မိုနိုပိုလီ ကစားနည်းကို ငယ်ငယ်က ကစားဖူးကြမယ် ထင်ပါတယ်။ ဝေပုံရတဲ့ ငွေတွေနဲ့ အံစာတုံးကျရာမှာ ခြံတွေဝယ်၊ အိမ်တွေ ဟိုတယ်တွေ ဆောက်။ ကိုယ် ပိုင်ဆိုင်ထားတဲ့ နေရာကို လူတွေရောက်လာရင် တည်းခိုခ ငွေတွေရလို့ ပျော်စရာ ကောင်းပါတယ်။ ကံမကောင်း အကြောင်းမလှတဲ့အခါ ငွေကုန်ပေါက်တွေနဲ့ ဆက်တိုက်တိုးလို့ ရှုံးနေရင်တော့ စိတ်ညစ်ဖို့ ကောင်းသပေါ့။
အဲဒီ ကစားနည်းထဲက သင်ခန်းစာလေးတစ်ခုကို ဆွဲထုတ်ပြချင်ပါတယ်။
ကစားသူ အချို့က အန်စာတုံး ကျရာနေရာမှာ ရတဲ့ အခွင့်အရေးမှန်သမျှကို အသုံးချပြီး မျက်စိစုံမှိတ် ခြံတွေဝယ်၊ အိမ်တွေဆောက်၊ ဟိုတယ်တွေ ဆောက်ပါတယ်။ လက်ထဲမှာ ငွေမချန်ပဲ အကုန်လုံးကို ရင်းနှီး မြှုပ်နှံလိုက်တာပေါ့။
သူတို့ရဲ့ အတွေးက ငွေကိုင်ထားရင် အကျိုးအမြတ်မရှိပဲ ဝပ်နေတယ်။ အိမ်ခြံမြေ ဟိုတယ်တွေဝယ်ထားလို့ လာတည်းတဲ့ သူတွေရှိရင် ငွေပြန်ဝင်မှာပဲလို့ တွေးပါတယ်။
ကံကောင်း ထောက်မတဲ့ အခါ လာတည်းတဲ့သူတွေဆီက ငွေတွေ ဝင်ပါတယ်။ ငွေရွှင်ပါတယ်။
ကံမကောင်းတဲ့ အခါ ကိုယ့်ဆီလာတည်းတဲ့သူ မရှိလို့ ငွေက မဝင်။ လက်ထဲမှာ ငွေမရှိတဲ့အချိန် ထောင်ကျပြီး ဒဏ်ငွေဆောင်ရတာနဲ့ တိုးပါတယ်။ အခွန်ပေးရမယ့် အချိန်နဲ့ တိုးပါတယ်။ သူများ ဟိုတယ် မှာ သွားတည်းမိလို့ ငွေပေးရမယ့် အချိန်နဲ့တိုးပါတယ်။ ငွေကုန်ပေါက် အမျိုးမျိုးနဲ့ တွေ့ပါတယ်။
အဲဒီ အချိန်တွေမှာ လက်ထဲမှာ ငွေပို မရှိတဲ့သူတွေ ဒုက္ခရောက်ရပါတယ်။ ရှိတဲ့ အိမ်ခြံမြေဟိုတယ်တွေကို လျှော့ဈေးနဲ့ ရောင်းပြီး ပေးစရာရှိတာတွေ ပေးရပါတော့တယ်။ ဗိုက်နာဈေးနဲ့ ရောင်းတာဆိုတော့ အရှုံးပေါ်ပါတယ်။
ဒါ့အပြင် လက်ထဲ ငွေမရှိတော့ ဈေးပေါပေါနဲ့ ရနိုင်တဲ့ လေလံ မြေကွက်တွေကို မဝယ်နိုင်ပဲ အခွင့်အရေးတွေကို လက်လွှတ်ရတာမျိုးတွေ ဖြစ်တတ်ပါသေးတယ်။
အပြင်လောကမှာလည်း ဒီလိုတွေ ဖြစ်တတ်ပါတယ် ခင်ဗျ။ အချို့လူတွေဟာ လက်ထဲမှာ ငွေမထားပဲ ငွေတွေအားလုံးကို အိမ်ခြံမြေ နဲ့ အခြား စီးပွားရေးလုပ်ငန်းတွေထဲမှာ ထည့်ထားတတ်ကြပါတယ်။ ငွေတွေ မြုပ်နေတယ်ပေါ့။
ငွေတွေအများကြီး လက်ထဲမှာ ကိုင်ထားမိရင် ငွေကြေးဖောင်းပွမှုကြောင့် ရှုံးတတ်တာမှန်ပေမဲ့ ငွေကို လက်ထဲမှာ လုံးဝမထားရင်လည်း ကံမကောင်း အကြောင်းမလှတဲ့ တစ်ချိန်မှာ သောကရောက်ရတတ်ပါတယ်။ ဥပမာ မိသားစုဝင် တစ်ယောက်ယောက် ဆေးရုံတက်ရပြီး ကျန်းမာရေး အာမခံလည်း မလုပ်ထားတော့ ငွေလိုတာမျိုး၊ လုပ်ငန်းတွေ ဆက်လက်လည်ပတ်ဖို့ ငွေလိုတာမျိုး၊ ရုတ်တရက် အလုပ်ပြုတ်သွားလို့ နောက်အလုပ် ရှာနေတုန်းမှာ စားသောက်ဖို့ ငွေလိုတာမျိုး၊ အစိုးရက အခွန်တွေ သေချာကြပ်မတ်ပြီး ကောက်လို့ ငွေလိုတာမျိုး စသဖြင့် မမျှော်လင့်ထားတဲ့ အကြောင်းတစ်ခုခုကြောင့် ငွေလိုတာမျိုးတွေပါ။
အဲဒီ အခါမျိုးမှာ သောကရောက်ရပါပြီ။ စီးပွားရေးလုပ်ငန်းတွေထဲ ထည့်ထားတဲ့ ငွေတွေက ပြန်ထုတ်လို့မရ။ အိမ်ခြံမြေတွေကလည်း ချက်ချင်းရောင်းမထွက်နဲ့ ဘေးကြပ်နံကြပ် ဖြစ်တတ်ပါတယ်။ ဗိုက်နာ ဈေးနဲ့ ရောင်းတော့လည်း အရှုံးများတတ်ပြီး ဘေးက ငွေချေးတော့လည်း အတိုးများတတ်ပါတယ်။
ဒါ့ကြောင့် ငွေကိုင်ထားဖို့ လိုအပ်ပါတယ်။ အရေးပေါ် ရန်ပုံငွေအနေနဲ့ အသုံးစရိတ်ရဲ့ ၃ လစာ ကနေ ၆ လစာလောက် ငွေသား ကိုင်ထားသင့်ပါတယ်။
အရေးပေါ် ရန်ပုံငွေဟာ စီးပွားရေးလုပ်ငန်း လုပ်တဲ့သူတွေအတွက် ပိုအရေးကြီးပါတယ်။ ဝင်ငွေ ရပေါက်ရလမ်းတွေ နှောင့်နှေးနေတဲ့အခါမျိုးတွေမှာ ငွေပိုဆောင်ထားတာ မရှိရင် အလုပ်သမားခ၊ မီတာခ၊ အခွန်အခ၊ စက်ပြင်ခ စသဖြင့် ကုန်ကျစရိတ်တွေကို ပေးဖို့တောင် အခက်အခဲ ရှိတတ်ပါတယ်။ မကြာခဏ ဦးနှောက်ခြောက်ရတတ်ပါတယ်။
အချို့စီးပွားရေးလုပ်ငန်းတွေက တစ်နှစ်လုံး ငွေမြုပ်နေပြီး တစ်နှစ်ကြာမှ အရင်းရော အမြတ်ရောပြန်ရတာမျိုး ရှိတတ်ပါတယ်။ ဒါမျိုးဆိုရင် တစ်နှစ်စာ ကုန်ကျစရိတ်ငွေ လက်ထဲ ရှိထားဖို့ လိုပါတယ်။
အချို့စီးပွားရေး လုပ်ငန်းတွေကတော့ အကြွေးနဲ့ ရောင်းထားတာတွေရှိလို့ ငွေမလည်ပဲ ကုန်ပစ္စည်းအသစ်ဝယ်ဖို့တောင် ငွေမရှိလို့ အခက်ကြုံရတာတွေလည်း ရှိပါတယ်။ ဒီလို အခြေအနေမျိုးတွေအတွက်လည်း လုပ်ငန်း ဆက်လက်လည်ပတ်နိုင်အောင် ငွေပို ရှိနေဖို့ လိုပါတယ်။
ရုတ်တရက် ငွေလိုလာမှ စီးပွားရေးလုပ်ငန်းကို ရပ်လိုက်ရတာမျိုး၊ အတိုးကြီးပေးပြီး ငွေချေးရတာမျိုး၊ ရှိတဲ့ ပစ္စည်းဥစ္စာတွေကို ဗိုက်နာဈေးနဲ့ ထိုးရောင်းရတာမျိုး မဖြစ်ရအောင် သေချာ တွက်ချက်ပြင်ဆင်ထားရမှာပါ။ မတွက်ချက်ပဲ နောင်ခါလာ နောင်ခါဈေး လျှောက်လုပ်ရင် ငွေကြပ်တည်းတာတွေ ဖြစ်လာနိုင်ပါတယ်။
ငွေပိုရှိရင် ဈေးကွက်ထဲမှာ ဗိုက်နာဈေးနဲ့ပေါ်လာတဲ့ အိမ်ခြံမြေ စီးပွားရေးလုပ်ငန်း စတဲ့ အခွင့်အရေးတွေကို လက်မလွှတ်ပဲ မိမိရရ ဖမ်းဆုပ်ထားနိုင်ပါသေးတယ်။
ချွေတာပါ။ ငွေကို စုပါ။ အရေးပေါ် ရန်ပုံငွေကို ဆောင်ထားပါ။
ရင်းနှီးမြှုပ်နှံမှုမလုပ်ခင် ဒါ အရင်လုပ်ပါ https://www.facebook.com/fireflypsk/posts/120329299305354
မိုနိုပိုလီ ကစားနည်းကနေ ယူလို့ရတဲ့ အခြားသင်ခန်းစာတွေ အများကြီးရှိပါတယ်။ နောက်မှ ရေးပါဦးမယ်။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment