ကိုသီဟ ခင်ဗျား
ကျွန်တော်ရေးထားတဲ့ "မင်းသားယောင်ဆောင်ထားတဲ့ ဘီလူး" ပို့စ်လေးရဲ့ အောက်မှာ မှတ်ချက်တွေ ပေးထားတာ တွေ့လို့ ဒီ အိတ်ဖွင့်ပေးစာကို ရေးရပါတယ်။
ကိုသီဟက အပြောနဲ့မဟုတ်ပဲ အလုပ်နဲ့ပဲ သက်သေပြချင်တယ်လို့ ပြောခဲ့တယ်နော်။ ဟုတ်ကဲ့။ ကျွန်တော့်ကို အလုပ်နဲ့ သက်သေပြပေးပါ။ အောက်မှာရေးထားတဲ့ အချက်လေးတွေကို လုပ်ပြပေးပါ။ ကိုသီဟဟာ လူလိမ်မဟုတ်ပဲ အမှန်အကန် သမာအာဇီဝကျကျ အလုပ်လုပ်စားနေတယ်လို့ ကျွန်တော့်ကို ယုံကြည်အောင် အောက်မှာ တောင်းဆိုထားတဲ့ အချက်တွေကို သက်သေပြနိုင်ရင် ကျွန်တော် ကိုသီဟကို ဒီပေ့ချ်ကနေ လူသိရှင်ကြား ပြန်တောင်းပန်ပါ့မယ်။
———————————
(၁) အကောင့်တု ပြဿနာ
———————————
ကိုသီဟရဲ့ လက်ရှိ အကောင့်ဟာ နိုင်ငံခြား မင်းသားပုံကို ကိုယ့်ပုံလိုလိုနဲ့ ပုံမှားရိုက်ထားတဲ့ အကောင့်တုကြီးလို့ ကျွန်တော် စွပ်စွဲခဲ့ပါတယ်။ ဒါကို အရင် ဖြေရှင်းပေးပါ။
ကိုသီဟဆိုတဲ့ နာမည်တောင် အမှန် ဟုတ်ရဲ့လား။
ဒီတော့ အကောင့်တု မဟုတ်ဘူးဆိုရင် အကောင့်အနေ live လွှင့်ပြပါ။ စကားပြောပြပါ။ မှတ်ပုံတင် ထောင်ပြပါ။ မှတ်ပုံတင် နံပါတ်အချို့နဲ့ မွေးနေ့ကို ကိုယ်ရေးကိုယ်တာ အချက်အလက်မို့ ကွယ်ထားလို့ရပါတယ်။ အဓိက က အပြင်ကရုပ်ရယ်၊ မှတ်ပုံတင်ထဲက ရုပ်ရယ်၊ နာမည်ရယ်ကို ဟုတ်မဟုတ် အတည်ပြု စစ်ဆေးချင်တာပါ။ (ကိုသီဟဆီမှာ ငွေထည့်ထားတဲ့သူတွေကိုတော့ မှတ်ပုံတင်နံပါတ်ကို ပေးထားပါ။ ဒါမှ လိမ်ပြေးရင် သူတို့ ရဲတိုင်လို့ရမှာ။)
Live လွှင့်နေရင်း နောက်တစ်ဆင့်အနေနဲ့ အဲဒီ မှတ်ပုံတင်ထဲမှာပါတဲ့ နာမည်နဲ့ SFU၊ MIU၊ King’s Business Club တို့မှာ ကျောင်းတက်ဖူးတဲ့ အကြောင်း စာရွက်စာတမ်း အထောက်အထားပြပါ။ ကိုသီဟရဲ့ အကောင့်မှာ ဒီကျောင်းတွေ တက်ထားဖူးတယ်လို့ ရေးထားတာကိုး။ နာမည်အရင်း သိရတာနဲ့ အဲဒီ university တွေကို ဆက်သွယ်ပြီး ကိုသီဟ ဒီကျောင်းတွေမှာ တစ်ကယ်တက်ခဲ့လား မတက်ခဲ့လား စုံစမ်းလို့ ရပါတယ်။
လူလိမ်တွေဟာ ဒီလိုပဲ အကောင့်တုတွေနဲ့ လှုပ်ရှားတတ်ပါတယ်။ အကောင့်တုနဲ့ စာဖတ်တာ၊ မှတ်ချက်ဝင်ရေးတာကို ဘာမှ မပြောလိုပေမဲ့ အကောင့်တုနဲ့ ငွေထည့်ဖို့ ဖိတ်ခေါ်ရင်တော့ လူလိမ်လို့ပဲ ပြောပါရစေ။
ကျွန်တော်လည်း ကိုယ်ထင်မပြပဲ ပေ့ချ်ထောင်ထားတာပဲလို့ ကပ်မပြောပါနဲ့။ ကျွန်တော် ဘယ်သူ့ဆီကမှ ငွေယူထားတာ မရှိပါဘူး။ အသိပညာ မျှဝေနေတာပါ။ ဒါကြောင့် ကျွန်တော် မျက်နှာပြတာ မပြတာက အရေးမကြီးပဲ သူများတွေဆီက ငွေယူထားတဲ့ ကိုသီဟကတော့ မျက်နှာပြဖို့၊ အရေးကြီးပါတယ်။
မျက်နှာပြပြီးတော့ ပြောင်လိမ်ပြောင်စားတွေများလှတဲ့ခေတ်မှာ မျက်နှာတောင် မပြပဲ ငွေလိုက်တောင်းနေတဲ့လူက ဘယ်လိုလူမျိုးဖြစ်မလဲ စဥ်းစားကြည့်ပေါ့ ခင်ဗျာ။
—————————————
(၂) လုံလောက်တဲ့အချိန် တစ်ခု
—————————————
ကိုသီဟက "လကုန်အထိ ဒီ အကောင့်ကို ဆက်စောင့်ကြည့်ပါဦးခင်ဗျာ၊ ဒါကြောင့် အားလုံးအတွက်အဖြေက ဒီလကုန်လာမယ်" လို့ ပြောတယ်နော်။
ဒီလကုန်မှာ အမြတ်ပြနိုင်ပြီး ငွေအပ်ထားတဲ့သူတွေအတွက် အမြတ်တွေ ခွဲဝေပေးနိုင်ရင်ပဲ ကျွန်တော်က ကိုသီဟကို လူလိမ်မဟုတ်ဘူးလို့ အသိအမှတ် ပြုပေးရမယ်ပေါ့။ ဟဟ။ ဒါတွေ တောမှာ သွားပြောပါ။
လကုန်လို့ အမြတ်တွေပေးနိုင်တာနဲ့ပဲ ကျွန်တော်က တောင်းပန်ရမတဲ့လား။ ဟဟပဲရမယ်။ ကိုသီဟ လူလိမ်ဟုတ်မဟုတ် ကျွန်တော်က ၂ နှစ် စောင့်ကြည့်မှာပါ။
နိုင်ငံတကာမှာ လူလိမ်တွေဟာ နှစ်နဲ့ချီပြီး လိမ်ကြတာ။ အချို့ဆို နှစ် ၂၀ ကျော်ကြာတဲ့အထိ အလိမ်မပေါ်အောင် ပိပိရိရိ လိမ်ကြတာ။ မယုံရင် Google မှာ “Madoff scam” ဆိုပြီး ရှာကြည့်လိုက်ပါ။
"လူအချို့ဆီက ငွေလည်း ရပြီ။ လိမ်ချင်ရင် အကောင့်ပိတ်၊ ဖုန်းပိတ်လိုက်တော့မှာပေါ့" လို့ ပြောချင်သေးလား။
ဒီလို လုပ်လိုက်ရင် နည်းနည်းပဲ စားရမှာပေါ့။ အချီကြီး စားချင်တဲ့သူတွေက ချူဆီလေးအရင်ထည့်တယ် ခင်ဗျ။
အရင်ဆုံး လူအနည်းစုကို သိမ်းသွင်းမယ်။ အမြတ်ငွေတွေ အရင်ခွဲပေးမယ်။ ဒါ ပထမ အဆင့်ပဲ။
ဒီလိုခွဲပေးလိုက်တာနဲ့ လူတွေက ယုံလာကြပြီ။ ငွေထည့်ချင်တဲ့ လူပိုများလာပြီ။ ငွေတွေအများကြီး ထည့်ချင်တဲ့ သူတွေရှိလာပြီ။
ဒီလိုဖြစ်လာတော့မှ နောက်ထပ်ရောက်လာတဲ့ လူတွေဆီက ငွေတွေနဲ့ အရင်လူတွေကို အမြတ်အနေနဲ့ပြန်ခွဲပေးမယ်။ ဒါ ပွန်ဇီ လိမ်ကွက်ပဲ။ အချီကြီး လိမ်စားကြတဲ့ လူတွေရဲ့ အကွက်။
ပွန်ဇီလိမ်ကွက် မဟုတ်ပါဘူးလို့ ကျွန်တော်ယုံအောင် သက်သေပြချင်လား။ လွယ်လွယ်လေးပါ။ အရင်ဆုံး ကိုသီဟဆီမှာ ငွေထည့်ထားတဲ့ ၁၅ ယောက်ရဲ့ အကောင့်တွေကို ပွင့်လင်းမြင်သာမှုရှိအောင် စာရင်းချပြပါ။ ၂ နှစ်အတွင်း ဒီ ၁၅ ယောက်အပြင် လူသစ် ထပ်မခေါ်ပါနဲ့။ ဒီလူ ၁၅ ယောက်ကိုလည်း မူလထည့်ထားတဲ့ ငွေရင်း တစ်သိန်းခွဲကလွဲလို့ ထပ်မထည့်ခိုင်းပါနဲ့။ လစဥ်အမြတ် ပုံမှန်ထုတ်ပေးပါ။ အမြတ်ငွေတွေနဲ့ ဒီအမြတ်ငွေတွေ ဘယ်လိုရလာသလဲဆိုတဲ့ စာရင်းအသေးစိတ်ကို ပွင့်လင်းမြင်သာအောင် ပုံမှန် ရှင်းတမ်းထုတ်ပါ။
ဒီ ၂ နှစ်အတွင်း ကျွန်တော် စောင့်ကြည့်မယ်။ ကိုသီဟ အနေနဲ့ လူသစ်ထပ်ခေါ်တယ်၊ ငွေထပ်တောင်းတယ်ဆိုရင် ဒါဟာ ပွန်ဇီလိမ်ကွက်နဲ့ ကွက်တိပဲမို့ လူလိမ်လို့ပဲ ပြောပါရစေ။ ငွေထည့်ချင်တဲ့လူအယောက် ၅၀ ထဲကနေ ၁၅ ယောက်ပဲ လက်ခံတာလို့ ကိုသီဟ ကိုယ်တိုင်ပြောခဲ့တာနော်။ ဒီ လက်ရွေးစင် ၁၅ ယောက်နဲ့ပဲ၂ နှစ်တိတိ ရှေ့ဆက်သွားပြပါ။
တစ်လလောက်နဲ့ တက်မလာနဲ့၊ တောက်ချပစ်လိုက်မယ်။ ၂ နှစ်လောက် သက်သေပြနိုင်မှ ယုံမယ်။ ဒီကြားထဲ လူသစ် ထပ်မခေါ်ကြေး၊ ငွေထပ်မတောင်းကြေးနော်။ လူသစ်ထပ်ခေါ်ပြီး ငွေတွေထပ်ရနေရင်တော့ ပွန်ဇီလိမ်ကွက်နဲ့ နှစ်ပေါင်းများစွာ လုပ်စားနေလို့ရတယ်။
——————————
(၃) လုပ်ငန်း အကြောင်း
——————————
ဒီလုပ်ငန်းမျိုးက ငွေ ဒီလောက်ရနိုင်တယ်ဆိုတာကို ကျွန်တော် မယုံပါဘူး။ ဒီလို လုပ်ရည်ကိုင်ရည်ရှိတဲ့သူတွေဟာ အကောင့်တုနဲ့ မဆွယ်ပါဘူး။ ကုမ္ပဏီအနေနဲ့ တင့်တောင့်တင့်တယ် ရှိနေမှာပါ။
ဒီပေ့ချ် CB ဖွင့်ထားပါတယ်။ ကျွန်တော့်ကို ဆက်သွယ်ပြီး လာရှင်းပြပေးဖို့ ဖိတ်ခေါ်ပါရစေ။ လူတွေအများကြီးကို တစ်ယောက်ချင်းစီ စိတ်ရှည်လက်ရှည် ရှင်းပြပေးနေတယ်လို့ ကိုသီဟ ပြောခဲ့တာပဲ။ ကျွန်တော့် တစ်ယောက်ကို ပိုရှင်းပြရတော့ရော ဘာအရေးလဲ။
ကျွန်တော်က နှိုက်နှိုက်ချွတ်ချွတ် မေးမှာပါ။ ဂဃနဏ မဖြေနိုင်ရင်တော့ လူလိမ်လို့ပဲ သတ်မှတ်ရပါလိမ့်မယ်။ ရေရာ သေချာတဲ့ လုပ်ငန်းဆို ကျွန်တော်ကိုယ်တိုင် ငွေထည့်ပါမယ်။ ကျွန်တော် ကိုသီဟဆီမှာ ငွေထည့်ထားကြောင်းကိုလည်း ဒီပေ့ချ်မှာ အားလုံးသိအောင် ကြေညာမောင်းခတ်ပေးပါ့မယ်။
——————
(၄) စိန်ခေါ်ပြီ
——————
ကဲ တည့်ပဲ စိန်ခေါ်ပါရစေ။ ကျွန်တော့် ပေ့ချ်ကို ဝင်ဖတ်နေတဲ့ လူတွေကို ကိုသီဟရဲ့ လူခေါ် ပို့စ် နှစ်ခုကို လမ်းညွှန်ပေးပါ့မယ်။ သူတို့ ယုံရင် သူတို့ ငွေထည့်ကြလိမ့်မယ်။
(ကဲ စာဖတ်သူများခင်ဗျာ။ ဒီမှာ ကိုသီဟ ဆိုတဲ့လူက ငွေထည့်ပါလို့ လိုက်ဆွယ်နေတယ်။ ချင့်ချင့်ချိန်ချိန် သေချာဖတ်ကြည့်ပြီး ယုံသင့် မယုံသင့် ဆုံးဖြတ်ကြပါ။ သူရဲ့ ပို့စ် နှစ်ခုက ဒီမှာပါ။ ယုံရင်လည်း ငွေထည့်ချင်ကြောင်း၊ မယုံရင်လည်း မယုံတဲ့အကြောင်းကို ကိုသီဟရဲ့ပို့စ်တွေအောက်မှာ သွားဝင်ရေးပေးကြပါဦး ခင်ဗျာ။)
1. https://www.facebook.com/groups/276550812855372/permalink/848756725634775/
2. https://www.facebook.com/100034090971743/posts/252108502602180
(အကောင့် https://www.facebook.com/profile.php?id=100034090971743)
ကဲ ကိုသီဟရေ ကျွန်တော်ကတော့ ပွင့်လင်းမြင်သာမှုရှိအောင် ကိုသီဟရဲ့ ပို့စ်လေးတွေကို လမ်းညွှန်ပေးပြီးသွားပြီ။
သွေးမနည်းဘူးဆိုရင် ကျွန်တော်ရေးထားတဲ့ ပို့စ်နှစ်ခု (ဒီပို့စ်ရယ်၊ "မင်းသားယောင်ဆောင်ထားတဲ့ ဘီလူး" ပို့စ်ရယ်) ကို ကိုသီဟရဲ့ အသိုင်းအဝိုင်းက လူတွေ ပွင့်လင်းမြင်သာမှုရှိရှိ မြင်ရအောင် ကိုသီဟ ရေးတင်တဲ့ ပို့စ်ထဲမှာ link လေးတွေထည့်ပြီး ရေးရဲလားလို့ တိုက်ရိုက် စိန်ခေါ်ပါရစေ။
တော်သေးပြီ။ (ဒါတောင် ဒီလို ရှယ်ယာခေါ်တာမျိုးက တရားမဝင်ကြောင်း၊ တိုင်လို့ရကြောင်း မပြောရသေးဘူး။)
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
Sunday, November 1, 2020
ကိုသီဟသို့ အိတ်ဖွင့်ပေးစာ
Subscribe to:
Post Comments (Atom)
လူလိမ်လား လူကောင်းလား
ဒီနေ့တော့ ကျွန်တော် ပဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ပေ့ချ်တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...
-
လိုင်းပေါ်မှာ စီးပွားရေး ပန္နက် (Business Plan) ရေးဆွဲနည်းသင်တန်းတွေ ကြော်ငြာနေတာတွေ့ရပါတယ်။ သင်တန်းကြေးတွေကလည်း မနည်းလှပါဘူး။ သင်တန်းပေ...
-
မနေ့က ဘိုးတော် ပိုးစုန်းကြူး အကြောင်းရေးတာ မြန်မာနိုင်ငံမှာ လိမ်ခဲ့ကြတဲ့ လိမ်နည်းတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ရုံသာမက Cryptocurrency လို့ခ...
-
ခုခေတ် ကျွန်တော်တို့ အများစုမှာ လက်ကိုင်ဖုန်းတွေကိုယ်စီ ရှိကြပါတယ်။ နောက်ဆုံးပေါ် ဖုန်းသစ်လေးတွေကို မြင်ရင် လိုချင်တဲ့ စိတ်လေးတွ...
No comments:
Post a Comment