ကျွန်တော် လူတွေကို ချွေတာဖို့ အသုံးအဖြုန်းမကြီးဖို့ တိုက်တွန်းတော့ ဝေဖန်သံတွေကို ပြန်ကြားရပါတယ်။ ဝေဖန်တာကိုလည်း ကြိုဆိုပါတယ်။ ကြိုဆိုလို့လည်း ဝေဖန်တာကို ဥပေက္ခာ ပြုမထားပဲ တလေးတစား ဒီလို စာတစ်ပုဒ် ပြန်ရေးပေးတာပါ ခင်ဗျာ။
ဘယ်လိုရှင်းပြပြ နားမဝင်တဲ့လူ၊ နားဝင်ဖို့ လမ်းမမြင်တဲ့လူမျိုးတွေကိုတော့ ကျွန်တော့် အချိန်တွေကိုပေးမှာ မဟုတ်ပါဘူး။ ဝေဖန်သမျှလူတွေနဲ့ ထိုင်ရန်ဖြစ်နေတဲ့ ဘဝကလည်း မအေးချမ်းပါဘူး။ ဒါကြောင့် အချို့ ဝေဖန်တဲ့ မှတ်ချက်တွေဆို ချက်ကျလက်ကျ ပြန်မပြောတော့ပဲ တိုတိုတုတ်တုတ်ပဲ ပြန်ဖြေဖြစ်ပါတယ်။ ပြန်ပြောဖို့ အချက်အလက်တွေ အများကြီးရှိပေမယ့် ရေးလိုက်တဲ့ အတွက် ရရှိလာမယ့်အကျိုးက အရမ်း နည်းလို့ပါ။ အဲဒီလိုပေးလိုက်ရမယ့် အချိန်တွေကြောင့် အများအတွက် အကျိုးရှိမယ်လို့ထင်တဲ့ ရေးလက်စ စာတွေ ရပ်သွားတတ်လို့ပါ။
ကျွန်တော်ပြောတဲ့ ချွေတာရေး လမ်းစဉ်ကို ဝေဖန်ထားတဲ့ မှတ်ချက်တစ်ခုကတော့ "ခေတ်သစ် စီးပွားရေးမှာ နိုင်ငံတော် စီးပွားရေး လည်ပတ်အောင် နိုင်ငံသားတစ်ဦးအနေနဲ့ သုံးကို သုံးပေးရပါတယ်။ ငွေကြေး လည်ပတ်မှု ရပ်တန့်မှာကို အမေရိကန်နဲ့ တရုတ်ကတောင် ကြောက်ကြပါတယ်။ သင်သာမသုံးဘူးဆိုရင် သူမသုံး၊ ကိုယ်မသုံးနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ထိခိုက်စေမှာပါ။ စီးပွားရေးလုပ်ငန်းရှင်ကလည်း တွက်ခြေကိုက်အောင် ဝန်ထမ်းတွေကို အလုပ်ထုတ်မယ်။ အဲ့လို ပတ်လည်ရိုက်ရင်း အကုန်ဒုက္ခရောက်ကုန်မှာ။ သူ့အိုးနဲ့သူ့ဆန်ဖြစ်ဘို့တော့ လိုတာပေါ့။"
ဒီမှတ်ချက်ဟာ အရမ်းကို ကောင်းတဲ့ မှတ်ချက်လေးပါ။ မှန်သင့် သလောက်လည်း မှန်နေပါတယ်။ ဒါကြောင့်လည်း ဒီစာကို ရေးဖြစ်တာပါ။
မြန်မာနိုင်ငံမှာရှိတဲ့ လူတိုင်း လူတိုင်းသာ ချက်ချင်း ချွေတာချလိုက်ရင်၊ အခြေခံ လိုအပ်တာ လေးတွေပဲ သုံးတော့ရင် စီးပွားရေး ထိခိုက်မှုတွေရှိလာနိုင်တာ အမှန်ပါပဲ။
ဒါပေမယ့် ချက်ချင်းကြီးဖြစ်လာမယ်၊ စီးပွားရေးတွေ ဒလဟောကျဆင်းသွားလိမ့်မယ်ဆိုတာ မိုးပြိုမှာကြောက်လို့ ပြောတဲ့သူတွေ စကားပါ။ ပြီးတော့ Consumerism လို့ခေါ်တဲ့ များများထုတ် များများသုံး ဝါဒကို ဖြန့်နေတာ၊ "မသုံးရင် နိုင်ငံ စီးပွားရေးကျမယ်၊ ပျော်ပျော်ကြီးသုံးကြစမ်းပါ" ဆိုပြီး ဝါဒဖြန့်နေတာက အမေရိကန်နဲ့ တရုတ်စတဲ့ နိုင်ငံကြီးတွေပါ။
ကျွန်တော်တို့ နိုင်ငံတွေမှာ လူတွေ သုံးဖြုန်းနေကြမှ သူတို့နိုင်ငံ စီးပွားရေး ကောင်းမှာကိုး။ အဲဒီဝါဒ မှိုင်းမိနေတဲ့သူတွေ အမြင်မှန်ရအောင် ကျွန်တော် အောက်မှာ ရှင်းပြထားပါတယ်။ ကျွန်တော်ကတော့ ချွေတာရေး ဘက်တော်သား တစ်ယောက်ပါ။ လူတွေကို ချွေတာဖို့ ဆက်ပြောနေဦးမှာပါ။
******************************
(၁) များများထုတ် များများသုံး ဝါဒ
******************************
ဒီ များများထုတ် များများသုံး ဝါဒကို အမေရိကန်တို့ တရုတ်တို့က ဘာလို့ဖြန့်သလဲ စဉ်းစားကြည့်ရအောင်။
ကျွန်တော်တို့ ပိုက်ဆံတွေကို ဘယ်နေရာတွေမှာ ဖြုန်းကြသလဲ။ ဈေးကြီးပေးရတဲ့ ဖုန်း၊ ကား၊ နိုင်ငံခြားဖြစ် အစားအစာ၊ အဝတ်အစား၊ အရက် စတာတွေပါ။ ပြည်တွင်းဖြစ်တွေက ဈေးတော်ပေမယ့် ခုခေတ်မှာ ပြည်တွင်းဖြစ်တွေ ရှားပါတယ်။
ဥပမာ လူတိုင်းနီးပါး ဝယ်သုံးနေတဲ့ လက်ကိုင်ဖုန်း တွေ မြန်မာပြည်မှာ မထွက်ပါဘူး။ တရုတ်ပြည်၊ ကိုရီးယား နဲ့ အမေရိကန်က ဝင်တာများပါတယ်။ အရက်ဆိုလည်း နိုင်ငံခြားက ဝင်တာတွေကို သောက်နေကြပါတယ်။
ဟုတ်ကဲ့ အရက်ဆိုင်တွေ၊ ဖုန်းဆိုင်တွေဟာ ပြည်တွင်းမှာ အလုပ်အကိုင်တွေ ဖန်တီးပေးနေတာ မှန်ပါတယ်။ ဒါပေမယ့် အကျိုးအမြတ် အများစုက ပြည်ပကို ရောက်သွားပါတယ်။ ကိုယ့် ချွေးနဲ့ရင်းပြီးရှာထားတာတွေကို တရုတ်နဲ့ အမေရိကန် ကုမ္ပဏီတွေကို သွားသွားပေးနေကြတာပေါ့ ခင်ဗျာ။ နိုင်ငံခြား ရုပ်ရှင်တွေလည်း တူတူပါပဲ။
ကျွန်တော်တို့ များများ သုံးဖြုန်းလေလေ သူတို့ အမြတ်များများ ရလေလေ ပါပဲ ခင်ဗျာ။
အလုပ် အကိုင်တွေ ပေါ်ထွက်လာလို့ ရတဲ့ အကျိုးအမြတ်နဲ့ သူများနိုင်ငံက ကုမ္ပဏီတွေ ကိုယ့်ဆီက ပြန်သဲ့ယူသွားတဲ့ အရှုံး ပြန်ယှဉ်လိုက်ရင် ကျွန်တော်တို့ နိုင်ငံ ရှုံးနေပါတယ် ခင်ဗျာ။
****************************************************
(၂) အစိုးရတွေကတောင် ချွေတာရေး ပညာပေးတွေလုပ်နေပြီ
****************************************************
ကျွန်တော် အခုရေးနေတဲ့ ငွေရေးကြေးရေး ပညာပေး နဲ့ ချွေတာရေးတွေကို စင်ကာပူလို နိုင်ငံတွေ မှာ အစိုးရကိုယ်တိုင်က အင်တာနက်မှာ ဖြန့်ဝေ သင်ကြားပေးနေပြီ ဖြစ်ပါတယ်။
ချွေတာရေးဟာ နိုင်ငံ့ စီးပွားရေး အတွက် မကောင်းဘူးဆို အစိုးရတွေက ဒီလို ဘယ်သင်လိမ့်မလဲ ခင်ဗျာ။ ချင့်ချိန်ရအောင်ပါ။
ဓာတ်ပုံက စင်ကာပူအစိုးရရဲ ့ ငွေရေးကြေးရေးပညာပေး ဝက်ဘ်ဆိုက်ကို ပြထားတာပါ။
******************
(၃) ချဲလုပ်ငန်း ဥပမာ
******************
ချဲလုပ်ငန်းကို စီးပွားရေးလုပ်ငန်း တစ်ခု အနေနဲ့ ဥပမာထားပြီးကြည့်ရအောင်။
ကျွန်တော် လူတွေကို ချဲမထိုးဖို့ပြောပါတယ်။ ဖြုန်းတာပါလို့ ပြောပါတယ်။ မြန်မာ တစ်နိုင်ငံလုံးက လူတိုင်းသာ ချက်ချင်းကြီး ကျွန်တော့် စကားနားထောင်ပြီး ချဲမထိုးကြတော့ရင် ဘာဖြစ်လာမလဲ။
ဟုတ်ကဲ့ များစွာသော ကော်မစ်ရှင်စား နှစ်လုံး သုံးလုံး ချဲရောင်းသမားတွေ (ဒီ စီးပွားရေးလုပ်ငန်းရဲ့ ဝန်ထမ်းတွေပဲ ဆိုပါစို့) အလုပ်လက်မဲ့ ဖြစ်ကုန်ကြရှာပါတော့မယ်။ ဒီလုပ်ငန်းကို မှီခိုနေတဲ့ ချဲရောင်းသူတွေ တစ်နိုင်ငံလုံးမှာ ကြောက်ခမန်းလိလိ များပါတယ် ခင်ဗျာ။ ချဲဒိုင်တွေလည်း (စီးပွားရေး လုပ်ငန်းရှင်တွေ ပေါ့ဗျာ) အမြတ်မရတော့လို့ ဝင်ငွေမရှိတော့ပါဘူး။ ဒါဆို သူတို့လည်း အခြားနေရာတွေမှာ မဝယ်နိုင်၊ မသုံးနိုင်၊ မဖြုန်းနိုင် ဖြစ်ပြီး အခြားစီးပွားရေး လုပ်ငန်းတွေပါ အကုန် ဆက်တိုက် ထိခိုက် ဒုက္ခရောက် ကုန်ကြမှာပေါ့ လို့ပြောရင်ရပါတယ်။
ဒါပေမယ့် မိုးပြိုမှာကြောက်နေလို့ မရပါဘူး ခင်ဗျာ။ တစ်ကယ်တော့ ဘယ်သူမှ နေ့ချင်းညချင်း လောင်းကစားကို မဖြတ်နိုင်ကြပါဘူး။ မတိုက်ဖျက်နိုင်ပါဘူး။ ဖြည်းဖြည်းချင်း ဖြစ်လာရမှာပါ။ ဒီ စီးပွားရေးကြီးက ချက်ချင်းကြီး ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ တဖြည်းဖြည်းနဲ့ ချဲထိုးတဲ့လူ နည်းလာတာနဲ့ အမျှ ချဲရောင်းတဲ့သူတွေလည်း တရွေ့ရွေ့နဲ့ အခြားလုပ်ငန်းတွေ ကို ပြောင်းကြရမှာပါ။ စီးပွားရေးလုပ်ငန်းတွေဟာလည်း ချဲလုပ်ငန်းကနေ အခြားလုပ်ငန်းတွေကို ရွှေ့ဖို့ အချိန်ရမှာပါ။
လောင်းကစားကြောင့် ဒုက္ခရောက်နေတဲ့သူတွေ ရှိနေတာ မမေ့သင့်ပါဘူး။ လောင်းကစား ကြောင့် ပျက်ခဲ့ရတဲ့ ဘဝတွေကိုပါ ထည့်တွက်သင့်ပါတယ်။ ဒါ့ကြောင့် ဒီ စီးပွားရေး လုပ်ငန်းကို တိုက်ဖျက်သင့်ပါတယ်။ ဒီလုပ်ငန်းကြီးပျက်သွားရင် နိုင်ငံစီးပွားရေး ကျတော့မယ်ဆိုပြီး ဇွတ်မှိတ်ပြီး အားမပေးသင့်ပါဘူး။
ချွေတာရေးလည်း ဒီလိုပါပဲခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment