Monday, September 28, 2020

ငပိန်းဖမ်း သီအိုရီ

ဝင်​ငွေ​​ကောင်းတယ်၊ ခြိုး​ခြံ​ချွေတာတတ်တယ်၊ ​ငွေစုတတ်တယ်ဆိုရင် ကာလတစ်ခုကြာလာ​တဲ့​အခါ ရင်းနှီးမြှုပ်​နှံမှုလုပ်ဖို့ ​ငွေလေး​တွေ စုမိလာကြမှာပါ။

အဲလိုစုမိ​တဲ့အခါ ​အလိမ်မ​ခံရဖို့ စာ​တွေ​​ရေး​ခဲ့ပြီးပါပြီ။

ကလိမ်ကကျစ် ​​ဆောင်းပါးများ https://www.facebook.com/fireflypsk/posts/234575377880745/

ဒီ​​နေ့​​တော့ စုမိ​တဲ့​ငွေလေး​နဲ့ အိမ်​ ခြံ​​ မြေ ကား စတာ​တွေကို ဈေးကြီး​နဲ့ ဝယ်မိပြီး ဈေး​ပြန်ကျမှ ပိုက်​ဘော​မိ​ ​အရှုံး​​ပေါ်နေမှာစိုးလို့ ရင်းနှီးမြှုပ်​နှံရာမှာ မမှားသင့်တာ မမှားရအောင် သိသင့်တာလေးကို ရေးမှာပါ။

ဥပမာ ဆိုကြပါစို့။ အိမ်​ခြံ​​မြေ​ဈေး​တွေ ကားဈေး​တွေ တရိပ်ရိပ်တက်​နေတယ်။ ကိုယ့်မျက်စိ​​ရှေ့မှာတင် ကောက်ခါငင်ခါ ဆက်တက်သွားတာ။ ဘာလို့ ဈေးတက်​နေမှန်း​​တော့ မသိဘူး။ ဝယ်​​ရောင်းလုပ်​နေ​တဲ့သူ​တွေ မြတ်​နေကြတာ ​​တော့ ​​တွေ့တာပဲ။

ကိုယ့်​​ရှေ့မှာတင် သိန်း ၁၀၀ ​တန်က သိန်း ၁၅၀၊ သိန်း ၂၀၀ ဖြစ်သွားတာ​လေ။ ​သေချာတယ် ခု သိန်း၂၀၀ လောက်​နဲ့ ဝယ်ထားလိုက်ရင် မကြာခင် သိန်း ၂၅၀ သိန်း ၃၀၀ လောက် ​​ဖြစ်လာမှာပဲ။ အဲဒီ​အခါ ​အမြတ် မြိုးမြိုးမြက်မြက်ရအောင် ခု ဝယ်ဥထားလိုက်ဦးမှ ပါ။ ဒီလို​​တွေးကြပါတယ်။

အဲဒါမျိုးကို “ကိုယ့်ထက်ပိန်း​တဲ့ ငပိန်းဖမ်း သီအိုရီ” (Greater Fool Theory) လို့ ​​ခေါ်ပါတယ် ခင်ဗျ။ ဘယ်လောက်ပဲ ဈေးကြီး​နေပါ​စေ၊ ခုဝယ်ထားပြီး ​နောက်ပိုင်းမှာ အမြတ်တင်​​ရောင်းရင် ဝယ်ချင်​တဲ့ ငပိန်း​တွေ ရှိ​နေဦးမှာပါ၊ မြတ်ဦးမှာပါ လို့ တွေး​တဲ့ သီအိုရီပါ။ ​မှန်သင့်သလောက်​​တော့ ​မှန်ပါတယ်။ ဒီနည်း​နဲ့ မြတ်သွား​တဲ့ သူ​တွေ ရှိပါတယ်။ ဒါ​ပေ​မဲ့ နောက်ဆုံး ပိုက်​ဘောမိ​တဲ့ ​အပိန်းဆုံး ငပိန်း​တွေက​​တော့ ​အ​သေ​အလဲ ​ခံကြရတာ​​ပေါ့။

ကားဈေး​တွေ ​အဆမတန်တက်​နေတုန်း ဝယ်ထားမိ​တဲ့သူ​တွေ ရှိလား။ အိမ်​ခြံ​မြေဈေး​တွေ ​​ခေါင်ခိုက်​နေတုန်း ဆက်တက်ဦးမယ် ​အထင်​နဲ့ ဝယ်ထားမိ​တဲ့သူ​တွေ ရှိလား။ အဲဒါ “ကိုယ့်ထက်ပိန်း​တဲ့ ငပိန်းဖမ်း သီအိုရီ” ​အရ ​ခံလိုက်ရ​တဲ့ သူ​တွေ ပါပဲ။ ​ငွေ​​ပေါ်ချင်ရင် ​အရှုံး​နဲ့ ​ပြန်​​ရောင်းရပြီ။

ဈေး​တွေတက်လာတာဟာ ဈေးကွက်​နဲ့ စီးပွားရေး အလား​အလာ​​ကောင်းလို့ တက်လာတာ ဖြစ်နိုင်သလို ဈေးကစား​တဲ့သူ​တွေ​​​​ကြောင့်ရယ်၊ ​လောဘကြီးတဲ့ ငပိန်း​တွေ​​ကြောင့်ရယ်​ ဈေးတက်တာလည်း ဖြစ်နိုင်ပါတယ်။

ဝိသမ ​လောဘ​သားတွေ​​ကြောင့် ဈေးတက်တာဆိုရင် အဲဒါ ပူ​​ဖောင်းဖြစ်လာတာပါ။ တစ်​​နေ့ ပူ​​ဖောင်းပေါက်ပြီး ဈေး​တွေ ထိုးကျမှာပါ။

ဒါမျိုးကို ​​ရှောင်နိုင်ဖို့ လိုပါတယ်။ ​လောဘကို သတ်ရပါမယ်။ စိတ်​ခံစားမှု​တွေကို ဘေးဖယ်ထားပြီး ​သမာသမတ်ကျ​တဲ့ တွက်ချက်မှု​တွေ​နဲ့ ယှဉ်ထိုး ချင့်ချိန်ရပါမယ်။

ဥပမာ ဆိုင်ခန်းဈေး​တွေ ဘာ​​ကြောင့်မှန်းမသိ တက်​နေတယ်။ မနှစ်က သိန်း ၅၀ ပေါက်​တဲ့ ဆိုင်ခန်း ဒီနှစ် သိန်း ၁၀၀ ​တဲ့။ ဈေး​တွေက ခုလည်း ဆက်တက်​နေတုန်း။ ဒါဆို နောက်နှစ်လောက်ဆို သိန်း ၁၅၀ ဖြစ်မလား၊ သိန်း ၂၀၀ ဖြစ်မလားပဲ။ ​အရှုံး​​တော့ မရှိလောက်ပါဘူး။ သိန်း ၁၀၀ ​နဲ့ ဝယ်ထားလိုက်မှပါ။

ဒီလိုတွေး​နေရင် မဝယ်ခင် ​ပြန်တွက်ကြည့်ပါဦး။

ဒီဆိုင်​ရဲ့ ​​လက်ရှိ တန်ဖိုး​အ​မှန်ကို တွက်ချင်ရင် ဆိုင်​ရဲ့ လက်ရှိ အသုံးဝင်မှု ငွေရှာနိုင်စွမ်း​နဲ့သာ တွက်ရမှာပါ။ နောက်တက်လာနိုင်​တဲ့ ဈေးကို မှန်းဆ ရမ်း​​ရော်ပြီး စိတ်ကူးယဥ်ရမှာ မဟုတ်ပါဘူး။ (ခြွင်းချက်​​တော့ ​အနည်းငယ်ရှိပါတယ်။)

အဲဒီ​​​​တော့ ဒီဆိုင်ကို ငှါးစားရင် တစ်လ ဘယ်လောက်ရမလဲ ​သေချာစုံစမ်းရပါမယ်။ ငှါးစားရင် တစ်လ နှစ်​​သောင်းရမယ်၊ ​​​ရှေ့လျှောက်လည်း ​အငှါးဈေးကွက် ​အ​​ပြောင်း​အလဲ သိပ်မရှိနိုင်ဘူးဆိုပါစို့။

#၃၀၀နဲ့မြှောက်နည်း

တစ်လငှါးခကို ၃၀၀ ​နဲ့ မြှောက်ကြည့်ပါ။ အဲဒါ ​ဆိုင်ခန်း​ရဲ့​ ​အမြင့်ဆုံး​တန်ဖိုးပါပဲ။ တစ်လ နှစ်​​သောင်းရတယ် ဆို​​တော့ နှစ်​​သောင်း x ၃၀၀ = သိန်း ၆၀။ ​အများဆုံး သိန်း ၆၀ ပဲ​တန်ပါတယ်။ သိန်း ၁၀၀ ​နဲ့ လာ​​ရောင်းတာ ဈေးကြီး လွန်းပါတယ်။ ငပိန်းဖမ်းတာပါ။ မဝယ်သင့်ပါဘူး။

ဘာလို့ ၃၀၀ ​နဲ့ မြှောက်ရ​လဲဆိုတာကို ရှင်းပြပါ့မယ်။ ​ငှါးချ​ငွေ ​တစ်နှစ်ကို အနည်းဆုံး ၄% လိုချင်လို့ ၃၀၀ ​နဲ့ မြှောက်ရတာပါ။ ​ငွေကျပ် ၃၀၀ ​ရဲ့ ၄% ဟာ ၁၂ ကျပ်ပါ။ တစ်နှစ်ကို ၁၂ ကျပ်ဆို​​တော့ တစ်လကို ၁ ကျပ်​​ပေါ့။ ဒီ​​တော့ တစ်နှစ် ၄% ​နဲ့ တစ်လ ၁ ကျပ် တစ်နှစ်ကို ၁၂ ကျပ် ငှါးခရဖို့ ကျပ် ၃၀၀ လိုအပ်ပါတယ်။

​​၃၀၀ ဘယ်လိုရလဲဆို​တဲ့ တိုက်ရိုက်ပုံ​သေနည်း
၁၂ လ ÷ ၄% = ၁၂ ÷ ၀.၀၄ = ၃၀၀

“၃၀၀ ရှိရင် ​ငွေသခင်” တွက်နည်း​အရ ရင်းနှီးမြှုပ်​နှံမှုတစ်ခုဟာ ​ငွေကြေး​​ဖောင်းပွမှုကို ကာမိ​တဲ့ ​အပြင် တစ်နှစ်ကို ​အနည်းဆုံး ၄% ​အမြတ်ရှိမှ ဖြစ်ပါမယ်။

၃၀၀ ရှိရင် ​ငွေသခင် https://www.facebook.com/fireflypsk/posts/123431182328499

#၁၂၀နဲ့မြှောက်နည်း

တစ်နှစ် ၄% ကနည်းလွန်းတယ်၊ တစ်နှစ် ၁၀% လောက်​​တော့ ​လိုချင်တယ်ဆိုရင်​​တော့ တစ်လငှါးခကို ၁၂၀ ​နဲ့ မြှောက်ကြည့်ပါ။ တစ်လ နှစ်​​သောင်းရတယ် ဆို​​တော့ နှစ်​​သောင်း x ၁၂၀ = ၂၄ သိန်း။ ​၂၄ သိန်း​နဲ့ ရမယ်ဆိုရင်​​တော့ ​တစ်နှစ် ၁၀% ​အမြတ်က ဘဏ်တိုး ထက်ပိုကိုက်ပါတယ်။ ဝယ်သင့်တယ်​​ပေါ့။

ဘာလို့ ၁၂၀ နဲ့ မြှောက်ရ​လဲဆိုတာကို ရှင်းပြပါ့မယ်။ ​ငှါးချ​ငွေ ​တစ်နှစ်ကို အနည်းဆုံး ၁၀% လိုချင်လို့ ၁၂၀ ​နဲ့ မြှောက်ရတာပါ။ ​ငွေကျပ် ၁၂၀ ရဲ့ ၁၀% ဟာ ၁၂ ကျပ်ပါ။ တစ်နှစ်ကို ၁၂ ကျပ်ဆို​​တော့ တစ်လကို ၁ ကျပ်​​ပေါ့။ ဒီ​​တော့ တစ်နှစ် ၁၀% ​နဲ့  တစ်လ ၁ ကျပ် တစ်နှစ်ကို ၁၂ ကျပ် ငှါးခရဖို့ ကျပ် ၁၂၀ လိုအပ်ပါတယ်။

​​၁၂၀ ဘယ်လိုရလဲဆို​တဲ့ တိုက်ရိုက်ပုံ​သေနည်း
၁၂ လ ÷ ၁၀% = ၁၂ ÷ ၀.၁= ၁၂၀

ဒါ ​ဈေးကြီးလား ဈေး​​တော်လား အကြမ်းဖျင်း တွက်နည်းပါ။ အိမ် ​ခြံ ​မြေ ကား ​တွေမှာ သုံးလို့ရပါတယ်။ ​မြေကိုလည်း ဒီနည်း​နဲ့ တွက်လို့ရပါတယ်။ ​မြေချည်းပဲ အငှါးဈေးကွက်မရှိလို့ တွက်မရရင် အိမ်တစ်လုံးဆောက်ခကုန်​ငွေ ​နဲ့ ​ပြန်ရနိုင်​တဲ့ အိမ်ငှါးခကို ခန့်မှန်းတွက်ချက်ပြီး ​မြေ​တန်ဖိုးကို ​ပြန်တွက်လို့ရပါတယ်။

​ဒါ ​ငပိန်းဖမ်း​တဲ့သူ​တွေကို ​​ရှောင်ဖို့ အကြမ်းဖျင်းတွက်​တဲ့ နည်းပါ။ တစ်လ ငှါးခ x ၃၀၀ ထက်ကို ​​ခေါ်ဈေးကကြီး​နေရင် ​​လှည့်ကို မကြည့်ပါ​နဲ့။ အဲဒါ ပိုက်​ဘောပဲ။ ​​ငပိန်းဖမ်းတာပဲ။ ခေါ်ဈေးက x ၃၀၀ ​အောက် နည်း​နေတယ် ဆိုရင်​​တော့ ထပ်စဥ်းစားရမှာ​တွေ ​အများကြီး ရှိပါသေးတယ်။

လစဥ် ဝင်​ငွေ ​အ​မှန်ကို တွက်ချင်ရင် လစဥ် ငှါးခထဲက​နေ ​အ​ထွေ​ထွေ ကုန်ကျစရိတ်​တွေ ​ပြန်နုတ်ရပါဦးမယ်။ တိုက်ခန်းတို့ ကားတို့ဆိုတာ ကြာလာ​လေ ​​ဟောင်း​လေ ​တန်ဖိုးကျတက်​လေဖြစ်တာ​​ကြောင့် ​ပြုပြင်ထိန်းသိမ်းခ ​နဲ့ တန်ဖိုးကျနှုန်း​တွေကို ​အချိုးကျ​ပြန် နုတ်ကြည့်ရဦးမှာပါ။ ပိုင်ဆိုင်မှုခိုင်မာ​ရဲ့လား၊ ​အရှုပ်​အရှင်းရှိလား ဒါ​တွေလည်း ရှိပါသေးတယ်။ အငှါးမတင်ရသေး​တဲ့ကာလ​တွေမှာ ​ငှါးခ​ငွေမရတာကိုလည်း ​ထည့်စဥ်းစားဖို့ လိုပါတယ်။ ကျွမ်းကျင်သူ​တွေ​နဲ့ တိုင်ပင်ရမှာပါ။ ​​

​အားလုံး ဈေးကြီးမိ ပိုက်​ဘောမိ​တဲ့ ​အန္တရာယ်က ကင်းရှင်းကြပါ​စေ။  ငပိန်းဖမ်း သီအိုရီ ကျရှုံးပါ​စေ။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment