ကိုဗစ်-၁၉ ရောဂါဘေးကြောင့် စီးပွားရေး ကျဆင်းလို့ မြန်မာနိုင်ငံမှာလည်း "ဆင်ပိန်ကျွဲ" တွေများလာကြောင်း မနေ့က ရေးခဲ့ပြီးပါပြီ။
ဆင်ပိန်ကျွဲ https://www.facebook.com/106109390727345/posts/218064269531856/
ဒီနေ့တော့ လုပ်ငန်းရှင် ဆင်ပိန်ကျွဲတွေကို ကိုဗစ်ကာလအတွက် အကြံဉာဏ်အချို့ ပေးပါရစေ။ အကြံဉာဏ်အားလုံးကတော့ အသုံးတည့်ချင်မှ တည့်မှာပါ။ လုပ်ငန်း သဘောသဘာဝနဲ့ ကာလဒေသပေါ်မူတည်ပြီး ကိုယ့်အတွက် အသုံးတည့်တာလေးတွေကိုယူပြီး အသုံးမတည့်တာတွေကို ပယ်ပါခင်ဗျာ။
▪️စီးပွားရေးအလားအလာက ဘာမှ ရေရေရာရာပြောလို့မရသေးတဲ့အခြေအနေပါ။ ဒီတော့ ကိုဗစ်မဖြစ်ခင်က တိုးချဲ့ဖို့ စီစဥ်ထားတဲ့ အလုပ်တွေကို မတိုးချဲ့ခင် ခဏစောင့်ကြည့်ပါဦး။ ဖြစ်နိုင်ရင် ငွေထပ်ထည့်တာမျိုးကို ဆိုင်းငံ့ထားပါဦး။
▪️အိမ်တို့ ကားတို့ဝယ်ဖို့ အစီအစဥ်ရှိပြီး မဝယ်ရသေးဘူးဆိုရင် မဝယ်ပဲ စောင့်ကြည့်ပါဦး။ အိမ်ထဲ ကားထဲကို ငွေတွေမြုပ်သွားလို့ လုပ်ငန်းအတွက် ငွေလိုတဲ့အခါ ဒုက္ခဖြစ်တတ်တာမို့ပါ။ ငွေတွေအပုံလိုက်ကြီး သုံးလိုက်ရမယ့် ကိစ္စမျိုးတွေ တတ်နိုင်သမျှ ရှောင်ပါ။ လုပ်ငန်းလည်ပတ်ဖို့ လိုအပ်တဲ့ ကုန်ကျစရိတ် (ဆိုင်ခန်းငှါးခ၊ အလုပ်သမားခ စသဖြင့်) ၆ လစာ ငွေသား လက်ထဲမှာ ရှိနေရင် ပိုကောင်းပါတယ်။
▪️လုပ်ငန်းမှာ လစဥ် ကုန်ကျနေတဲ့ ထွက်ငွေတွေကို စိစစ်ပြီး ဘယ်နေရာတွေမှာ လျှော့လို့ရမလဲ သုံးသပ်ပါ။ စီးပွားရေး မကောင်းတဲ့ကာလမှာ ရုံးခန်း၊ ဆိုင်ခန်း၊ တိုက်ခန်း ငှါးရမ်းခတွေကို လျှော့ပေါ့ဆိုင်းငံ့ပေးဖို့ ညှိနှိုင်းကြည့်ပါ။ ဖြစ်နိုင်ရင် အနီးအနားက ဈေးပိုသက်သာတဲ့ နေရာကို ပြောင်းပါ။
▪️လုပ်ငန်းနဲ့ပတ်သက်ပြီး ရဖို့ကျန်နေသေးတဲ့ ငွေတွေကို ရအောင် တောင်းပါ။ အပြည့်မရရင်တောင် ရသလောက် ခွဲပြီး တောင်းပါ။
▪️လုပ်ငန်းအတွက် ငွေချေးထားမိရင် အတိုးလျှော့ချပေးဖို့ အကြွေးရှင်တွေနဲ့ ညှိနှိုင်းပါ။ ဘဏ်တွေကတော့ အတိုးနှုန်းတွေကို လျှော့ချပေးနေပါပြီ။ လုပ်ငန်းရှင်တွေအတွက် အစိုးရက အတိုးသက်သက်သာသာနဲ့ ချေးပေးမယ့် သတင်းတွေကို နားစွင့်ထားပါ။ ဖြစ်နိုင်ရင် အတိုးသက်သာတဲ့ နေရာကနေ ငွေချေးပြီး အတိုးကြီး အကြွေးတွေကို ဆပ်ပါ။ ရှိတဲ့ပိုင်ဆိုင်မှုတွေကို ရောင်းပြီး ဆပ်ပါ။ အတိုးသတ်ဖို့ ငွေထပ်ချေးတာမျိုးကို လုံးဝ ရှောင်ပါ။ အတိုးပေးစရာမလိုတဲ့ အကြွေးတွေကိုလည်း တတ်နိုင်သမျှ ညှိနှိုင်းပြီး ဆိုင်းငံ့ထားပါ။ ငွေလိုရင် အတိုးကြီးကြီးနဲ့ ထပ်ချေးမဲ့အစား ငွေထည့်ဝင် ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေကို ဖိတ်ခေါ်ပြီး လုပ်ငန်းရဲ့ ရှယ်ယာသဘောမျိုးနဲ့ ပူးပေါင်းလုပ်ကိုင်ကြတာပိုကောင်းပါလိမ့်မယ်။
▪️အိမ်သုံးစရိတ်တွေကိုလည်း တတ်နိုင်သမျှ လျှော့ချပါ။ အသုံးနဲ့ အဖြုန်း၊ လိုအပ်တာနဲ့ လိုချင်တာကို ခွဲခြားသိပါ။
▪️လက်ရှိလုပ်ငန်းက ဝင်ငွေရပေါက်ရလမ်း နည်းနေရင် လက်ရှိ ရုံးခန်း၊ အလုပ်သမား၊ စက်ပစ္စည်းစတာတွေနဲ့ ငွေသိပ်အပိုမကုန်ပဲ လုပ်နိုင်မယ့် အခြား ဝင်ငွေရပေါက်ရလမ်းတွေကို မျက်စေ့ဖွင့် နားစွင့်ထားပါ။ သမာအာဇီဝတော့ ဖြစ်ပါစေ။
▪️ဒီကာလမှာ ကိုယ်သေချာ နားမလည်တဲ့ လုပ်ငန်းသစ်တွေမှာ မြေစမ်းခရမ်းပျိုး ရှိသမျှငွေ ပုံအောလိုက်တာမျိုး ရှောင်ပါ။
▪️အလုပ်မကောင်းတဲ့ကာလမှာ ဝန်ထမ်းလျှော့ချသင့်ရင် လျှော့ချရပါမယ်။ ဒီကာလအတွင်း သူတို့ဒုက္ခမရောက်ရအောင် နစ်နာကြေးတော့ ပေးသင့်ပါတယ်။ မလျှော့ပဲ ကျန်ခဲ့တဲ့ ဝန်ထမ်းတွေကို လခ အပြည့်ပေးနိုင်အောင် ကြိုးစားပါ။ သေချာတွက်ကြည့်ပြီး အဆင်မပြေလို့ လခအပြည့်မပေးနိုင်ရင်တောင် အနည်းဆုံး သူတို့အတွက် အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စားရေးသောက်ရေး ရိက္ခာတွေအတွက် ထောက်ပံ့ပေးပါ။ လူချင်းမတွေ့နိုင်ရင်တောင် ဝန်ထမ်းတွေကို ဖုန်းဆက် အကျိုးအကြောင်းမေးပြီး ကြင်နာဂရုစိုက်တတ်တဲ့ အလုပ်ရှင်ဖြစ်ကြောင်း ပြပါ။
▪️ကိုယ့်ရဲ့ ဖောက်သည်တွေကိုလည်း မေ့မထားပါနဲ့။ ဒီကာလမှာ ကိုယ့်ဖောက်သည်တွေအတွက် ဘာလုပ်ပေးနိုင်မလဲ တွေးပါ။ စီးပွားရေးပြန်ကောင်းလာတဲ့အခါ ကိုယ့်ဖောက်သည်တွေ ကိုယ့်ဆီပြန်လာအောင် အခုကတည်းက ကြိုတင်တွေးတော စီစဥ်ထားရမှာပါ။
▪️လက်ထဲမှာ ငွေလုံလုံလောက်လောက် ကိုင်ထားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက်တော့ ဒီအချိန်ဟာ အခွင့်အရေးပါပဲ။ အခြားလုပ်ငန်းရှင်တွေ ငွေများများ မရှိလို့ မလုပ်ရဲ၊ မကိုင်ရဲနဲ့ ကြပ်တည်းနေချိန်မှာ ကိုယ်ကျွမ်းကျင်တဲ့ နယ်ပယ်မှာ ဝယ်စရာ၊ ရင်းနှီးမြှုပ်နှံစရာ အခွင့်အလမ်းတွေကို တွေ့ရတတ်ပါတယ်။
▪️စီးပွားရေးလုပ်တဲ့အခါ အခြေအနေအမျိုးမျိုးကြောင့် စီးပွားရေးမကောင်းတဲ့ ကာလတွေရှိတတ်ပါတယ်။ လက်ရှိ ကိုဗစ် ဖြစ်ရပ်ကို သင်ခန်းစာယူပြီး အနာဂတ်မှာ ဒီလိုဖြစ်ရပ်တွေဖြစ်လာတဲ့အခါ ကိုယ့်လုပ်ငန်း ကြာကြာ ရပ်တည်နိုင်အောင် ဘာတွေပြင်ဆင် ပြောင်းလဲဖို့လိုလဲဆိုတာ တွေးထားပြီး စီးပွားရေးကောင်းတဲ့ကာလမှာ ကြိုတင်ပြင်ဆင်ထားရမှာပါ။ ဥပမာ စီးပွားရေးကောင်းတဲ့ကာလမှာ ရတဲ့အမြတ်ကို ကုန်အောင် မသုံးပစ်ပဲ လုပ်ငန်းလည်ပတ်ဖို့ လိုအပ်တဲ့ ကုန်ကျစရိတ်ရဲ့ ၆ လစာလောက် ရန်ပုံငွေ စုဆောင်းထားတာမျိုးပါ။
▪️အလုပ်ရှုပ်နေတဲ့ ကာလတွေတုန်းက မလုပ်ဖြစ်တဲ့ ကိစ္စတွေကို အခု အားလပ်တဲ့အချိန်မှာ အချိန်ပေးပြီးလုပ်ပါ။ လုပ်ငန်းရဲ့ ဝင်ငွေထွက်ငွေ စာရင်းတွေကို ပြန်စစ်တာ၊ ငွေယိုပေါက်တွေကို ရှာပြီးပိတ်တာ၊ လုပ်ငန်း လည်ပတ်မှု စနစ်တွေကို ပိုကောင်းအောင်လုပ်တာ၊ အနာဂတ်မှာ ဝင်ငွေ ပိုရနိုင်မယ့် နည်းလမ်းတွေကို ကြိုတင်ကြံစည် စိတ်ကူးထားတာ၊ ကိုယ်နားမလည်သေးတဲ့ လုပ်ငန်းပိုင်းတွေကို သေချာပြန်လေ့လာတာ၊ ဝမ်းစာဖြည့်ဖို့ စာဖတ်တာ စသဖြင့်ပါ။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment