"ကိုယ် မလိုအပ်တဲ့အရာတွေကို ကိုယ့်မှာမရှိတဲ့ ပိုက်ဆံတွေနဲ့ ကိုယ် မနှစ်သက်တဲ့လူတွေ အထင်ကြီးအောင် ဝယ်နေကြတာပါ။"
၁၉၉၉ ခုနှစ်မှာ ရုံတင်ခဲ့တဲ့ Fight Club ရုပ်ရှင် ဇာတ်ဝင်ခန်းတစ်ခုမှာ ပြောခဲ့တဲ့ နာမည်ကြီး စကားလေးပါ။ အမှန်ကတော့ အလားတူစကားမျိုးကို အမေရိကန်မှာ ၁၉၂၈ ခုနှစ်ထဲက Robert Quillen ကပြောခဲ့တာပါ။ မှတ်သားထိုက်တဲ့ စကားတစ်ခွန်းပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ လူဆိုတာမျိုးက အကြွား ခပ်သန်သန်ရယ်ပါ။ အကောင်းစားဆိုင်တွေမှာ စားနိုင်သောက်နိုင်တာကို ကြွားချင်တယ်။ အဆင့်မြင့် အိမ်တွေ၊ ကွန်ဒိုတွေ၊ ဟိုတယ်တွေမှာ နေနိုင်တာကိုကြွားချင်တယ်။ ဈေးကြီးတံဆိပ်နှိပ် အသုံးအဆောင်တွေ ဝယ်နိုင်တာကို ကြွားချင်တယ်။ ခရီးထွက်နိုင်တာကို ကြွားချင်တယ်။ အဝတ်အစား လက်ဝတ်ရတနာ တွေကို ကြွားချင်တယ်။ ဖုန်းအကောင်းစား၊ ကားအကောင်းစားကိုလည်း ကြွားချင်ကြပါတယ်။ ကိုယ် ကြီးပွားနေတာကို လူတွေကို သိစေချင်တယ်။ ကိုယ့်မှာ တကယ်ရှိတာထက် ပိုရှိတယ်လို့ လူအထင်ကြီးခံချင်ကြတယ်။
တစ်ယောက်က ရှေ့ကကြွားပြရင် နောက်တစ်ယောက်က အားကျမခံ ပိုကြွားပြချင်တယ်။ "ဝ" မရှိပဲ လူတွေကို "ဝိ" ပြချင်တယ်။ ဒီတော့ ရေရှည်မှာ ဘာဖြစ်လဲ။ ဟုတ်ကဲ့ ခွေးဖြစ်တာပေါ့ ခင်ဗျာ။
ခုခေတ် ဖေ့စ်ဘွတ်ခ် (Facebook)၊ အင်စတာဂရမ် (Instagram) စတဲ့ လူမှုကွန်ရက်တွေ ပေါ်လာတော့ ပိုဆိုးပါတယ်။ လိုင်းပေါ်တက်ကြွားကြသူတွေများတော့ အားကျမခံ ပြန်ကြွားချင်ကြပါလေရော။
ပေါ်ပင်မှာ ပျော်ရွှင်၊ ကြွားတာမှာ အားသာနေတော့ ရတဲ့ ဝင်ငွေလေးတွေဟာ စုမိဆောင်းမိတယ်မရှိပဲ ပလုံတဲ့ အပြင် အကြွေးပါတင်လိုက်သေး။
ကျွန်တော့် သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ လခရတိုင်း တစ်လကို တစ်မျိုး မရိုးရအောင် ပစ္စည်းတွေဝယ်ပြီး ကြွားပါတယ်။ ရသမျှ ဝင်ငွေ ဘယ်တော့မှ ပိုတယ်မရှိပါဘူး။ အရေးပေါ် လိုရင် ကျွန်တော်တို့ဆီက ပြန်ချေးသုံးရပါတယ်။ အခု ကျွန်တော် အေးအေးဆေးဆေး ငွေသခင်ဖြစ်နေချိန်မှာ သူကတော့ ဒုံရင်းက ဒုံရင်း ငွေကျွန်ဖြစ်နေတုန်း။ ရုန်းကန်နေရတုန်း။
လောလောဆယ်မှာ သူများတွေရဲ့ အထင်ကြီးတဲ့မျက်လုံးတွေနဲ့ ကြည့်တာ ခံရဖို့အတွက် ကိုယ့်ရဲ့ နောင်ရေး တစ်ခုလုံးကို စတေးသလို ဖြစ်နေရတာကို ဆင်ခြင်ကြစေလိုပါတယ်။ နောင်မှာ "အထည်ကြီးပျက်" လို့ အခေါ်ခံချင်ရင်တော့ ဆက်ကြွားကြပါ။ စုထား ဆောင်းထားတာ မရှိလို့ နောင်တစ်ချိန် ဒုက္ခရောက်တဲ့အခါ အဲဒီ အထင်ကြီးတဲ့ မျက်လုံးတွေက အထင်သေးတဲ့ မျက်လုံးတွေ ဖြစ်လာမှာ မလွဲပါပဲ။
တစ်ခုခုကိုမဝယ်ခင်မှာ မသုံးခင်မှာ ကြွားချင်တာလား၊ တကယ်လိုအပ်လို့လား၊ အသုံးလား၊ အဖြုန်းလား ဆိုတာ သေချာ ချင့်ချိန်သင့်ပါတယ်။
ငွေသခင် ဖြစ်ချင်ရင်တော့ အကြွားကို လျှော့ပါ။ ငွေသခင် တကယ်ဖြစ်သွားမှ ကြွားချင်ကြွားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment