ချားလ်စ်ပွန်ဇီ (Charles Ponzi) ဆိုတဲ့လူတစ်ယောက် အမေရိကန်နိုင်ငံမှာ ၁၉၁၉ ခုနှစ်က လိမ်စားခဲ့တဲ့ လိမ်ကွက်ပါ။
အစပိုင်းမှာတော့ ငွေတကယ်ရနိုင်တဲ့ စီးပွားရေးကို ဗန်းပြပါတယ်။ လွယ်လွယ်ပြောရရင် နိုင်ငံတကာစာပို့ တံဆိပ်ခေါင်းတွေကို ဈေးတော်တော်နဲ့ ရနိုင်တဲ့နေရာကဝယ်ပြီး ဈေးကောင်းတဲ့နေရာမှာ ပြန်ရောင်းတဲ့လုပ်ငန်းပါ။
ဒီစီးပွားရေးကို ဗန်းပြပြီး ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်ပါတယ်။ ငွေကို ၄၅ ရက် ရင်းထားရင် ၅၀% အမြတ်ပေးပါတယ်။ ရက် ၉၀ ရင်းထားရင် ၁၀၀% အမြတ်ပေးပါတယ်။
တော်တော်လေးကို သွားရည်ယိုစရာ ရင်းနှီးမြှုပ်နှံမှုပါ။ သုံးလနဲ့ ငွေ ၂ ဆပွားမှာလေ။
ငွေထည့်ထားတဲ့သူတွေကိုလည်း အမြတ်ငွေတွေ ပုံမှန်ပေးနေနိုင်ပါသတဲ့။ ပေးနိုင်တာကတော့ တံဆိပ်ခေါင်းစီးပွားရေးကနေ ရတဲ့အမြတ်တွေကြောင့်မဟုတ်ပါဘူး။ နောက်ထပ်တိုးပြီး ရောက်လာတဲ့ လူတွေဆီက ငွေတွေကို ခွဲပေးတာပါ။
ဥပမာပေးရရင် မောင်လှက ငွေ တစ်သိန်း ထည့်လိုက်တယ်။ ၄၅ ရက်ကြာတော့ ငွေ ၅ သောင်း အမြတ်ရတယ်။ (သူ့ငွေ တစ်သိန်းထဲကနေ ၅ သောင်းကို ပြန်ခွဲပေးလိုက်တာ။) အမြတ်ရတာသေချာတယ်ဆိုတော့ ဝမ်းသာအားရနဲ့ မောင်ဘ နဲ့ မောင်မြကိုပါ ငွေထည့်ဖို့ တိုက်တွန်းတယ်။ မောင်ဘနဲ့ မောင်မြက ငွေ တစ်သိန်းစီထည့်သလို လောဘပိုကြီးလာတဲ့ မောင်လှကလည်း မူလထည့်ထားတဲ့ ငွေတစ်သိန်းအပြင် နောက်ထပ် ငွေ တစ်သိန်းပါ ထပ်ထည့်လိုက်သေးတယ်။
ဒီလိုနဲ့ ငွေထည့်တဲ့လူတွေ ပိုများလာတယ်။ လူဟောင်းတွေအတွက် အမြတ်ငွေကို လူသစ်တွေဆီကရတဲ့ ငွေနဲ့ပေးနေတာ။ မြိုးမြိုးမြက်မြက်ရမယ်ဆိုတော့ လူသစ်တွေကလည်း လောဘကိုယ်စီနဲ့ အများကြီးဝင်လာတာပေါ့။
အိမ်တွေပေါင်ပြီး ငွေထည့်တဲ့သူတွေလည်း ရှိကြပါတယ်။ တစ်သက်လုံး မစားရက်မသောက်ရက် စုထားတဲ့ငွေတွေလည်း ပါ ပါတယ်။ လူအများစုက ရတဲ့အမြတ်တွေကိုပါ ရင်းနှီးမြှုပ်နှံဖို့ ပြန်ထည့်ကြတော့ ချားလ်စ်ပွန်ဇီအတွက် ဝင်လာတဲ့ငွေတွေက အမြတ်ငွေပြန်ပေးရတဲ့ငွေတွေထက် အဆမတန်ပိုများ နေပါတော့တယ်။
နောက်ဆုံး သူ့လုပ်ရပ်တွေကြောင့် စုံစမ်းစစ်ဆေးခံရပြီး အလိမ်ပေါ်လို့ ထောင်ချခံရတော့မှ ပွန်ဇီ လိမ်ကွက် တစ်ခန်းရပ်ခဲ့ရပါတယ်။ ရင်းနှီးမြှုပ်နှံထားတဲ့လူတွေလည်း စုစုပေါင်း ဒေါ်လာ သန်း ၂၀ လောက် ဆုံးရှုံးသွားခဲ့ရပါတယ်။
ပွန်ဇီ လိမ်ကွက်နဲ့ ခပ်ဆင်ဆင်လိမ်ကွက်တွေ နိုင်ငံတကာမှာ ရှိနေဆဲပါ။ အမြတ်အများကြီးကို ပုံမှန်ပေးနိုင်တယ်ဆိုပြီး ဆွယ်နေရင် ဒါ ပွန်ဇီ လိမ်ကွက်ဖြစ်ဖို့များပါတယ်။ သတိထားကြပါ။
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment