Wednesday, September 23, 2020

ဘတ်ဂျက်ဆွဲကြစို့

လခထုတ်ရက်​ ဝင်​ငွေ​လေး ရလာပြီ။ ဝင်​​ငွေကို ဘယ်နှစ်ပုံ ပုံ​ပြီး ဘယ်​လောက်စုမယ်၊ ဘယ်​လောက်သုံးမယ်ဆိုတာ ကြိုတင် စီ​မံ ဘတ်ဂျက်​ ဆွဲထားဖို့လိုပါတယ်။ ကြိုတင် ဘက်​ဂျက်​ သတ်မှတ်ထားမှလည်း မကုန်သင့်တာ မကုန်၊ မဖြုန်းသင့်တာ မဖြုန်းမိ​အောင် သတိနဲ့ ထိန်းနိုင်မှာပါ။

—————————
(၁) ၅၀-၃၀-၂၀ နည်း
—————————

ဒီနည်းက​တော့ နိုင်​ငံတကာမှာ ​ရေပန်း ​အစားဆုံး နည်း ပါပဲ။

ဝင်​ငွေရဲ့ ၅၀% ကို တစ်ကယ် လိုအပ်တာ​တွေ ​အတွက်​သုံးရပါမယ် တဲ့။ စားဝတ်​နေ​ရေး၊ ကျန်းမာ​ရေး၊ ယာဉ်စီးခ စတဲ့ မဖြစ် မ​နေ​သုံးရတဲ့ ​အသုံး​တွေပဲ ဖြစ်ပါတယ်။ ​အတိုး​တွေ ​ပေး​နေရရင်လည်း ဒီထဲမှာ ​ထည့်တွက်​ရပါမယ်။

ဝင်​ငွေရဲ့ ၃၀% နှုန်းကို​တော့ လိုချင်တာ​တွေ ​အတွက်​ သုံးလို့ရပါတယ် တဲ့။ ​အဖြုန်း​တွေလည်း ပါတယ်​ပေါ့။ ခရီးထွက်​တာ၊ ​​အဝတ်​အစား ​အ​​ကောင်းစား ဝယ်ဝတ်တာ၊ လက်​ကိုင်အိတ် ​အသစ်ဝယ်တာ၊ ရုပ်ရှင်ကြည့်တာ၊ ​အပြင်မှာ ထွက်​စားတာ၊ ​ဘောလုံးပွဲ သွားကြည့်တာ၊ ​ဆေးလိပ်​သောက်တာ၊ ဘီယာ​သောက်တာ၊ ကွမ်းစားတာ၊ ဖုန်း ​အသစ်ဝယ်တာ စတာ​တွေ ​အတွက်​ပါ တဲ့။ သာ​ရေးနာ​ရေးနဲ့ ​အလှူကိုလည်း ဒီထဲ ​ထည့်ရပါမယ်။

ဝင်​ငွေရဲ့ ၂၀% ကို​တော့​ မဖြစ်မ​နေ စုပါတဲ့။ ​ကြွေးတင်​နေရင်​တော့ ဒီထဲက ဆပ်ရမှာပါ။

—————————
(၂) ​၁၀-၂၀-၇၀ နည်း
—————————

​"ဘေဘီလုန်မှာ ​အချမ်းသာဆုံး ပုဂ္ဂိုလ်" စာအုပ်ထဲက နည်းပါ။

ဝင်​ငွေရတာနဲ့ ​အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ၁၀% ကို ​ပေးပါတဲ့။ ​ပေးပါဆိုတာ ကိုယ်သုံးဖြုန်းဖို့ကို​ပြောတာ မဟုတ်ပါဘူး။ ​​အနာဂတ်​အတွက်​ စု​​ဆောင်းထားပြီး ရေရှည်​အတွက် ရင်းနှီးမြှုပ်​နှံဖို့ပါ။

​အ​ကြွေး​တွေရှိ​နေရင်​တော့ ၂၀% က ​အ​ကြွေးဆပ်ဖို့ပါ တဲ့။ ​အ​ကြွေးမရှိရင်​လည်း စု​​ဆောင်းထားရမှာပါ။

​ကျန်တဲ့ ၇၀% က​တော့ ​အသုံးစရိတ်ပါ။ ​အ​ခြေ​ခံလိုအပ်ချက်​​တွေ ​အပြင် ​အဖြုန်း၊ သာ​ရေးနာ​ရေးနဲ့ ​အလှူ​အတန်း​တွေ ပါ ​ထည့်တွက်​ရပါမယ်။

—————————
(၃) ကျွန်​တော့် ​အမြင်
—————————

လူ​တစ်​​ယောက်နဲ့ တစ်​ယောက် ​လက်​ရှိ ​အ​ခြေ​အ​နေ မတူနိုင်တာ​​ကြောင့် ​အားလုံး​အတွက်​ သင့်​တော်တဲ့နည်း တစ်သမတ်ထဲ​တော့​ မရှိနိုင်ပါဘူး။

​​ဝင်​​ငွေထက်​ ထွက်​​ငွေကများ​နေရင်​ အ​​ကြောင်း နှစ်မျိုး ထဲက တစ်မျိုးဖြစ်နိုင်ပါတယ်။

ဝင်​ငွေနည်းလွန်းလို့ ဘယ်လိုပဲ ခြိုး​ခြံ​ချွေတာပါ​စေ မ​လောက်တာမျိုးဆိုရင်​တော့ ဝင်​ငွေကို မြှင့်ရမှာပါ။ ဆင်းရဲ ပြီး အလုပ်​အကိုင် ရှားပါး​သေးတဲ့ ကျွန်​တော်တို့ နိုင်​ငံမှာ​တော့ ဝင်​ငွေ မြှင့်ဖို့ ​အ​ပြောလွယ်သ​လောက် ​အလုပ်ခက်​ပါတယ်။ ဒါ​ပေမဲ့ ​အားမ​လျှော့ပဲ ဝင်​ငွေရ​လမ်းကို ရှာ​ကြံ​နေရမှာက ကိုယ့်တာဝန်ပါ။

ဝင်​ငွေတင့်​​တောင့် တင့်တယ် ရှိလျက်နဲ့ မ​လောက်တာဆိုရင်​တော့ ​အဖြုန်းကို ​လျှော့ရမှာပါ။

​လော​လောဆယ်မှာ ​အ​ကြွေး​တွေဝိုင်း​နေလို့ စုမိဖို့ မ​ပြောနဲ့ ​အတိုးသတ်ဖို့​​တောင် မရှိတဲ့ သူ​တွေ ရှိပါတယ်။ သူတို့ကို စုဖို့သွား​ပြော​နေလည်း မထူးပါဘူး။ ​ကြွေး​ကျေ ​အောင် ​အရင်လုပ်ရမှာပါ။

​​​​ငွေ​သခင် မဖြစ်​သေးခင်မှာ ​အဖြုန်းကို တတ်နိုင်သမျှ​လျှော့။ ​အ​ကြွေးကို ​ကျေ​အောင်ကြိုးစား၊ ​အ​ရေး​ပေါ် ​ရန်ပုံ​ငွေ ​အတွက်​စု၊ ​ရေတို ရည်မှန်းချက်​​တွေ ​အတွက်​စု၊ ​ရေရှည်​အတွက်​ ရင်းနှီးမြှုပ်​နှံတာ​တွေ လုပ်ရမှာပါ။

လူတိုင်းဟာ ​အနည်းဆုံး ၃၀% စုသင့်တယ်၊ ရတဲ့​ငွေရဲ့ ၇၀% ထက်​ပို မသုံးသင့်ဘူးလို့ ကျွန်​တော်မြင်​ပေမဲ့ ​လော​လောဆယ် ​အ​​ကြောင်း​​ကြောင်း​​ကြောင့် လိုက်မလုပ်နိုင်တဲ့ သူ​တွေ ရှိပါတယ်။

ဒါ့​​ကြောင့် တစ်ဆင့်ချင်းစီ သွားဖို့ တိုက်တွန်းပါတယ်။ ထွက်​​ငွေက ဝင်​ငွေထက်​နည်း ​အောင် ​အရင်လုပ်ပါ။ ​အ​ကြွေး​တွေ ဆပ်ပါ။ ပြီး​တော့မှ တစ်​ဖြည်း​ဖြည်း စုနိုင်ဖို့ကြိုးစားပါ။ ၅% ဆိုလည်း ၅% က​နေ စ စုပါ။ ဒီလိုနဲ့ ​ဖြည်း​ဖြည်းချင်း စုတဲ့ ရာခိုင်နှုန်းကို တိုးသွားပါ။ ဝင်​ငွေများတဲ့လူ​တွေက ပိုစုနိုင်​အောင်ကြိုးစား သင့်ပါတယ်။ ဝင်​ငွေများပြီး ​ချွေတာရင် ဝင်​ငွေရဲ့ ၇၀% ၈၀% ​လောက်စုဖို့လည်း ဖြစ်နိုင်ပါတယ်။ ​ငွေသခင် ​မြန်​မြန်ဖြစ်နိုင်တာ​ပေါ့။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်




No comments:

Post a Comment