ကိုဗစ်-၁၉ ကာလမှာ အလုပ်ဖြစ်နိုင်တဲ့ စီးပွားရေးလုပ်ငန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
အထူးသတိထားရမှာကတော့အပြင်ထွက်လုပ်ရတဲ့ စီးပွားရေးမျိုး (ဥပမာ အိမ်တိုင်ရာရောက် ပို့ပေးရတဲ့လုပ်ငန်းမျိုး) လုပ်ရတဲ့အခါ မိမိကိုယ်တိုင်အတွက်ရော၊ အခြားလူတွေအတွက်ပါ ရောဂါမကူးအောင် သက်ဆိုင်ရာက လမ်းညွှန်ချက်တွေကို စနစ်တကျ လိုက်နာဖို့ လိုပါတယ်။ ပို့ဆောင်ပေးတဲ့ ပစ္စည်းတွေမှာ ရောဂါပိုးတွေ ကပ်ပါမလာအောင် မှာယူတဲ့သူလက်ထဲမထည့်ခင် အထူးဂရုပြုပြီး သန့်ရှင်းရေးလုပ်ပေးရပါမယ်။
ဖြစ်နိုင်ရင် အိမ်မှာနေဖို့ကိုလည်း ထပ်လောင်းတိုက်တွန်းလိုပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ မဖြစ်မနေ ငွေရှာဖို့လိုတဲ့လူတွေအတွက် အကြံဉာဏ်လေးတွေကို စုဆောင်းတင်ပြလိုက်ပါတယ်။
1. အသင့်ချက်ထားတဲ့ အစားအစာတွေကိုအိမ်တိုင်ရာရောက် ပို့ဆောင်ရေး လုပ်ငန်း
2. ဟင်းချက်စရာပစ္စည်းနဲ့ အခြားကုန်ပစ္စည်းတွေကို အိမ်တိုင်ရာရောက် ပို့ဆောင်ရေး လုပ်ငန်း
3. ကုန်ခြောက်ဆိုင်/အိမ်ဆိုင် လုပ်ငန်း
4. ဆေးဝါးတွေကို အိမ်တိုင်ရာရောက် ပို့ဆောင်ရေး လုပ်ငန်း
5. ဖုန်းဘေ ငွေဖြည့်ပေးတဲ့ လုပ်ငန်း (ဘဏ် Pay App တွေသုံးပြီး ဖြည့်တတ်တဲ့သူတွေ ရှားပါသေးတယ်)
6. ဖုန်းပြုပြင်ရေး၊ အိမ်တိုင်ရာရောက် သိမ်းယူ၊ ပြန်ပို့ပေးတဲ့လုပ်ငန်း
7. အိမ်တွင်းမှာ အားကစားလုပ်နိုင်ဖို့အတွက် အားကစား ကိရိယာပစ္စည်းတွေ အိမ်တိုင်ရာရောက် ရောင်းချရေးလုပ်ငန်း
8. လိုင်းပေါ်ကနေ အိမ်တွင်းအားကစားလုပ်နည်း သင်တန်း ပို့ချရေးလုပ်ငန်း
9. အိမ်တွေရုံးတွေမှာ ပိုးသတ်ဆေးဖြန်းပေးတဲ့ လုပ်ငန်း
10. ဆပ်ပြာ နဲ့ ဟန်းဂျယ် ထုတ်လုပ်ရောင်းချပို့ဆောင်ရေးလုပ်ငန်း
11. အပြင်မထွက်ချင်တဲ့လူတွေအတွက် အပြင်မှာ လုပ်စရာရှိတဲ့ အလုပ်တွေကို ကိုယ်စားလှယ် အပြင်ထွက်ပြီး လုပ်ပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်း
12. နှာခေါင်းစည်း ချုပ်လုပ်ရောင်းချရေးလုပ်ငန်း (သင့်တော်တဲ့ ပိတ်စနဲ့ သတ်မှတ်ထားတဲ့ ဒီဇိုင်းအတိုင်းချုပ်ထားတဲ့ နှာခေါင်းစည်းတွေဟာ ရောဂါကို အသင့်အတင့် ကာကွယ်နိုင်ပါသတဲ့။ တွေ့ရာပိတ်စနဲ့ နှာခေါင်းစည်းဖြစ်ရင်ပြီးရောဆိုပြီး ချုပ်လို့ မရတာကိုတော့ ဂရုပြုစေချင်ပါတယ်။)
13. အိမ်မှာ ဝိုင်းထိုင်ကစားလို့ရတဲ့ ကစားစရာနဲ့ ဂိမ်းတွေ (ဥပမာ မိုနိုပိုလီဂိမ်း) အိမ်တိုင်ရာရောက် ပို့ဆောင်ရေး လုပ်ငန်း
14. ဆရာဝန်တွေ လိုင်းပေါ်ကနေ video call နဲ့ လူနာကို ကြည့်ရှုစစ်ဆေး အကြံပေးတဲ့လုပ်ငန်း
15. ဆံပင်ညှပ်ကိရိယာ ရောင်းဝယ်ရေးနဲ့ အိမ်တိုင်ရာရောက် ပို့ဆောင်ရေး လုပ်ငန်း
16. လိုင်းပေါ်ကနေ ဆံပင်ညှပ်နည်း သင်ပြပေးတဲ့ လုပ်ငန်း
17. လိုင်းပေါ်ကနေ ကျူရှင်ပြတဲ့လုပ်ငန်း
အပေါ်မှာ ရေးထားတဲ့ လုပ်ငန်းတွေဟာ ဥပမာတွေပါ။ ထပ်ရေးရရင် အများကြီး ရှိပါသေးတယ်။ ကျွန်တော်ရေးထားတဲ့ ဥပမာတွေနဲ့ ဆက်စပ်ပြီး ကိုယ်နဲ့ သင့်တော်မယ့်လုပ်ငန်းတွေကို ဖြန့်ကြက်စဥ်းစားစေချင်ပါတယ်။
ကိုယ်နဲ့ သင့်တော်မယ့်လုပ်ငန်းကို ဘယ်လို စဥ်းစားရမလဲဆိုရင် -
1. ကိုယ် ဘာအလုပ်တွေကို ကျွမ်းကျင်လဲ အရင်စဥ်းစားပါ။
2. လောလောဆယ် လူတွေ အပြင်သိပ်မထွက်ကြတဲ့အချိန်မှာ ဒီကျွမ်းကျင်တဲ့ လုပ်ငန်းတွေကို အိမ်မှာနေရင်း လိုင်းပေါ်ကနေတစ်ဆင့် လုပ်လို့ရတဲ့နည်းတွေကို ရှာပါ။
3. လိုင်းပေါ်မှာ လုပ်လို့မရတဲ့ လုပ်ငန်းတွေဆိုရင်လည်း အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးနိုင်အောင် ကြိုးစားပါ။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment