကို ဈေးတင်ရောင်းဖို့၊ ဈေးကစားဖို့၊ ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေကို ဆွဲဆောင်ဖို့အတွက် အကွက်ကောင်းတစ်ခုပါပဲ။
Viuly ကွိုင် များများလိုချင်ရင် လူတွေကို ဖိတ်ခေါ်ရုံမက အခြား App တွေကို ဒေါင်းလုပ်ဆွဲတာမျိုး၊ Video တွေကို ကြည့်တာမျိုး သူခိုင်းတဲ့အတိုင်းလုပ်ပေးရပါတယ်။ ကိုယ်က ဒီလိုလုပ်လေလေ Viuly Bot ထွင်ထားတဲ့သူက ငွေတွေ ရလေလေပါ။ အချို့ App တွေ၊ Video တွေက သူတို့ App တွေ Video တွေဆီ လူဝင်လာအောင် ကြော်ငြာပေးနိုင်၊ လုပ်ပေးနိုင်တဲ့သူတွေကို အခငွေကြေးပေးကြပါတယ်။ ဒီအခကြေးငွေတွေကို သူတို့ ရပါတယ်။ ကျွန်တော်တို့ ပြန်ရမှာကတော့ ဘာမှ အဖိုးမတန်တဲ့ Viuly ကွိုင်တွေပါပဲ။
လက်ရှိမှာ မှိုလိုပေါက်နေတဲ့ ကွိုင်တွေကြား Bitcoin, Ethereum, Litecoin တို့လို လူသိများ ရေပန်းစား ပေါက်သွားပြီး ဈေးတက်သွားဖို့ မလွယ်လှတော့ပါဘူး။ ဒီတော့ လူမသိသူမသိ ကွိုင်တွေဟာ လူသိများအောင် အမျိုးမျိုး ကြံစည်လှုပ်ရှားကြပါတယ်။ Multi-Level Marketing (MLM) ဆင့်ပွားဈေးကွက်စနစ်နဲ့ ကွိုင်တွေကို လူတွေဆီ အရောက်ပို့နေ ကြော်ငြာနေကြပါတယ်။ ခုလည်း လူမသိသူမသိ ဘာမှအဖိုးမတန်လှတဲ့ ကွိုင်တွေကို လူတွေဆီအလကားပေးပြီး လူသိများအောင်၊ MLM စနစ်နဲ့ ကွိုင်တွေ လူများများဆီရောက်အောင် လုပ်နေတယ်လို့ ယူဆရပါတယ်။
ကွိုင်သမားတွေလုပ်လေ့ရှိတဲ့ နောက်တစ်ဆင့်ကတော့ ကွိုင်ဈေးတွေတက်လာအောင် ဈေးကစားတာပါပဲ။ ကွိုင်တွေဈေးတက်လာပြီဆိုပြီး လူတွေကို ကွိုင်တွေ ထပ်ဝယ်ချင်လာအောင်ဆွယ်မယ်ပေါ့။ မသမာတဲ့သူတွေ ချမ်းသာပြီး လောဘသာရှိပြီး ချင့်ချိန်ဆင်ခြင်နိုင်စွမ်းမရှိတဲ့သူတွေ ခံရဦးမယ့် အကွက်တွေပါ။
နောက်တစ်မျိုးလိမ်နိုင်ခြေရှိတာကတော့ ငွေထုတ်ဖို့ကြိုးစားတဲ့အခါ အကြောင်းအမျိုးမျိုးပြပြီး ငွေ အရင်သွင်းခိုင်းတာမျိုးတွေပါ။ ဒေါ်လာ ၅၀၀ ရဖို့ ဒေါ်လာ ၅၀ အရင်လွှဲပါတို့ ဘာတို့လုပ်ပြီး လိမ်စားနေတဲ့သူတွေလည်း ရှိပါတယ်။ အချို့ကလည်း ဘဏ်အချက်အလက်တွေတောင်းယူ ခိုးယူပြီး ကိုယ့်ဘဏ်ထဲက ငွေတွေ ထုတ်ယူသွားတာမျိုး၊ ကိုယ့်မှာရှိတဲ့ ကွိုင်တွေကို ခိုးယူသွားတာမျိုးတွေ လုပ်တတ်ပါသေးတယ်။
နှဲခရာသမားရဲ့ ခရာသံနောက်လိုက်ရင်း မြစ်ထဲကျသေသွားတဲ့ ကြွက်တွေအကြောင်း ပုံပြင်လေးကို သတိရကြပါ။
ချင့်ချိန်နိုင်ကြပါစေ။ ချင့်ယုံကြပါ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment