သင်္ချာပညာရှင်၊ ရူပဗေဒပညာရှင် နယူတန်ကိုတော့ လူတိုင်းနီးပါး သိကြမှာပါ။
"သက်ရောက်မှုတိုင်းမှာ တန်ပြန် သက်ရောက်မှု ရှိတယ်" ဆိုတဲ့ နယူတန် နိယာမကို ကြားဖူးကြသလို ပန်းသီးကြွေကျတာကို ကောက်မစားပဲ အတွေးနယ်ချဲ့ရာကနေ ကမ္ဘာ့ဆွဲငင်အား နိယာမကို တွေ့ရှိခဲ့တယ်လို့လည်း အဆိုရှိပါတယ်။
နယူတန်ဟာ ဉာဏ်ပညာ ထက်မြတ်တဲ့ ပါရမီရှင်ဆိုတာ ငြင်းမရပါဘူး။ ဒီလောက်တော်တဲ့ နယူတန်တောင် လောဘကြောင့် အလိမ်ခံရတယ် ရှိသမျှ ငွေတွေ ဆုံးရှုံးခဲ့ရတယ်ဆို အံ့ဩကြမယ်ထင်ပါတယ်။
တောင်ပင်လယ် ကုမ္ပဏီ (South Sea Company) ဆိုတာက တောင်အမေရိကတိုက်ရဲ့ စပိန်ကိုလိုနီ ဒေသတွေနဲ့ ကူးသန်းရောင်းဝယ်ခွင့်ကို အင်္ဂလိပ် အစိုးရဆီကနေ တစ်ဦးတည်း လိုင်စင်ရထားတဲ့ အင်္ဂလိပ် ကုမ္ပဏီပါ။ ၁၇၁၁ ခုနှစ်မှာ ကုမ္ပဏီထောင်တာဆိုတော့ အဲဒီအချိန် မြန်မာပြည်မှာ ဘိုးတော်ဘုရားလည်း လေးဘက် မထောက်သေးဘူး။ ဘိုးတော်ဘုရားရဲ့ ခမည်းတော် အလောင်းဘုရားကိုတောင် မွေးဖို့ ၃ နှစ်လိုပါသေးတယ်။
အကျဉ်းချုပ်ပြောရရင် ကုမ္ပဏီက လိမ်တယ်ပဲ ဆိုရမှာပါ။ ချက်ချင်းမလိမ်ဘူးနော်။ ၉ နှစ်အကြာ ၁၇၂၀ ခုနှစ် မှလိမ်တာ။ အမြတ်မရှိတာကို အမြတ်တွေ ဒလဟောရနေသလိုလို ရတော့မှာလိုလို သတင်းသဲ့သဲ့ လွှင့်တယ်။ အဲဒါကို လူတွေကလည်း ယုံကြတယ်။ ခုခေတ် မြန်မာပြည်မှာ တစ်လ ၂၀% အမြတ်ရနေတယ်လို့ ပြောတဲ့ ကုမ္ပဏီကို ယုံကြသလိုပေါ့။
ဒီလိုနဲ့ ကုမ္ပဏီရဲ့ စတော့ရှယ်ယာ လက်မှတ်ဈေးတွေ တစ်ရိပ်ရိပ်တက်လာပါတော့တယ်။ ရှယ်ယာ လက်မှတ်တစ်စောင်ကို ပေါင်တစ်ရာကျော်လောက်
တန်ရာကနေ ဒီလိုသတင်းတွေ ထွက်လာပြီးနောက်ပိုင်း ဈေးတွေ တစ်ဟုန်ထိုး တက်လာပါတော့တယ်။
ပေါင်တစ်ရာကနေ နှစ်ရာ၊ နှစ်ရာကနေ သုံးရာ။ ဈေးတက်လေလေ ရောင်းတဲ့သူတွေက ဈေးတင်ရောင်းလေလေ၊ ဝယ်တဲ့သူတွေကလည်း နောက်ပိုင်း ဈေးတက်မယ် ထင်လို့ ဈေးကြီးပေးပြီး ဝယ်လေလေ ဖြစ်ပါတယ်။ ချက်ချင်းဝယ် ချက်ချင်းရောင်း ချက်ချင်းမြတ်နေတာလေ။ ပျော်စရာကြီးပေါ့။
လက်မှတ်တစ်စောင်ကို ခုပဲ ၃၀၀ နဲ့ဝယ်လိုက်တယ်။ သိပ်မကြာဘူး ၃၅၀ နဲ့ ဝယ်ချင်တဲ့သူက ပေါ်လာတယ်။ ၃၅၀ နဲ့ဝယ်ထားပြီး ၄၀၀ နဲ့ ပြန်ရောင်းတယ်။ ဝယ်မယ့်သူက အဆင်သင့်။ ဝယ်ပြီးရင် ၄၅၀ နဲ့ ပြန်ရောင်းမလို့လေ။ ပျော်စရာကြီးနော်။ မကြာသေးမီက မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ အိမ်ခြံမြေဈေးကွက်၊ ကားဈေးကွက်၊ ပဲဈေးကွက်တွေလိုပေါ့။ ဈေးကစားတဲ့သူတွေ နဲ့ ချက်ချင်းဝယ် ချက်ချင်းမြတ်။
ဉာဏ်ကြီးရှင် နယူတန်ဟာ လက်မှတ်တွေကို ၁၅၀ လောက်နဲ့ဝယ်ပြီး မကြာခင်မှာပဲ ၃၀၀ လောက် နဲ့ ပြန်ရောင်းလို့ အမြတ် ၂ ဆရပါသတဲ့။ အဲဒီနောက် အနိုင်နဲ့ပိုင်းပြီး ဘေးကနေပဲ ကြည့်နေတော့ပါ သတဲ့။ ဒီလောက်မြန်မြန် ဈေးတက်နေတာ ပူဖောင်းပေါက်တော့မယ် ဆိုပြီးတော့ပါ။ ဒီဘက် ခေတ်ကာလ တန်ဖိုးနဲ့တွက်ရင် ဒေါ်လာ တစ်သန်းဖိုးလောက်မြတ်သွားပါ သတဲ့။ "တယ်တော်နဲ့ ငါလေးပါလား" ဆိုပြီး ပျော်နေတာပေါ့။
ဒါနဲ့ စောင့်ကြည့်နေတုန်း ဈေးကပိုတက်လာပါ သတဲ့။ လက်မှတ်ဈေး ၆၀၀ ကျော် ၇၀၀ ဖြစ်လာတော့ သူ့ဘေးက သူ့လောက်မှ ဉာဏ်မကောင်းတဲ့ သူ့သူငယ်ချင်းတွေ တောင်ပင်လယ် လက်မှတ်တွေ ဝယ်ရောင်းလုပ်ပြီး သူ့ထက် ပိုချမ်းသာသွားကြပါလေရော။
ဒါနဲ့ သူလည်း မနာလိုစိတ်၊ မခံချင်စိတ်၊ လောဘတွေ နဲ့ ဈေးကွက်ထဲ ပြန်ဝင်ပါတယ်။ ဒီတစ်ခါတော့ ရှိသမျှ စည်းစိမ် အကုန်အောပစ်တာ တဲ့။ ဒီဘက် ခေတ်ကာလ တန်ဖိုးနဲ့တွက်ရင် ဒေါ်လာ သုံးသန်းဖိုးလောက်ပေါ့။
ဈေးကလည်း ဆက်တက်ပါတယ်။ လက်မှတ်တစ်စောင်ကို ပေါင်တစ်ထောင် ကျော်ထိ ဖြစ်သွားပါတယ်။ နယူတန် ပျော်ပြီလေ။ ဒီအချိန်သာ ပြန်ရောင်းလိုက်ရင် မြတ်မှာပေါ့။ ဒါပေမဲ့ ဈေး ဆက်တက်ဦးမယ်ထင်နေတဲ့ လူ့လောဘက ကိုယ်တို့နိုင်ငံက လူတွေနဲ့ တူတူပါပဲ။ မရောင်းရက်ဘူး။ ဥထားဦးမယ် ပေါ့။
သိပ်မကြာပါဘူး။ ပူဖောင်းပေါက်ချိန် ရောက်လာပါပြီ။ အမြတ်ကို ထည်ထည်ရာရာ မပြနိုင်တဲ့ ကုမ္ပဏီကို နောက်ဆုံးမှာ သေချာစုံစမ်းစစ်ဆေးကြည့်တော့ အလိမ်တွေ ပေါ်ပြီး ရှယ်ယာဈေးတွေထိုးကျပါတော့တယ်။ ပူဖောင်းပေါက်တာပေါ့။ တစ်ရာတောင် မတန်တဲ့ ကုမ္ပဏီ ရှယ်ယာလက်မှတ်ကို လောဘဇောနဲ့ ဈေးကြီးပေးပြီး ဝယ်ထားတဲ့သူတွေ ဘဝပျက်ပြီပေါ့။
အဲဒီ အထဲမှာ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကြီး နယူတန်လည်း အပါအဝင်ပေါ့။
လောဘကြီးရင် ခံရတတ်တယ်ဆိုတာ နယူတန်က သက်သေပြသွားခဲ့ပါပြီ။ ကိုယ့်ကိုယ်ကို လည်လှပြီ မထင်ပါနဲ့။ ပါရမီရှင် ဉာဏ်ကြီးရှင် နယူတန်တောင် ခံရသေးတာ ကျွန်တော်တို့လို ဦးနှောက်သေးသေးလေးနဲ့ လူတွေ ပိုလို့တောင် သတိထားရဦးမှာပါ။
ဒစ်ဂျစ်တယ် ငွေကြေး၊ လျှို့ဝှက် ငွေကြေး Cryptocurrency တွေလည်း ဒီသဘောနဲ့ ဈေးတက်နေခဲ့တာပါ။ ၂၀၁၇ နှစ်စ မှာ တစ်ခုကို ဒေါ်လာတစ်ထောင်တောင် မတန်ခဲ့တဲ့ ဘစ်ကွိုင် Bitcoin ဟာ ၂၀၁၇ နှစ်ကုန်ပိုင်း တစ်နှစ်အတွင်းမှာ ဒေါ်လာ နှစ်သောင်းနီးပါးတန်ခဲ့ပါတယ်။ အဲဒီကနေ ပူဖောင်းပေါက်ပြီး ၂၀၁၈ အကုန်မှာ ဒေါ်လာ သုံးထောင်ကျော်ထိ ထိုးကျသွားရာကနေ ခုဆို ဒေါ်လာ ကိုးထောင်ဈေးလောက် ပြန်ပေါက်နေပါတယ်။
ပိန်းတဲ့သူတွေ လောဘကြီးတဲ့သူတွေ ခံခဲ့ရပြီးပါပြီ။ အမှတ်မရှိပဲ ပြန်ဝင်ဖို့ကြိုးစားသူတွေ ရှိနေပါတယ်။ ခံကြရဦးမှာပါ။ နယူတန်ကို သတိရပါ။
ဒီလောက်ပြောနေတာကို ဂရုမစိုက်ပဲ လောဘကြီးမိ ယုံလွယ်မိရင် ခံကြရဦးမှာနော်။ ဖြစ်မှ လာငိုပြရင်တော့ ကျွန်တော်ကလည်း "ဟုတ်ကဲ့ပါ တရားနဲ့သာဖြေပါ" လို့ပဲ ပြောရုံကျန်တော့တာပေါ့။ လောဘကိုတောင် မထိန်းနိုင်သေးတာ တရားနဲ့ ဖြေဖို့ဆိုတာ ဝေလာဝေးများ ဖြစ်နေမလားပေါ့။ ဟုတ်ကဲ့။ တရားနဲ့သာ ဖြေပါ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment