လိုင်းပေါ်မှာ နာမည်ကျော်ကြား လူသိများလာရင် ဝင်ငွေရပေါက်ရလမ်းတွေ ပွင့်လာတတ်ပါတယ်။
လူသိများတဲ့ အချို့ ဆယ်လီတွေ (Influencer အင်ဖလူရန်ဇာတွေ) ဟာ သူတို့ပေ့ချ်တွေမှာ ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှု တစ်ခုခုကို ကြော်ငြာပေးရင် ငွေသိန်းပေါင်း ဆယ်ဂဏန်းကနေ ရာဂဏန်းထိ ရတတ်ကြပါတယ်။
လူတိုင်းတော့မရပါဘူး။ အရမ်းပေါက်သွားတဲ့ ဆယ်လီတွေမှ ရတာပါ။ ပေ့ချ်မှာ Follower (ဖော်လိုဝါ) များပြီး Like, Comment နဲ့ Share များလေလေ ကြော်ငြာခ ငွေတောင်းလို့ ကောင်းလေလေပါပဲ။ လုပ်ငန်းရှင်တွေကလည်း ပျော်ပျော်ကြီး ပေးကြပါတယ်။ ဒီခေတ်မှာ သူတို့ ကြော်ငြာပေးတာက ပိုပြီး ထိရောက်တာကိုး။
ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဖော်လိုဝါ မတိုး၊ Like နည်းပြီး ဝင်ငွေမရတဲ့ ပေ့ချ်တွေလည်း ဒုနဲ့ဒေးပါပဲ။ အချို့ဆို ဖော်လိုဝါတွေ သိန်းကျော်၊ သန်းကျော် ရှိနေပြီးမှ လူတွေ စိတ်ဝင်စားမှု ပြန်လျော့သွားလို့ Like တွေ နည်းသွားတာမျိုးတွေလည်း တွေ့ရတတ်ပါတယ်။
ပေ့ချ်တစ်ခု အောင်မြင်လာတဲ့အခါ ရလာနိုင်တဲ့ ဝင်ငွေရပေါက်ရလမ်းတွေကို ဒီဆောင်းပါးမှာ ရှင်းပြခဲ့ပြီးပါပြီ။
ပိုးစုန်းကြူးပေ့ခ်ျ ငွေဝင်လား https://www.facebook.com/fireflypsk/posts/157759885562295/
ကျွန်တော့်ကို မကြာခဏ လာမေးကြတဲ့ မေးခွန်းလေးတစ်ခု ရှိပါတယ်။
"ပိုးစုန်းကြူးလို အောင်မြင်တဲ့ ပေ့ချ်လေးဖြစ်အောင် ဘယ်လို လုပ်ရမလဲ" ဆိုတဲ့ မေးခွန်းလေးပါ။
အရင်ဆုံး ရှင်းပြချင်တာက ကျွန်တော့်ပေ့ချ်ဟာ တစ်နှစ်သားကျော်ကျော်ပဲ ရှိပါသေးတယ်။ ဖော်လိုဝါ သန်းနဲ့ချီ၊ ကုဋေနဲ့ချီတဲ့ ပေ့ချ်တွေ နဲ့ ယှဉ်လိုက်ရင် ပါမွှားလေးပါ။ အောင်မြင်နေပြီလို့ ပြောဖို့ စောပါသေးတယ်။
အချို့သော ပေ့ချ်တွေဟာ လအနည်းငယ်အတွင်း တစ်ဟုန်ထိုးပေါက်သွားတတ်ကြပါတယ်။
အထူးသဖြင့် လူစိတ်ဝင်စားတတ်တာတွေက အတင်းအဖျင်း သတင်းတွေပါ။ လက်ရှိမှာ ဘယ်သူ ဆယ်လီဖြစ်နေလဲ။ သူ့နောက် လိုက်ပြီး အင်တာဗျူးရင် အိုကေပြီ။ ဘယ်သူ့မှာ အရှုပ်ထုတ်တွေရှိနေလဲ။ ဒါတွေကို ဖော်ထုတ်။ ဒါမျိုးလေးတွေဆို အပေါက်မြန်ပါတယ်။ မလုံ့တလုံဝတ်ပြီး TikTok ဆော့ပြရင်လည်း လူကြိုက်များတတ်ပါတယ်။ လူဆဲချင်စရာတွေ ရွေးပြော၊ ရွေးရေး၊ ရွေးလုပ်ရင်း ပေါက်နေတဲ့သူတွေလည်း ရှိပါတယ်။ လူတွေကို ထိုင်ဆဲရင်း နာမည်ကြီးသွားတဲ့သူတွေ ရှိသလို ရူးတူးတူး ပေါတောတောတွေလုပ်ရင်း လူသိများလာတဲ့သူတွေလည်း ရှိပါတယ်။
ဘာပဲဖြစ်ဖြစ် ပေ့ချ်တွေ မှိုလိုပေါက်နေတဲ့ ဒီခေတ်ကြီးမှာ ဖောက်ထွက်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူသိများလာဖို့တော့ ခက်နေပါပြီ။ အထူးသဖြင့် ကျွန်တော်တို့လို ပျင်းစရာကောင်းတဲ့ ပညာပေးတွေ ရေးနေပြောနေတဲ့သူတွေအတွက် ပေါက်ဖို့ ပိုခက်ပါတယ်။
ဒါပေမဲ့လည်း ပိုးစုန်းကြူးပေ့ချ်လေးဟာ သူ့အတိုင်းအတာနဲ့သူတော့ ပုံမှန်လေးသွားနေပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆို လူသိနည်းသေးပေမဲ့ ကျွန်တော် ထင်ထားတာထက် ခရီးပေါက်နေပါပြီ။
ကျွန်တော်ဟာ ဖေ့စ်ဘွတ်ခ်ပေ့ချ်ထောင်တာနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတစ်ယောက်တော့မဟုတ်ပါဘူး။ ပိုးစုန်းကြူးပေ့ချ်မတိုင်ခင်ကလည်း ဘယ်ပေ့ချ်မှ မထောင်ဖူးပါဘူး။ သင်တန်းလည်း မတက်ခဲ့ပါဘူး။
ကျွန်တော် ရေးတဲ့ဆောင်းပါးတွေ ဘယ်ဂျာနယ် ဘယ်မဂ္ဂဇင်းမှာမှ မပါဖူးပါဘူး။ ဝတ္ထုတို နှစ်ပုဒ်နဲ့ ကဗျာအချို့ကလွဲပြီး ကျန်တဲ့ ဆောင်းပါးတွေဟာ ပေ့ချ်ထောင်ပြီးမှ ရေးဖြစ်ခဲ့တာပါ။
ဗီဒီယိုလေးတွေကိုလည်း အရင်က မဖန်တီးဖူးပါဘူး။ ဒီနှစ်မှ YouTube ကနေ အခမဲ့ သင်ယူလေ့လာပြီး စမ်းလုပ်ဖြစ်ခဲ့တာပါ။
ဒီလိုပဲ ဝါသနာနဲ့ စေတနာကို အရင်းခံပြီး စမ်းတဝါးဝါးနဲ့ စခဲ့တာပါ။ ဒီလို စလုပ်ဖြစ်ရင်း တစ်နှစ်အတွင်း ရခဲ့တဲ့ အတွေ့အကြုံတွေကတော့ အများကြီးပါ။
ပေ့ချ်တစ်ခု ဖွင့်ဖို့ စဥ်းစားနေတဲ့သူတွေအတွက် ပထမဆုံး ပေးချင်တဲ့ အကြံဉာဏ်ကတော့ အများကြီး သိပ်တွေးမနေပဲ လုပ်ဖြစ်အောင်သာ စလုပ်လိုက်ပါ။
ကျွန်တော် ဒီပေ့ချ်လေးကို လုပ်မယ်လုပ်မယ်နဲ့ စဥ်းစားနေလိုက်တာ လအနည်းငယ်ကြာသွားပါတယ်။ ရင်းနှီးတဲ့သူ တစ်ယောက်တစ်လေကိုပြောပြတော့လည်း "ဒီလိုစာမျိုးတွေကို လူတွေ စိတ်ဝင်တစား ဖတ်ကြမှာ မဟုတ်ပါဘူး" လို့ပြောတဲ့သူရှိသလို "ငွေရေးကြေးရေး ပညာပေးတွေ ပြောပေး ရေးပေးနေတဲ့ ပေ့ချ်တွေရှိနေပြီ၊ ခုမှဝင်ရင် နောက်ကျသွားပြီ" လို့ ပြောတဲ့သူလည်း ရှိပါတယ်။
ချီတုံချတုံ ဆက်တွေးနေရင် ခုချိန်ထိ လုပ်ဖြစ်ဦးမှာ မဟုတ်ပါဘူး။ ခုတော့ တစ်နှစ်ကျော်ကျော်မှာ အတော် ခရီးပေါက်နေပါပြီ။ ငွေရေးကြေးရေး ပညာပေးပေ့ချ်တစ်ခုအနေနဲ့ မဆိုးလှတဲ့ အခြေအနေဖြစ်နေပါပြီ။
ငွေကြေးအတွက်လုပ်တာမဟုတ်သလို Like တွေလိုချင်လို့ လုပ်နေတာလည်း မဟုတ်ပေမဲ့ Like များတယ်ဆိုတာ (ကျွန်တော့် ပေ့ချ်အတွက်တော့) လူတွေကို ဘယ်လောက်အကျိုးပြုတယ်ဆိုတဲ့ ပေတံတစ်ချောင်းပါ။ တစ်ကယ်လို့သာ ကျွန်တော် ရေးသမျှ ဖတ်တဲ့သူ တစ်ယောက်မှ မရှိရင် ဆက်ရေးဖြစ်မှာ မဟုတ်ပါဘူး။ (အသံလုံ အခန်းထဲမှာ ရင်ကွဲအောင် အော်နေလည်း ဘယ်သူမှ ကြားမှာမဟုတ်တဲ့အတွက် ဆက်အော်နေရင်လည်း အချည်းနှီးပါပဲ။ အချည်းနှီးအလုပ်ကိုတော့ ကျွန်တော် မလုပ်ချင်ပါဘူး။)
ခေတ်သစ်ငွေရှာနည်း တစ်ရပ်အနေနဲ့ ငွေရှာချင်လို့ ပေ့ချ်ထောင်ချင်တဲ့ သူတွေ၊ ဝါသနာပါလို့ စာရေးချင်၊ ဗီဒီယိုလေးတွေ ဖန်တီးချင်တဲ့သူတွေ၊ လူတွေကို ကိုယ်သိထားတတ်ထားတာလေးတွေကို အခမဲ့ မျှဝေချင်တဲ့ သူတွေအတွက် ရည်ရွယ်ပြီး ကျွန်တော့်ရဲ့ ပေ့ချ်ထောင်ခဲ့တဲ့အတွေ့အကြုံတွေ၊ ပေ့ချ်လေးတစ်ခု လူသိများလာဖို့ လုပ်သင့်လုပ်ထိုက်တာလေးတွေကို အလျင်းသင့်သလို ဆောင်းပါးလေးတွေရေးပြီး ပြန်လည်မျှဝေသွားပါဦးမယ် ခင်ဗျာ။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
Sunday, September 27, 2020
ခေတ်သစ် ငွေရှာနည်း
Subscribe to:
Post Comments (Atom)
လူလိမ်လား လူကောင်းလား
ဒီနေ့တော့ ကျွန်တော် ပဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ပေ့ချ်တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...
-
လိုင်းပေါ်မှာ စီးပွားရေး ပန္နက် (Business Plan) ရေးဆွဲနည်းသင်တန်းတွေ ကြော်ငြာနေတာတွေ့ရပါတယ်။ သင်တန်းကြေးတွေကလည်း မနည်းလှပါဘူး။ သင်တန်းပေ...
-
မနေ့က ဘိုးတော် ပိုးစုန်းကြူး အကြောင်းရေးတာ မြန်မာနိုင်ငံမှာ လိမ်ခဲ့ကြတဲ့ လိမ်နည်းတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ရုံသာမက Cryptocurrency လို့ခ...
-
ခုခေတ် ကျွန်တော်တို့ အများစုမှာ လက်ကိုင်ဖုန်းတွေကိုယ်စီ ရှိကြပါတယ်။ နောက်ဆုံးပေါ် ဖုန်းသစ်လေးတွေကို မြင်ရင် လိုချင်တဲ့ စိတ်လေးတွ...
No comments:
Post a Comment