နှစ်လုံးသုံးလုံး ချဲထီထိုးတယ် ဆိုရင်တော့ ငွေသခင်ဖြစ်ဖို့ ဝေးနေသေးတယ်လို့ ပြောပါရစေ။
"အို ချဲပေါက်မှ ငါတို့ ဘဝ ချမ်းသာလာမှာပေါ့ကွ။ ချမ်းသာစရာ အခြားနည်းမှ မရှိတာ" လို့ စောဒကတက်ချင်လည်း တက်နိုင်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ချဲထိုးပြီး ချမ်းသာသွားတဲ့ သူဘယ်နှစ်ယောက်များရှိလို့လဲ ဆိုတာ ကြည့်ပြီးမှ စောဒက တက်ပါတော့ ခင်ဗျာ။
တစ်မြို့လုံးနီးပါး ချဲထီနဲ့မကင်းတဲ့ နယ်မြို့လေးမှာ ကျွန်တော့်ကိုမွေးပါတယ်။ လောင်းကစားဆိုတာ ဥပဒေနဲ့မကင်းတဲ့ အရာပါလားလို့တောင် သိဖို့ခဲယဉ်းရလောက်အောင် လူတိုင်း ချဲထီနဲ့ ယဉ်ပါးနေကြတဲ့ မြို့လေးပါ။ ထိုးသူ၊ ရောင်းသူ၊ ဒိုင်ကိုင်သူ တွေနဲ့ စည်ကားလှပါတယ်။
ဈေးဖိုးလေးကိုင်ပြီး ထိုးကြတယ်။ မပေါက်ရင် ရေသောက် ဗိုက်မှောက်၊ ဒါမှမဟုတ် နေ့ပြန်တိုးနဲ့ ချေးစားပေါ့။ ပေါက်ရင်တော့ ဟင်းကောင်းလေးဝယ်စား၊ နောက်နေ့အတွက် အောဖို့ တုတ်ရပြီဆိုပြီး ပျော်နေကြသူတွေရယ်ပါ။ လွယ်လွယ်ရ လွယ်လွယ်ပြန်ကုန်ပါတယ်။ နောက်ဆုံး ချမ်းသာသွားတဲ့သူတွေကတော့ ချဲထီဒိုင်တွေနဲ့ အကျင့်ပျက်ရဲတွေပဲဖြစ်ပါတယ်။ (အကျင့်မပျက်တဲ့ ရဲတွေ မပါပါဘူးခင်ဗျာ။)
ချဲထိုးလို့ ချမ်းသာသွားတဲ့ သူ မမြင်ဖူး မကြားဖူးပါဘူး။ ကံကောင်းလွန်းလို့ ထိုးတိုင်း မကြာခဏပေါက်နေတဲ့သူတွေကတော့ ခြွင်းချက်ရှိချင်ရှိမှာပေါ့။
ကိုယ် တစ်သက်လုံး ထိုးခဲ့တဲ့ ချဲထီဖိုးတွေကို ပြန်တွက်ကြည့်လိုက်ပါ။ ချေးပြီး ထိုးတာဆိုရင်တော့ အတိုးကို ထပ်ပေါင်းလိုက်ပါဦး။ ဘယ်လောက်တောင် များနေပြီလဲ။
ငွေသခင် ဖြစ်ချင်တဲ့ သူတွေဟာ အချောင်ရချင်တဲ့ စိတ်ဓာတ်ကို ပယ်ရပါမယ်။ ထီပေါက် ချဲပေါက်မှာကို မျှော်လင့်နေမဲ့အစား ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးလိုက်ပါ။ စိတ်ကူးယဉ်နေမဲ့အစား လက်တွေ့ကျကျ စဉ်းစားလိုက်ပါ။ ချဲထိုးမဲ့အစား အကြွေးဆပ်လိုက်ပါ။ ငွေစုလိုက်ပါ။ ရင်းနှီးမြှုပ်နှံမှု တစ်ခုခုထဲ ထည့်လိုက်ပါ။
ထီတို့ ချဲတို့ဟာ ဆင်းရဲသားလူတန်းစားတွေ အတွက် အပိုဆောင်ရတဲ့ အခွန်လို့ ဆိုရိုးရှိပါတယ်။ အစိုးရက ကောက်တဲ့ အခွန်ကို မပေးချင်ကြပေမဲ့ ချဲထီက ကောက်တဲ့ အခွန်ကိုတော့ ပေါက်မလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ထိုးနေ ပေးနေကြသူတွေဟာ အခြေခံလူတန်းစားတွေ များပါတယ်။
ငွေသခင် ဖြစ်ချင်ရင်တော့ ချဲထီနဲ့ လောင်းကစားအားလုံးကို ဒီနေ့ပဲ စွန့်လွှတ်လိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment