မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတယ် လို့ ပြောပြီး လောင်းကစား လုပ်နေတဲ့သူတွေ တော်တော်များပါတယ်။
"ရင်းနှီးမြှုပ်နှံတာ၊ ငွေကို ခိုင်းထားတာ အကျိုးမပေးပါဘူး။ အဆင်မပြေပါဘူး။ ငွေတွေပဲ ဆုံးသွားတယ်" ဒီလိုပြောတဲ့သူတွေ ဒုနဲ့ဒေး။
ငွေတွေတော့ စုမိပါရဲ့။ ရင်းနှီးမြှုပ်နှံရမယ်ဆိုတာလည်း သိပါရဲ့။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံတာကို အဓိပ္ပာယ် အကောက်လွဲ နေကြတော့ ငွေ အဆုံးအရှုံးများတာပေါ့။
"ရင်းနှီးမြှုပ်နှံထားတယ်လေ။ အသိတစ်ယောက် မျက်ကလူးဆံပြာနဲ့ ငွေလာချေးတယ်။ အတိုး တစ်လကို ၂၅% ပေးမယ်တဲ့။ ၄ လကြာရင် အရင်းကျေပြီ။ ရင်းနှီးမြှုပ်နှံမှု အထိုင်ငွေပဲလေ။ ရှိတာလေး ထုတ်ချေးလိုက်တယ်။"
သာဓု သာဓု သာဓု ပါ ခင်ဗျာ။ ငွေမပေးခင် ရေစက်လေးပါ ချမပေးလိုက်ဘူးလား။
အတိုးကြီးကြီးနဲ့ ချေးလိုက်ပြီးရင် ဆုံးတာများပါတယ်။ မျက်ကလူးဆံပြာ ဖြစ်နေတဲ့သူလေ။ အကြွေးလည်ပင်းနစ်နေလို့ လာချေးတာ။ ကိုယ့်ကို ပြန်ပေးဖို့ အတိုးတောင် အခြားက သွားချေးရဦးမှာ။ ချေးလို့ရရင် လာပေးလိမ့်မယ်။ မရရင် ဆုံးပြီ။ သူများတွေလို ထမိန် စွန်တောင်ဆွဲ ဓားကြိမ်းကြိမ်းပြီး ပြန်တောင်းရဲလို့လား။
"လေယာဉ်ကွင်း/စက်မှုဇုံ ဆောက်တော့မှာလေ။ အဲဒီနားက မြေတွေ ဈေးတက်တော့မှာ။ အဲဒါ ရင်းနှီးမြှုပ်နှံဖို့ သွားပြေးဝယ်ထားတယ်လေ။"
သေချာ မေးကြည့်တော့မှ ဝယ်ထားတာက လယ်မြေကို ပိုင်းရောင်းထားတာတွေ။ လယ်စိုက်ဖို့ကလွဲပြီး ဘာစီးပွားမှ လုပ်ခွင့်မရှိတဲ့ မြေ။ ဝယ်ထားတဲ့ ဈေးက သာမန် လူနေ ဂရံမြေတွေထက် ဈေးတော်တာမှန်ပေမဲ့ လယ်ကွက်ဈေးထက် အဆမတန် ဈေးတင်ရောင်းတဲ့ မြေတွေ။ လေယာဉ်ကွင်း/စက်မှုဇုံ မလုပ်ဖြစ်ရင် ခွက်ခွက်လန်အောင် ရှုံးပြီ။ လုပ်ဖြစ်တယ်ဆိုရင်တောင် အစိုးရက အဲဒီနေရာတွေကို မြေပြန်သိမ်းပြီး လယ်ယာမြေ ပေါက်ဈေးအတိုင်း ပြန်လျော်ပေးမယ်ဆို ကိုယ်ရှုံးပြီ။ အစိုးရက မသိမ်းဘူးဆိုရင်တောင် လယ်မြေကို လယ်ပဲစိုက်ရမယ်ဆိုလည်း ရှုံးပြီ။ ရှုံးဖို့ အကွက်တွေများတယ်။
"ရှိတဲ့ငွေလေး ပွားချင်တာရယ်၊ နည်းနည်းစီစုရင်း ငွေ တစ်လုံးတည်းရချင်တာရယ်ကြောင့် စုမဲထဲ ထည့်လိုက်တယ်လေ။"
ဟုတ်ကဲ့ ထွက်ပြေးသွားတဲ့ မဲဒိုင်တွေ မနည်းဘူးခင်ဗျ။ "ဒီဒိုင်ကပြေးတာပါ၊ နောက်ဒိုင်ကတော့ မပြေးလောက်ပါဘူး" ဆိုတဲ့ အတွေးမျိုးဝင်လာရင် ကိုယ့်ပါးကိုယ် ဘယ်ပြန်ညာပြန် ညောင်းတဲ့ထိ ရိုက်ပေးပါ။ ညောင်းလာရင် ဘေးကလူတွေကို ထပ်ရိုက်ခိုင်းပါ။ (စိတ်ချရတဲ့ စုမဲတွေ ရှိတော့ရှိတယ် ရှားပါတယ်။)
စုမွဲ https://www.facebook.com/fireflypsk/posts/156783225659961/
"အမြတ်ငွေ တစ်လ ၂၀%၊ ၅၀% လောက်ပေးမယ်ဆိုတဲ့ အင်တာနက်ကနေတွေ့တဲ့ ဘာလုပ်ငန်းလုပ်မှန်း ဂဃနဏ မသိရတဲ့ လူတွေဆီမှာ ရင်းနှီးမြှုပ်နှံထားတယ်လေ။"
လိမ်နေတာဆိုတာ သေချာသလောက်ရှိနေပြီ။ အချို့က နှစ်ရှည်လများလိမ်စားတာ။ မလုပ်ပါနဲ့လို့ သတိပေးတာတောင် "လိမ်နေတာ သက်သေရှိမှ ပြောပါ" ဆိုတော့ "ဟုတ်ကဲ့ ရေစက်လေးသာ ချလိုက်ပါခင်ဗျာ" ပေါ့။ Trading, Forex, Cryptocurrency, Bitcoin, Game စတဲ့ နာမည်တွေ လှိုင်လှိုင်သုံးပြီး လိမ်စားနေကြတာ။ အ,တဲ့သူတွေ ခံကြရဦးမယ်။
ဒီလိုမျိုးတွေ ရင်းနှီးမြှုပ်နှံကြတော့ ငွေ ဆုံးရှုံးကြရတာလည်း မဆန်းပါဘူး။ ရင်းနှီးမြှုပ်နှံနေတာမှ မဟုတ်တာ။ မရေရာ မတတ်ကျွမ်းတဲ့နေရာတွေမှာ လောင်းကစား လုပ်နေကြတာလေ။ "လူမိုက်နဲ့ငွေ အတူမနေ" ဆိုတာကို သတိမူပါ။
တစ်ကယ့်တစ်ကယ် အစစ်အမှန် ရင်းနှီးမြှုပ်နှံမှုမျိုးတွေကိုတော့ ကျွန်တော်တို့ အများစုက မကြိုက်ကြဘူးခင်ဗျ။ ဥပမာ ပိုင်ဆိုင်မှုခိုင်မာတဲ့ ဆိုင်ခန်း တိုက်ခန်း ငှါးစားမယ်။ ငှါးခ အမြတ်နဲ့တွက်ရင် အရင်းကျေဖို့ ၁၀ နှစ်ကျော်ကြာမယ်။ "ဟာ ကြာလိုက်တာနော်" လို့ ပြောမဲ့ သူတွေက များပါတယ်။ ငွေတိုးပေးစားသလိုမျိုး၊ အလိမ်တွေကို ငွေအပ်ထားသလိုမျိုး၊ ချက်ချင်းဝယ် ချက်ချင်းမြတ် ပူဖောင်း ဖြစ်နေတဲ့ကာလမှာလိုမျိုး မြတ်တာမျိုးကိုပဲ စိတ်ဝင်စားကြတာလေ။
တစ်နှစ်ကို ငွေကြေးဖောင်းပွမှုကို ကာမိပြီး ၅% တို့ ၁၀% တို့လောက်ပဲ မြတ်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးဆို ရင်မခုန်ကြဘူးခင်ဗျ။ ဘဏ်တိုးလောက်တောင် မရဘူးဆိုပဲ။
ဘဏ်တိုးနဲ့ လောက်ပြီလား
ဒီတော့ ရှင်းရှင်းပဲပြောပါရစေ။ ရင်ခုန်ချင်ရင် လောင်းကစားလုပ်ပါ။ ရင်အေးချင်ရင် အမြတ်နည်းပေမဲ့ အမြတ်သေချာပြီး တစ်ကယ် စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုး ရှာပြီးလုပ်ပါ။ ငွေထည့်ထားပြီး စိတ်ပူရလွန်းလို့ ညဘက် အိပ်မပျော်မဲ့ လုပ်ငန်းမျိုးမှာ ငွေမထည့်ပါနဲ့။
ရင်းနှီးမြှုပ်နှံတယ်ဆိုတာ ပျင်းစရာကောင်းနေရပါမယ် ခင်ဗျ။ ညဘက်မှာ စိတ်ချလက်ချ အိပ်ပျော်ရပါမယ်။
ပြောစကားတစ်ခုကြားဖူးပါတယ်။ "ရင်းနှီးမြှုပ်နှံတယ်ဆိုတာ နံရံဆေးသုတ်ပြီးရင် စောင့်ကြည့်နေရသလိုမျိုး၊ မြက်ပင်တွေ ရှည်လာတာကို စောင့်ကြည့်နေရသလိုမျိုး ပျင်းစရာ ကောင်းသင့်ပါတယ်" တဲ့။
အိမ် နံရံဆေးက ချက်ချင်း မခြောက်ပါဘူး။ အချိန်တစ်ခုပေးရင် ကျိန်းသေခြောက်တယ်။ ပူစရာ မလိုဘူး။ စိတ်မရှည်ပဲ သွားသွားကိုင်ကြည့်နေရင် လက်ကို ဆေးပေမယ်။ နံရံ ဆေးပျက်မယ်။
မြက်ပင်တွေလည်း တစ်နေ့ ရှည်လာမှာ သိတယ်။ ချက်ချင်းကြီး ဖြစ်လာမှာ မဟုတ်ဘူး။ ကိုယ်လုပ်ချင်ရာကို သွားလုပ်နေ။ အချိန်တန်ရင် မြက်တွေ ရှည်လာလိမ့်မယ်။ ထိုင်စောင့်ကြည့်နေရတာ ပျင်းစရာ ကြီး။
ကျွန်တော်လည်း မြက်ပင်တွေ ထိုင်ကြည့်ရတာ ပျင်းလွန်းလို့ စာထိုင်ရေးနေပါတယ်။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment