Forex Trading ဆိုတာကတော့ လိုင်းပေါ်မှာ နိုင်ငံခြားငွေ အရောင်းအဝယ်လုပ်တာပါပဲ။ အရှင်းဆုံး ဥပမာ ပေးရရင် မနက်ဖြန်မှာ (သို့မဟုတ် သတ်မှတ်ထားတဲ့ ကာလ အပိုင်းအခြားမှာ) အမေရိကန်ဒေါ်လာနဲ့ ယှဉ်ရင် ယူရိုငွေ (သို့မဟုတ် အခြား နိုင်ငံခြားငွေ တစ်ခုခု) ဈေး တက်မတက် ခန့်မှန်းရမှာပါ။ ခန့်မှန်းတာ မှန်ရင် မြတ်မယ်။ ခန့်မှန်းတာ မှားရင် ရှုံးမယ်ပေါ့။ ဈေးအတက်အကျ ပမာဏနဲ့ ယူထားတဲ့ လောင်းကြေး အဆပေါ်မူတည်ပြီး အရှုံးအမြတ် အနည်းအများ ကွာပါတယ်။
အသက်မွေးဝမ်းကြောင်း လုပ်ငန်းတစ်ခုပါပဲ။ အချိန်ပေးလေ့လာရမယ်။ ဈေးကွက်အကြောင်း နားမလည်ပဲ သွားလုပ်ရင် လောင်းကစား ဆန်ပါတယ်။ အမြတ်များနိုင်သလို အရှုံးလည်း ကြီးနိုင်ပါတယ်။ သူက Zero Sum Game လို့ခေါ်တဲ့ အားလုံးပေါင်းလိုက်ရင် အမြတ်မရှိတဲ့ လောင်းကစားဆန်တဲ့ လုပ်ငန်းပါ။ ကျွမ်းကျင်သူတွေမြတ်ပြီး မကျွမ်းသူတွေ ရှုံးပါတယ်။ အကွက်ရွှေ့မှားတဲ့သူ အစားခံရပါတယ်။
မြန်မာနိုင်ငံမှာတော့ Forex Trading ကို ပုံမှန် အမြတ်ကျန်အောင် ဆော့နိုင်တဲ့သူရှားပြီး မအူမလည်နဲ့ ရှုံးတဲ့သူ များပါတယ်။ ဘယ်လောက်ပဲ နည်းဗျူဟာတွေတွေ ဖော်မြူလာတွေ အယ်ဂိုရသမ် Algorithm တွေ ကောင်းတယ်ပြောပြော အမြဲပုံမှန် မြတ်နေဖို့ မလွယ်လှပါဘူး။ ကိုယ့်တွက်နည်းတဲ့သာတဲ့ တွက်နည်းတွေ နိုင်ငံတကာမှာ အမြဲတီထွင်ကြံဆနေကြတာမို့ နိုင်ငံတကာက Forex Trader ဖျံတွေနဲ့ ရေရှည်မှာ ယှဉ်နိုင်ဖို့ ခက်ပါတယ်။
သင်တန်းတက်လည်း အခြေခံပဲ သင်ပေးမှာပါ။ တစ်လ ဂေါက်ရိုက်သင်တန်းလေးတက်ပြီး နိုင်ငံတကာ ဂေါက်ရိုက်ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ဖို့ မဖြစ်နိုင်သေးသလို Forex Trading လက်ပူတိုက် သင်တန်းတက်ပြီး နိုင်ငံတကာမှာ ဝင်ဆော့ရင်တော့ ရှုံးဖို့များပါတယ်။ အချိန်တိုတို အတွင်းမှာ ကျွမ်းကျင်ဖို့ မလွယ်ပါဘူး။ နှစ်ပေါင်းများစွာ ရှုံးလိုက်မြတ်လိုက်နဲ့ သင်ခန်းစာတွေယူပြီး ဝမ်းစာဖြည့် လေ့ကျင့်ထားမှ မြတ်နိုင်တာပါ။ တော်တော်ကြီးကို ကျွမ်းကျင်မှပါ။ ကျိန်းသေမြတ်သွားတာကတော့ Forex Trading သင်တန်းဖွင့်စားတဲ့ သူတွေနဲ့ ကြားခံ ပွဲစားတွေပါပဲ။
ခုမြန်မာနိုင်ငံနဲ့ ချိတ်ဆက်လုပ်နေတဲ့ လိုင်းပေါ်က ငွေကြေး ဈေးကွက် အရောင်းအဝယ် Forex Trading Platform နဲ့ Broker လမ်းကြောင်း တွေဟာ တရား မဝင်တာတွေ များပါတယ်။ အစိုးရက တရားဝင် ခွင့်မပြုထားပါဘူး။ ကိုယ်ရင်းထားတဲ့ ဒေါ်လာငွေလေးကို အချိန်မရွေး လိမ်ပြေးနိုင်ပါတယ်။ လိမ်ပြေးနေကြတာတွေ ရှိပါတယ်။ ကမ္ဘာ တစ်လွှားမှာ လိမ်စားနေတဲ့ Forex Trading Broker ကုမ္ပဏီတွေ အများကြီးပါ။ သတိထားစေချင်ပါတယ်။ (အလိမ်မဟုတ်ပဲ အမှန်အကန်တွေလည်း ရှိပါတယ်။)
ဒီလို အလိမ်တွေကြောင့်၊ အရှုံးအမြတ်ကြီးတာတွေကြောင့်လည်း ဒီလုပ်ငန်းကို လုပ်မစားတော့ပဲ သင်တန်းလေးတွေ ပေးနေတာကမှ သင်တန်းကြေးရလို့ တွက်ခြေပိုကိုက်တယ်ဆိုပြီး သင်တန်းပေးစားနေတယ်လို့ ယူဆရပါတယ်။
Forex Trading သင်တန်းတွေ၊ ပွဲစားတွေကို ချင့်ယုံကြစေလိုပါတယ်။
"Forex Trading ကျွမ်းကျင်ပါတယ်။ ငွေထည့်ပါ။ အမြတ်ရအောင်လုပ်ပေးမယ်" ဆိုတဲ့သူတွေကိုလည်း မယုံပါနဲ့။
Forex Trading ကို ကျွန်တော်က ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းလို့ မသတ်မှတ်ပါဘူး။ ဈေးကစားပြီး အရောင်းအဝယ်လုပ်တာပါပဲ။
ကျွမ်းကျင်နေပြီးသား သူတွေကို ဘာမှ မပြောလိုပါဘူး။ ကျွမ်းတယ်ထင်ရင်တော့ ဆက်လုပ်ကြပါ။
မကျွမ်းကျင်သေးလို့ ခုမှ သင်တန်းတက်ကြည့်မယ်ဆိုတဲ့သူတွေကိုတော့ အားမပေးပါဘူး။ ကျွန်တော်ကတော့ Forex Trading ကို မကျွမ်းကျင်ပါဘူး၊ မလုပ်တတ်ပါဘူး။ ရှောင်ပါတယ်။ ဟိုလူမြတ်ရင် ဒီလူရှုံး၊ လူ့လောကကို ဘာမှ အကျိုးမပြုတဲ့ လုပ်ငန်းမို့ အားမပေးပါဘူး ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment