မနေ့က ဘိုးတော် ပိုးစုန်းကြူး အကြောင်းရေးတာ မြန်မာနိုင်ငံမှာ လိမ်ခဲ့ကြတဲ့ လိမ်နည်းတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ရုံသာမက Cryptocurrency လို့ခေါ်တဲ့ လျှို့ဝှက် ငွေကြေး ဒစ်ဂျစ်တယ် ငွေကြေး အကြောင်း ကိုပါ တစ်ချက်ခုတ် နှစ်ချက်ပြတ် ခြေဆင်းပျိုးထားတာပါ။
လျှို့ဝှက် ငွေကြေး အကြောင်းသိကောင်းစရာ ဗဟုသုတ အသေးစိတ်ကိုတော့ နောက်မှပဲ ရေးပါဦးမယ်။ ခုတော့ အဓိက အလိမ်မခံရအောင် အရင်ရေးချင်တာပါ။
ဘစ်ကွိုင် Bitcoin၊ လိုက်ကွိုင် Litecoin၊ အီသာရီရမ် Ethereum၊ ရစ်ပယ် Ripple စသဖြင့် လျှို့ဝှက် ငွေကြေး ဒစ်ဂျစ်တယ် ငွေကြေး Cryptocurrency တွေ မှာ ရင်းနှီးမြှုပ်နှံဖို့ ပြောလာရင် ငွေလုံးဝ မထည့်မိပါစေနဲ့ ခင်ဗျာ။ ရဲရဲသာ ငြင်းလိုက်ပါ။
မြန်မာနိုင်ငံမှာ ဒီလိုလုပ်ပေးတဲ့သူတွေဟာ လိမ်တာတွေ များပါတယ်။ Cryptocurrency, Bitcoin, Litecoin, Ethereum, Ripple စသဖြင့် လူနားမလည်တာတွေ ပြောပြီး "အဲဒါကျွမ်းပါတယ်၊ ငွေနှစ်ဆမြတ်ပါမယ်" ဘာညာနဲ့ ရွှီးပြီး တစ်ကယ်လည်း ရင်းနှီးမြှုပ်နှံပေးတာ မဟုတ်ပဲ ငွေလိမ်ပြေးတာမျိုးတွေပါ။ ဥပမာ ပေးရရင် ဘိုးတော်ပိုးစုန်းကြူးရဲ့ ဓာတ်လုံးတွေဝယ်ဖို့ ငွေထည့်ကြပါဆိုပြီး ငွေတွေ လျှောက်ကောက်ပြီး ငွေရတဲ့ အခါ ဓာတ်လုံးတောင် မဝယ်ပဲ ငွေလစ်ပြေးတာမျိုးပါ။
"မလိမ်ပါဘူး၊ စိတ်ချရတယ်၊ လျှို့ဝှက် ငွေကြေး ဒစ်ဂျစ်တယ် ငွေကြေး မှာ တစ်ကယ် ရင်းနှီးမြှုပ်နှံပေးမှာပါ" ဆိုလည်း ငွေမထည့်ပါနဲ့ ခင်ဗျာ။ ဘာလို့လဲဆိုတော့ လက်ရှိ ဝယ်ရောင်းလုပ်နေကြတဲ့ ဒစ်ဂျစ်တယ် ငွေကြေးတွေဟာ ဘိုးတော် ဓာတ်လုံးတွေလိုပဲ တန်ဖိုးရှိ သယောင်ယောင်နဲ့ နှစ်ပြား မတန်တာတွေမို့ပါ။
လျှို့ဝှက် ငွေကြေး ဆက်စပ် သွယ်မှတ် စနစ် Blockchain နည်းပညာဟာ အဖိုးတန်ပါတယ်။ အဲဒီနည်းပညာဟာ အွန်လိုင်း ငွေကြေးပေးချေမှုတွေကို လုံခြုံစိတ်ချရအောင် လုပ်ပေးနိုင်တာမို့ အကျိုးရှိ တန်ဖိုးရှိပါတယ်။ ဒါပေမဲ့ နည်းပညာ တန်ဖိုးရှိတိုင်း ဒစ်ဂျစ်တယ် အကြွေစေ့တွေက တန်ဖိုးရှိလှတာတော့ မဟုတ်ပါဘူး။ ဥပမာ ပေးရရင် ကျားဘန်း ပရုတ်ဆီ ထုတ်လုပ်တဲ့ ဖော်မြူလာ နည်းပညာဟာ အဖိုးတန်ပါတယ်။ ဒေါ်လာ ကုဋေပေါင်းများစွာ တန်ပါတယ်။ ဒါပေမဲ့ ကျားဘန်းပရုတ်ဆီ တစ်ဘူးက ဘယ်လောက်မှ မတန်ပါဘူး။ ဒီနှစ်ခုကို ရောထွေးပြီး ပရုတ်ဆီဘူးကို ဒေါ်လာထောင်သောင်းချီပေးပြီးဝယ်ချင်နေရင် အဲဒါ ငပိန်းပဲပေါ့။
နောက်ပိုင်းမှာ နိုင်ငံတစ်ကာ ငွေပေးချေရာမှာသုံးဖို့ ဒေါ်လာ အစားထိုး ဒစ်ဂျစ်တယ် ငွေကြေးတွေ ပေါ်လာတော့မှာပါ။ အဲဒီ ငွေကြေးတွေရဲ့နောက်မှာ အပေါင်တင်ထားတဲ့ တစ်ကယ့် ငွေတွေ၊ စာချုပ်တွေ၊ အဖိုးတန် ပစ္စည်းတွေ အာမခံ ရှိနေရပါမယ်။ ဒါမှပဲ အဲဒီ ဒစ်ဂျစ်တယ် ငွေကြေးရဲ့ တန်ဖိုး အတက်အကျ မကြမ်းပဲ တည်ငြိမ်မှာပါ။ ခုလက်ရှိ ဒစ်ဂျစ်တယ် ကွိုင် အကြွေစေ့တွေကတော့ ဘိုးတော် ဓာတ်လုံးတွေပါ။ ဘိုးတော် ပိုးစုန်းကြူးက ထုတ်တဲ့ ဓာတ်လုံး၊ ဘိုးတော် မျောက်ကြီးကထုတ်တဲ့ ဓာတ်လုံး၊ ဘိုးတော် ဆင်ကြီးကထုတ်တဲ့ ဓာတ်လုံး စတဲ့ အလိမ် ဓာတ်လုံးတွေလိုပဲ ဒစ်ဂျစ်တယ် ငွေကြေးတွေ မှိုလိုပေါက်နေပါတယ်။
နိုင်ငံခြားမှာ ဘစ်ကွိုင်ကို ရင်းနှီးမြှုပ်နှံပြီး တစ်ကယ်ချမ်းသာသွားတဲ့သူတွေ ရှိတယ်လို့ စောဒက တက်ချင်သူတွေလည်း ရှိမှာပါ။ ဟုတ်ကဲ့ ရှိပါတယ်။ သူတို့တွေဟာ ဘိုးတော် ဓာတ်လုံးကို သိန်း ၂၀ နဲ့ ဝယ်ပြီး သိန်း ၈၀၀ နဲ့ ပြန်ရောင်းလိုက်တဲ့ သူတွေနဲ့ အတူတူပါပဲ။ အဆ ၄၀ မြတ်ပါတယ်။ ဒါပေမဲ့ သူတို့မြတ်တာ မသမာသူတွေ ဈေးကစားတာကို မျှောလိုက်ပြီး မြတ်တာပါ။ သူများတွေရဲ့ငွေတွေ ဘဝတွေကို စတေးပြီး မြတ်တာပါ။ ကိုယ့်ထက် ပိုပိန်းတဲ့သူတွေကို နှပ်ချပြီး မြတ်တာပါ။ သူတို့ကသာ အဆ ၄၀ မြတ်လို့ ပျော်နေတာ၊ ဟိုမှာ သိန်း ၈၀၀ နဲ့ ဝယ်ထားတဲ့ ဓာတ်လုံးကို ဝယ်မဲ့ သူဌေးပေါ်မလာလို့ ပိုက်ဘောမိပြီး တစ်ငိုငို တစ်ရယ်ရယ် ဖြစ်နေပြီ။ ပဋာမြေလူး ရူးတော့မယ်။
ဒစ်ဂျစ်တယ် ငွေကြေးတွေဟာ အရေအတွက် အကန့်အသက်ရှိလို့ နောက်ပိုင်း ဈေးတက်ဦးမှာဆိုပဲ။ ဘိုးတော် ဓာတ်လုံးလည်း ၉၉၉ လုံး ကန့်သတ် ထားတာလေ။
ကိုယ့်ကိုယ်ကို လည်လှပြီထင်လို့ ဒစ်ဂျစ်တယ် ငွေကြေးမှာ ငွေထည့်မယ်၊ မြတ်ရင် ရပ်မယ်ဆိုတဲ့ သူတွေကို ပြောချင်တာက နယူတန်တောင် ခံလိုက်ရတယ် ဆိုတာပါပဲ။ လည်လွန်းတဲ့ဘီး ချေးသင့်တတ်ပါတယ်။
ဒစ်ဂျစ်တယ် ငွေကြေးတွေရဲ့ ခေါင်းဆောင်ကြီး ဘစ်ကွိုင်ဟာ မသမာ ဈေးကစားသူတွေရဲ့လက်ချက်နဲ့ရော လောဘတက်နေတဲ့ လူတွေကြောင့်ပါ ဈေးက အတက်ကြမ်းအကျကြမ်းနေပါတယ်။
၂၀၁၇ နှစ်စ မှာ တစ်ခုကို ဒေါ်လာတစ်ထောင်တောင် မတန်ခဲ့တဲ့ ဘစ်ကွိုင် Bitcoin ဟာ ၂၀၁၇ နှစ်ကုန်ပိုင်း တစ်နှစ်အတွင်းမှာ ဒေါ်လာ နှစ်သောင်းနီးပါးထိ ဈေးတက်ခဲ့ပါတယ်။ (၂၀၀၉ ခုနှစ် စ ပေါ်တုန်းက ပြားဂဏန်းပဲ တန်ပါတယ်။) အဲဒီကနေ ပူဖောင်းပေါက်ပြီး ၂၀၁၈ အကုန်မှာ ဒေါ်လာ သုံးထောင်ကျော်ထိ ထိုးကျသွားရာကနေ ခုဆို ဒေါ်လာ ရှစ်ထောင်ဈေးလောက် ပြန်ပေါက်နေပါတယ်။ နောက်ကွယ်က လက်မည်းကြီးတွေ ရှိုနေပါတယ်။ အဲဒါကို သွားစမ်းမိတဲ့သူတွေ ခံရမှာ မြင်ယောင်ပါသေးတယ်။ မလုပ်ကြပါနဲ့။
ဒီလိုပြောတတ်လွန်းလို့ အချို့ကလည်း ကျွန်တော့်ကို အပြုသဘောမမြင်ပဲ အပျက်သဘောပဲမြင်တဲ့ အဆိုးမြင်ဝါဒီသမားလို့ ဝေဖန်ကြပါတယ်။ ကျွန်တော်က တစ်ဖက်သတ်ကြီး အဆိုးမြင်တာမဟုတ်ပဲ နှစ်ဖက်လုံးကို ခြုံငုံ ကြည့်လိုက်တော့ အကောင်းတွေထက် အဆိုးတွေ ပိုများနေတာတွေ့တဲ့အခါ ဝေဖန်ထောက်ပြတာပါ။ ကောင်းရင် ကောင်းတယ်လို့ ပြောမှာပါ။
ဪ မေ့နေလိုက်တာ။ ဘိုးတော် ပိုးစုန်းကြူး ကိစ္စ။ ဒီလိုနဲ့ နိုင်ငံခြားက သူဌေးက သုံးလလည်း ပေါ်မလာ၊ လေးလလည်း ပေါ်မလာဆိုတော့ ဝယ်ထားတဲ့သူတွေ စိုးရိမ်ပြီး ဘိုးတော်ဆီသွားကြပါတယ်။
ဝိုင်းရိုက်မလို့ လို့ထင်လို့လား။ မဟုတ်ဘူးဗျ။ အဟဲ။
အလိမ်ခံရတဲ့လူတွေခမြာ ခုချိန်ထိ ဘိုးတော်နဲ့ သူဌေးတွေ ပူးပေါင်းပြီး ကြံကြတယ်ဆိုတာ မရိပ်မိသေးဘူး။ ဘိုးတော်က ဓာတ်လုံးတွ အလကားပေးထားတာလေ။ ကြည်ညိုနေဆဲပေါ့။ "ဘိုးတော်ပိုးစုန်းကြူး" စာအောက်မှာ မှတ်ချက်လာရေးတဲ့ သူတွေလို ဗဟုသုတ မကြွယ်ကြဘူးလေ။
ဘိုးတော်ကို အပူကပ်တယ်။ ဘယ်လို လုပ်ရမလဲ ပေါ့။ ကူပါ ကယ်ပါ ပေါ့။ ဘိုးတော်က ဒီကိစ္စကို ရှန်ဂရီလာမှာ အထက်ပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်ဖို့ သွားရမယ်ဆိုပြီး ခရီးစရိတ် အလှူထပ်ခံပါသတဲ့။ သိန်း ၈၀၀ တောင်ရင်းထားပြီးပြီ။ နောက်ထပ် ၁၀ သိန်းလောက်ထပ်လှူရတာ ဘာ အရေးလဲပေါ့ ဆိုပြီး ထပ်လှုကြပြန်ရော။ ဘိုးတော်က နိုင်ငံခြားက ကြယ် ၅ ပွင့် ရှန်ဂရီလာ ဟော်တယ်မှာ နှပ်ပြီလေ။
ဘိုးတော်နဲ့ အပေါင်းအပါတွေ ရှန်ဂရီလာက အပြန်ကို ပြည်သူတွေ မျှော်ပေမဲ့ ပေါ်မလာ။ နောက်တော့ ရွှေထူးရဲ့"ပြန်မလာတာ လမ်းမသိလို့" ဆိုတဲ့ သီချင်းပေါ်လာရော။ ဘိုးတော် အဆင်ပြေပါစေလို့ ခုချိန်ထိ ဆုတောင်းပေးနေကြတဲ့သူတွေကလည်း ဒုနဲ့ဒေး။
နောက် သုံးလကျော် အကြာမှာတော့ မြန်မာနိုင်ငံ အနှံ့မှာ ဓားဒဏ်ရာ၊ သေနတ်ဒဏ်ရာတွေနဲ့ ဆေးရုံရောက်လာတဲ့သူတွေ များလာသတဲ့။ စုံစမ်းကြည့်တော့ ၉၉ ရက်ကြာ ၉ ပါး သီလ စောင့်ပြီး ဓာတ်လုံး စွမ်းမစွမ်းကို စမ်းကြည့်ကြတာဆိုပဲ။ တိန်။ အေးပါကွာ။ ယုံရက်လိုက်ကြတာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment