Sunday, November 1, 2020

မင်းသား​ယောင်​ဆောင်​ထားတဲ့ ဘီလူး






လူတစ်ယောက် လိမ်စား​​နေ​ပြန်ပါပြီ။

​ငွေ တစ်သိန်းခွဲလောက်​ ​အရင်း​အနှီး​ထည့်ရုံ​နဲ့ ၉ လကြာ​တဲ့​အခါ ၄၁ သိန်း​​ကျော်မြတ်ပါသ​တဲ့။ ​ငွေတစ်သိန်းခွဲလောက် ထည့်ထား​တာ​နဲ့ တစ်လကို ၄ သိန်း ခွဲ​​ကျော် မြတ်တယ်​​ပေါ့။

စဥ်းစားကြည့်ပါ။ ဖြစ်နိုင်လား၊ မဖြစ်နိုင်လားဆိုတာ။ ဒီလောက်မြတ်​တဲ့​အလုပ်မျိုး ကျွန်​​တော့်မှာ ရှိရင် ကျွန်​​တော် တစ်ယောက်တည်း ကျိတ်လုပ်မှာ​​ပေါ့။ ​​ငွေမလောက်ရင် ငွေချေးပြီး လုပ်မှာ​​ပေါ့။ လူမလောက်ရင် လူငှါးပြီး လုပ်မှာ​​ပေါ့။ လူ​တွေကို ​စေတနာရှိတယ်ဆိုရင်လည်း ရလာ​တဲ့​ငွေ​တွေကို လိုအပ်​တဲ့ ​နေရာ​တွေမှာ လှူလိုက်မှာ​​ပေါ့။ ခုလို လိုင်း​​ပေါ်က​နေ လူတစ်ယောက်ဆီက တစ်သိန်းခွဲ ​​တောင်းပြီး လုပ်​နေမှာ မဟုတ်ပါဘူး။

လုပ်​တဲ့​အလုပ်က ဒီလိုပါ​တဲ့။ အင်တာနက်​​ပေါ်က​​နေ ​စ​​တော့၊ ​ရေ​နံ၊ ရွှေ၊​အားကစား၊ ​အဝတ်​အ​ထည် စ​တဲ့ ဒေတာသတင်း​အချက်​အလက်​တွေကို ဝယ်ချင်​တဲ့သူ​တွေရှိတယ်။ ​​ရောင်းချင်​တဲ့ ကျွမ်းကျင်သူ​တွေရှိတယ်။ ဒီလူလိမ်က ကြားထဲက​နေ ​အမြတ်ယူပြီး တစ်ဆင့် ဝယ်ပေးရ​တဲ့သူပါ​တဲ့။ ဒီလိုဝယ်ပေး​တဲ့​အခါ ​အမြတ်ရပါသ​တဲ့။ ဒီလိုဝယ်​တဲ့​အခါ ​​ဒေါ်လာ ၅၀၀ လောက် ​အရင်စိုက်ထားဖို့လိုတာ​​ကြောင့် ဒီလို ရင်းနှီးမြှုပ်​နှံသူကို ရှာရတာပါ​တဲ့။ ​

နိုင်​ငံတကာမှာ ​ဒေတာ​အချက်​အလက်​တွေဝယ်​တဲ့လူ​တွေရှိတာ​​တော့ ​မှန်ပါတယ်။ ဒီလို ဒေတာ​တွေကို စိတ်ချရ​တဲ့ ​​အေဂျင်စီ​တွေဆီက​​​နေ ဝယ်ကြတာပါ။ ​ဒေတာရှိ​တဲ့ကုမ္ပဏီ​တွေဆီက ​​တိုက်ရိုက်ဝယ်ကြတာ များပါတယ်။ တစ်ဆင့်ဝယ်ခိုင်းမယ်ဆိုရင်​​တောင် ကမ္ဘာ့ နာမည်ကြီး စိတ်ချရ​တဲ့ အေဂျင်စီ​တွေ ကုမ္ပဏီ​တွေကတစ်ဆင့် ဝယ်ခိုင်းမှာပါ။ လူမသိသူမသိ လူတစ်ယောက်ကို​​တော့ ဘယ်သူကမှ တစ်ဆင့် လာဝယ်ခိုင်းကြမှာ မဟုတ်ပါဘူး။ ​

​​ဒေါ်လာ ၅၀၀ ရင်းတာ​နဲ့ ​အများကြီး မြတ်မယ်​တဲ့လား။ စဥ်းစားကြည့်ကြပါ။ ​အလုပ်က တစ်ဆင့်ဝယ်ပေး​တဲ့​အလုပ်​​နော်။ ဒေါ်လာ ငါးရာပဲ​တန်​တဲ့ ​ဒေတာကို တစ်ဆင့်​ပြန်ဝယ်ပေးရင် ​​​ဝန်​ဆောင်ခ ​​ဒေါ်လာနည်းနည်းပဲ ​ပြန်ရမှာပါ။ နှစ်ဆ သုံးဆ မြတ်တယ်ဆိုတာမျိုးက လုံးဝမဖြစ်နိုင်ပါဘူး။ ချင့်ယုံကြပါ။

သူ့​အ​​ကောင့်မှာ ပုံ​တွေတင်ထားတယ်။ တစ်ပုံက "မတွေ့တာကြာပြီဖြစ်တဲ့ ဘကြီးတော်နဲ့​" တဲ့။ မိသားစုပုံ​တွေလည်း တင်ထားတယ်။ သူငယ်ချင်း​တွေ​နဲ့ ရိုက်ထားတာ​တွေလည်း တင်ထားတယ်။ ရုပ်ရည်က​​တော့ ခပ်သန့်သန့်ပါပဲ။ လိမ်စား​မဲ့ ရုပ်မျိုး မဟုတ်ဘူး​​ပေါ့။

ကျွန်​​တော်က မသင်္ကာလို့ သူတင်ထား​တဲ့ပုံ​တွေကို လိုင်း​​ပေါ်မှာ တီးခေါက်ရှာ​ဖွေကြည့်​​တော့မှ သွား​​တွေ့လိုက်တာက သူ့ပုံ၊ သူ့မိသားစုပုံ စတာ​​တွေဟာ ဖိလစ်ပိုင်က ​အဆို​​တော် မင်းသား Aljur Abrenica ရဲ့ ပုံ​တွေ ဖြစ်​နေတာပါပဲ။ ဒါကို လူလိမ်က သူတို့မိသားစုလိုလို ဘာလိုလို​နဲ့ ပုံမှားရိုက်ထားတာပါ။

ကဲ ​အလိမ်​​ပေါ်ပြီ။ ​အ​​ကောင့်တု​နဲ့ လုပ်စား​နေတာ။ မင်းသား ​ယောင်​ဆောင်​ထားတဲ့ ဘီလူး​​ပေါ့ဗျာ။

🎵 ဘီလူး တ​စ္ဆေ သရဲ လူလိမ် ပြိတ္တာ ​အကုန်လစ်
🎵 မ​​ကောင်းဆိုးဝါး ​အကုန်လစ်
🎵 နဂါးမျက်​​စောင်း​နဲ့ ထိုးသလို ပြာကျပြီး ​အမှုန်ဖြစ်
🎵 ဒိုးလိုက်​​တော့ ငရဲပြည်ကို ​ခြေစုံပစ်။

ဆက်​လက်​၍ ဖတ်​ရန် 
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment