Sunday, November 1, 2020

ဘိုးတော် ပိုးစုန်းကြူး

*********************
ဘိုး​​တော် ပိုးစုန်းကြူး
*********************

ဘိုး​တော် ပိုးစုန်းကြူး ​ဆိုတာ နှယ်နှယ်ရရ ပုဂ္ဂိုလ်​တော့ မဟုတ်ပါဘူး။ ရှန်ဂရီလာမှာ ဂန္ဓာရီ ခရီးထွက်​ခဲ့တာ ၁၈ နှစ်ကြာခဲ့တယ် ဆိုပဲ။

ခု ​မြန်မာနိုင်​ငံကို ​ပြန်​ရောက်လို့ လူ​တွေကို ကယ်မ​​တော့မှာ တဲ့။

ဘိုး​တော်မှာ ​အထူးစီရင်ထားတဲ့ ဓာတ်လုံး​ ၉၉၉ လုံး ပါလာသတဲ့။ ၉၉ ရက်​ ဆက်​တိုက် ၉ ပါးသီလ မြဲတဲ့သူ အဲဒီ ဓာတ်လုံး​ကို အာ​ခံတွင်းမှာ ​ငုံထားလိုက်ရင် သေနတ်နဲ့ ပစ်ရင်​ မ​သေဘူး၊ ဓားနဲ့ထိုးရင် မ​သေဘူး၊ ​ရောဂါ​မှန်သမျှ ​အရှင်း ​ပျောက်သတဲ့။ ​အထက်​ ပုဂ္ဂိုလ်​တွေရဲ့ ​အမိန့်​အရ ဓာတ်လုံး​​ပေါင်း ၉၉၉ လုံးထက်​ ပို စီရင်လို့ မရလို့ ၉၉၉ လုံးပဲ လုပ်လာတာတဲ့။

ဓာတ်လုံး​တွေ စွမ်းမစွမ်း​တော့ စမ်း​မကြည့်ရ​သေးပါဘူး။ ၉၉  ရက်​ ဆက်​တိုက် ၉ ပါးသီလ မြဲတဲ့သူ ရှာ မ​တွေ့သေးလို့​။ သီလမြဲတယ်လို့ ထင်ရတဲ့ သူ​တွေကလည်း ​​အလကား​နေရင်း အစမ်းမ​ခံကြဘူး။ ဒါ​ပေမဲ့ ကိစ္စ​တော့ မရှိပါဘူး။ လိုအပ်မှ ၉၉ ရက်​ ဆက်​တိုက် သီလ​​စောင့်လို့ရတယ်​​လေ။ ဘိုး​တော် ပိုးစုန်းကြူးကလည်း သူ့ဥပဓိရုပ်နဲ့ မလိမ်​လောက်ပါဘူး။ ယုံရပါတယ်။

​နောက်ပြီး ဘိုး​တော်က ဓာတ်လုံး​တွေကို ​​ရောင်းစားတာမှ မဟုတ်တာ။ ပဌာန်းဆက်​ပါတဲ့သူ​တွေကို ​အလကား ​ပေး​နေတာ​လေ။ လူ​တွေ ​ရှေ့မှာတင် ​​ဝေပေး​နေတာ။ ရတဲ့သူ​တွေလည်း ပြုံး​ပျော်လို့​ပေါ့။

သိပ်မကြာဘူး။ ဘိုး​တော်ရဲ့ဓာတ်လုံး​တွေကို လိုက်ဝယ်​နေတဲ့ သူဌေးတစ်​ယောက်​ပေါ်လာတယ်။ ဓာတ်လုံးတစ်လုံးကို ၅ သိန်း​ပေးဝယ်တယ်။ ​အများစုက သူ့ကို​​ရောင်းလိုက်တယ် ကြားတာပဲ။ ​အချို့က​တော့ ၅ သိန်း နည်းတယ်ဆိုပြီး​ မ​​ရောင်းပဲ ဥထားကြတယ်။

ရက်​​အနည်းငယ်မှာ နောက် သူ​ဌေးတစ်​ယောက်​ ထပ်ပေါ်လာ​ပြန်တယ်။ ဓာတ်လုံး တစ်လုံးကို ၁၀ သိန်း ​ပေးမယ်တဲ့။ ၅ သိန်း နည်းလို့ ​​စောင့်​နေတဲ့သူ ​အများစု ​​ရောင်းလိုက်ကြ​ပြန်တယ်။

မကြာခင် ​နောက် သူ​ဌေး တစ်​ယောက် ထပ်​ပေါ်လာ​ပါတယ်။ (များလိုက်တဲ့ သူ​ဌေး​တွေ။)

သူက "နိုင်​ငံခြားမှာ ​အသက်​ ​အန္တရာယ် လုံခြုံ​ရေး ​အတွက်​​ရော၊ ​ရောဂါ ကုဖို့ ​အတွက်​ပါ ဒီလို  ဓာတ်လုံး​တွေကို လိုချင်​နေတဲ့ သန်းကြွယ်သူ​ဌေး​တွေ ​အများကြီး ရှိ​နေတယ်။ ကြိုက်​ဈေး​ပေးမယ်။ ဓာတ်လုံး တစ်လုံးကို သိန်း ၁၀၀၀ ထိ​ပေးနိုင်တယ်။ ရှာ​ပေးထားကြပါ" ဆိုပြီး နီးစပ်ရာလူ​တွေကို မှာခဲ့ပါ သတဲ့။ ​ခု​တော့ နိုင်​ငံခြားမှာ ​ငွေသွားယူရဦးမှာ မို့ ​နောက် ၃ လကြာမှ ​မြန်မာနိုင်​ငံကို ​ပြန်လာခဲ့မယ်လို့ ​ပြောထားခဲ့တယ်။

ဒီကိစ္စကို သိတဲ့ လူတစ်စုက သိုသိုသိပ်သိပ်နဲ့ ဓာတ်လုံး​တွေ လိုက်ဝယ်ကြပါတယ်။ သိန်း ၂၀ ​ပေးပါ့မယ်၊ သိန်း ၃၀ ​ပေးပါ့မယ် ​ပေါ့။ သိတဲ့ ​အတိုင်း လျှို့ဝှက်ထား​လေ လူပိုသိ​လေဆို​တော့ ဓာတ်လုံး​တွေရဲ့ ​တန်ဖိုးကို ​အခြားလူ​တွေပါ ရိပ်မိလာကြပြီး သူတို့လည်း နီးစပ်ရာက​နေ လိုက်ရှာဝယ်ကြဖို့ ကြိုးစားပါ​တော့တယ်။

ဓာတ်လုံး​တစ်လုံး သိန်း ၃၀ ​ပေါက်ရာက​နေ သိန်း ၄၀ ဖြစ်လာတယ်။ သိန်း ၄၀ က​​နေ သိန်း ၅၀ ဖြစ်လာတယ်။ ​အတု​တော့ လုပ်လို့မရပါဘူး။ ဘိုး​တော်ပိုးစုန်းကြူးရဲ့ ဓာတ်လုံး​တွေမှာ ​တော်ရုံလူ​တွေ ​အတုလုပ်လို့မရ​အောင် ဓာတ်​​​တန်ခိုးနဲ့ စီရင်ထားတဲ့ ​အမှတ်​အသား​တွေပါသတဲ့။ ​မှန်ဘီလူးနဲ့ ​သေချာစစ်ကြည့်ရင် မြင်ရတယ်။ ဘိုး​တော်ရဲ့ ​နောက်လိုက်​တွေကို ​ဓာတ်လုံး​အစစ် ဟုတ်မဟုတ် ​ငွေနည်းနည်းပါးပါ​ပေးပြီး​တော့ စစ်ခိုင်းလို့လည်း ရတယ်​လေ။

ဒီလိုနဲ့  ဓာတ်လုံးကို လူ​တွေ ​တော်​တော် စိတ်ဝင်စားလာကြပြီ။ ချက်​ချင်းဝယ် ချက်​ချင်း​​ရောင်း ချက်​ချင်းမြတ်​နေတဲ့ ဓာတ်လုံး​တွေ​လေ။ ခုပဲ သိန်း ၅၀ နဲ့ဝယ်၊ သိန်း ၆၀ နဲ့ ​​ရောင်းမယ်လို့ သာ သတင်း လွှင့်လိုက်၊ ဝယ်မယ့်လူ ​ပေါ်လာတာပဲ။ ​ဈေး​တွေကလည်း တစ်​ဖြည်း​ဖြည်း ပိုတက်​လာပြီ။ ဓာတ်လုံးကို မယုံတဲ့သူ​တွေလည်း ပါလာကြပြီ။ ဓာတ်လုံး တစ်ကယ် ​အစွမ်းရှိတာမရှိတာ ​အ​ရေးမကြီး​တော့ဘူး။ ​လော​လောဆယ် သူတို့​ရှေ့မှာ ​ငွေ လွယ်လွယ်နဲ့ မြတ်သွားတဲ့သူ​တွေ ရှိ​နေတယ်​လေ။

​​ငွေမတတ်နိုင်တဲ့သူ​တွေကလည်း ​အဖွဲ့လိုက် ​​ပေါင်းပြီး ဝယ်ကြတယ်။ တစ်​ယောက် ၁၀ သိန်း ၁၀ ​ယောက်စု။ ဓာတ်လုံး တစ်လုံး သိန်း ၁၀၀ နဲ့ဝယ်။ ​နောက်​နေ့ သိန်း ၂၀၀ နဲ့ ​ပြန်​​ရောင်း။ တစ်ရက်​ထဲနဲ့ တစ်​ယောက် ၁၀ သိန်းမြတ်သွားပြီ​။ ဘိုး​တော် ​တန်ခိုးနဲ့ ​ငွေရှာရတာ ​အရမ်းလွယ်တာ​ပေါ့။ ​

အချို ့ကလည်း သိန်း ၁၀၀ နဲ့ ဝယ်ပြီး သိန်း ၅၀၀ ထိ ​ဈေးတက်​မှ ​ပြန်​​ရောင်းတယ်။ ၅ ဆမြတ်တာ​ပေါ့။

ဒီလိုနဲ့ ဓာတ်လုံး​ဈေးဟာ တစ်လုံး သိန်း ၈၀၀ ​လောက်ထိ ​ပေါက်လာပါ​တော့တယ်။ ဒီ​အချိန်မှာ ၃ လလည်း ​ပြည့်​တော့မှာမို့ ဝယ်ထားတဲ့သူ​တွေက ​ပြန်မ​​ရောင်း​တော့ပါဘူး။ ဟိုသူ​ဌေး​ပြန်​ရောက်လာရင် သိန်း ၁၀၀၀ နဲ့ ​​ရောင်းမှာ​လေ။ သိန်း ၈၀၀ ရင်းပြီး ရက်​ပိုင်း ​အတွင်းမှာ သိန်း ၁၀၀၀ ​ပြန်ရမှာဆို​တော့ မဆိုးလှပါဘူး။

ခုချိန်မှာ​တော့ သိန်း ၁၀၀၀ နဲ့ဝယ်မယ့် သူ​ဌေး​အ​​ကြောင်း လူ​တွေ ​အားလုံးလိုလို သိ​နေကြပြီ။ ​ဈေး​တော်​တော်နဲ့ ​ပြန်​​ရောင်းလိုက်မိတဲ့သူ​တွေက​တော့ မချိတင်ကဲ ​တောက်တစ်​ခေါက်​ခေါက် ​ပေါ့။ ​​ဈေး​တော်တုန်းက ​ပေါ​ပေါနဲ့ဝယ်ထားပြီး မ​​ရောင်းပဲ သိန်း ၈၀၀ ​လောက်​​ဈေးရမှ ထုတ်​​ရောင်းသူ​တွေလည်း ရှိပါရဲ့။ သူ​ဌေးဖြစ်သွားတယ် ​ပေါ့။

ခုချိန်မှာ ဓာတ်လုံး ဝယ်ဥထားတဲ့သူ​တွေက ဘယ်သူ​တွေလဲဆို​တော့ ​အပိုင်ပဲဆိုပြီး တစ်သက်​လုံး စုထားတဲ့ ​ငွေ​တွေကို ​ဘဏ်က ထုတ်ပြီး ဝယ်ထားတဲ့သူ၊ ရှိတဲ့ အိမ်​ခြံ​တွေ ​​ပေါင်ပြီး ဝယ်ထားတဲ့သူ၊ ​ချေးငှားပြီး စု​​ပေါင်းဝယ်ထားတဲ့သူ စုံ​နေတာပါပဲ။ ​အများစုက​တော့ ​ငွေ​ ​ချမ်းသာ​နေကြလို့ မဟုတ်ပဲ ​အမြတ်ရချင် ​ဇောနဲ့ နီးစပ်ရာလူ​တွေ ​​ပေါင်းပြီး စုထားတာ​လေး​တွေကို ပုံ​အောပြီး ဝယ်ထားကြတာပါ။ သိန်း ၈၀၀ ​တန် ဓာတ်လုံး ၉၉၉ လုံးဆို​တော့ သိန်း​​ပေါင်း ၈ သိန်း​လောက် ရင်းနှီးမြှုပ်​နှံထားကြတာ​ပေါ့။

ဒီလိုနဲ့ ၃ လ​ကျော် ကြာ​တော့ နိုင်​ငံခြား ထွက်​သွားတဲ့ သူ​ဌေးကြီး ​မြန်မာပြည်​ပြန်လာဖို့ ​အချိန်​တန်ပါပြီ။

ဒါနဲ့ ...

ကဲ ဒီတစ်ခါ​တော့ စာဖတ်ပရိသတ်ကြီးလည်း ​​အ​တော် နပ်​နေကြပြီ ထင်ပါတယ်။ ဘာဆက်​ဖြစ်မယ်ထင်လဲ ဆိုတာ မှတ်ချက်​မှာ ​ရေး​ပေးခဲ့ပါဦး​ ခင်ဗျာ။ မနက်​​ဖြန်မှာ ဘိုး​တော် ဇာတ်လမ်း ​အဆုံးသတ်ပါမယ်။

ဆက်​လက်​၍ ဖတ်​ရန် 
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment